Friday, July 29, 2011

ဧရာဝတီမြစ်ကို ထိခိုက်စေသော လုပ်ငန်းမှန်သမျှ တားဆီးပေးရန်လိုပြီ

ဧရာဝတီမြစ်ရေ လျော့နည်းချိန်တွင် အချို့နေရာများ၌ လမ်းလျှောက်ဖြတ်ကူးနိုင်သည်အထိ ဖြစ်နေသောကြောင့် ၄င်းကိုထိခိုက်စေသော လုပ်ငန်းမှန်သမျှကို တားဆီးပေးရန် လိုအပ်နေပြီဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တို့ကဆိုသည်။ ဧရာဝတီမြစ်၏ ရေဝေရေလဲ ဒေသများတွင် အဆမတန်သစ်ခုတ်လှဲမှုများ၊ ရွှေအပါအဝင် ဓါတ်သတ္တုများ အလွန်အကျွံ တူးဖော်ခြင်းများကြောင့် အဓိကတိမ်ကောလာခြင်းဖြစ်ပြီး မြစ်ထဲတွင် သောင်များ ဖြစ်ထွန်းလာမှုနှင့်အတူ ရေကြောင်းများပြောင်းလဲလာခြင်း၊ ရေကြောင်းပြောင်းလဲမှု ပိုမိုခက်ခဲလာခြင်းနှင့် အချိန်အခါမဟုတ် ရေကြီးခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ နွေရာသီဆိုရင် စစ်ကိုင်းရဲ့တချို့နေရာတွေမှာ ဧရာဝတီမြစ်ရဲ့ ဟိုဘက်ကမ်း သည်ဘက်ကမ်း ခြေလျှင်ဖြတ်ကူးလို့ရနေပြီ။ ရေက ဒူးဆစ်လောက်ပဲရှိမယ်။ နောက်ပြီး စစ်ကိုင်းဝန်းကျင်မှာ ဧရာဝတီမြစ်ရေက အရမ်းနည်းနေတဲ့အတွက် စစ်ကိုင်းမြို့အတွက် ရေပေးဝေရေးကိုလည်း ထိခိုက်စေတယ် ဟု FREDA အသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောသည်။ ယခုဧရာဝတီသည် ယခင်ကဧရာဝတီနှင့် လုံးဝ ကွဲပြားခြားနားသွားပြီဖြစ်ကြောင်း ဗေဒသဘော၊ လူမှုစီးပွားရေး၊ ရေအရင်းအမြစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကူးသန်းသွားလာရေးတို့အပြင် သမိုင်းယဉ်ကျေးမှုအမြင်တွင်လည်း လှပပျိုမျစ်စွာ စီးဆင်းနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေကြောင့် ရေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတယ်။ ဘာပဲလုပ်လုပ်ပေါ့။ ပညာရှင်တွေနဲ့တိုင်ပင်ပြီး ဧရာဝတီကို အန္တရာယ်ပေးနိုင်တဲ့ဟာမျိုးဆိုရင် မလုပ်ကြပါနဲ့လို့ပဲ ပြောချင်ပါတယ် ဟု မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောပြခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.