Thursday, July 28, 2011

ခရီးသွားလုပ်ငန်း တိုးတက်မှု၏ အဓိကအဟန့်အတားမှာ ငွေကြေးလဲလှယ်နှုန်း မတည်ငြိမ်မှုဖြစ်နေ

မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် တိုးတက်ဖွံ့ဖြိုးမှုကို အဓိကအဟန့်အတားဖြစ်စေသည်မှာ ငွေကြေးလဲလှယ်နှုန်း မတည်ငြိမ်ခြင်း ဖြစ်နေကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ၏ ပြောကြားချက်များအရ သိရှိရသည်။ မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားများ ၀င်ရောက်မှုသည် နှစ်နှစ်ဝန်းကျင် ကျဆင်းခဲ့ပြီးနောက် ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ တိုးတက်သောအနေအထားသို့ ဦးတည်လာခဲ့သည်ဟု သိရှိရသည်။ ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင်မူ ပိုမိုတိုးတက်သော အနေအထားများကို ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ ကြုံတွေ့လာခဲ့ရပြီး ၂၀၁၁ ခုနှစ်၌လည်း တိုးတက်မှုရှိနေကာ ယခုထက် ပို၍ဖွံ့ဖြိုးလာရန်မှာမူ အဟန့်အတားအချို့ရှိနေသည်ဟု ဆိုကြပါသည်။ “အဓိက အဟန့်အတားကတော့ ငွေကြေးလဲလှယ်နှုန်း မတည်ငြိမ်တာပါပဲ။ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ကျပ် ၁၀၀၀ လောက်တုန်းက ခရီးသွား ကားငှားခက ကျပ် ၁၀ သိန်း ရှင်းရတယ် ဆိုပါစို့။ ကားခ ၁၀ သိန်းကျတာကို ရှင်းဖို့ ဒေါ်လာ ၈၀၀ လောက်လဲရတယ်။ အခုကတော့ ဒေါ်လာ ၁၀၀၀ လဲမှ ငွေရှစ်သိန်း လောက်ရတာ။ ဧည့်သည်ဘက်မှာ စရိတ်က ၂၀ ရာခိုင်နှုန်းလောက် ပိုနေတယ်” ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံ၏ ခရီးသွားဒေသများတွင် ကားငှားခများ မြင့်တက်လာခြင်း၊ ဟိုတယ်အခန်းခများ မြင့်တက်လာခြင်း၊ စားသောက်စရိတ်များ မြင့်တက်လာခြင်း စသည်တို့ကြောင့် ခရီးစဉ်ဈေးနှုန်းများသည် ယခင်နှင့် ခန့်မှန်းခြေ ၅၀ ရာခိုင်နှုန်းဝန်းကျင် ကွာခြားမှု ရှိလာခဲ့သည်ဟု ခရီးသွားလုပ်ငန်းရှင်အချို့ထံမှ သိရှိရသည်။ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွား ဧည့်သည်များအား ခရီးစဉ်များကို အနည်းဆုံး ခြောက်လ၀န်းကျင် ကြိုတင်ရောင်းချခြင်းဖြစ်၍ သတ်မှတ်ရောင်းချပြီးသား ဈေးနှုန်းများကို အပြောင်းအလဲလုပ်ရန် ခက်ခဲကြောင်း၊ စတင်ရောင်းချစဉ် အချိန်က ငွေလဲနှုန်းနှင့် ခရီးသွားလာရောက်မည့်အချိန် ငွေလဲနှုန်း ကွာခြားနေပါက လုပ်ငန်းရှင်များဘက်တွင် အရှုံးပေါ်မှုများလည်း ရှိနေကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.