Tuesday, July 12, 2011

ထိုင်းနိုင်ငံ Hat Yai သို့ အလည်ခရီး (Visit to Hat Yai)

Hat Yai, Thailand

လွန်ခဲ့တဲ့ ၂၀၀၉ခုနှစ် နိုဝင်ဘာလ ထဲမှာ ထိုင်းနိုင်ငံ Hat Yai နယ်စပ်မြို့ကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။ အဲဒီ့ခရီးစဉ်ဟာ ကျွန်တော့်ရဲ့ ပထမဆုံးသော ထိုင်းနိုင်ငံ အလည်အပါတ်အတွေ့အကြုံပါ။ ဒီခရီးကို သွားဖို့စီစဉ်ထားတာကြာပြီ။ ဒါပေမယ့်လဲ အနားနီးတော့မှ ဗီဇာလျှောက်ဖြစ်ပါတယ်။ ကျွန်တော် ထိုင်းဗီဇာလျှောက်တဲ့အခါ ဗီဇာကင်းလွတ်ခွင့်ပြုထားတဲ့အတွက် ဗီဇာခကတော့ တစ်ပြားမှ မကုန်ကျပါဘူး။ ဗီဇာလျှောက်တဲ့အခါမှာလည်း တစ်ရက်သာ စောင့်ရပါတယ်။ ဗီဇာရပြီး နောက်တစ်နေ့မှာပဲ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး ရုံးကအဖွဲ့တွေနဲ့ ၂၇ရက်နေ့ ၁၁လပိုင်း ၂၀၀၉ခုနှစ် သောကြာနေ့ နံနက်စောစော 4:30AM မှာ ကွာလာလမ်ပူ LCC T Terminal လေဆိပ်ကို ထွက်လာဖြစ်ခဲ့တယ်။

LCCT လေဆိပ်ကိုရောက်တော့ KFC ဆိုင်မှာနံနက်စာ စားလိုက်ပြီး။ နံနက် ၇နာရီ ၄၅မိနစ် မှာထွက်မယ့် Air Asia နဲ့ မလေးရှားနယ်စပ်မြို့ဖြစ်တဲ့ Alor Setar မြို့ကို သွားပါသည်။ Alor Stear မြို့ကတော့ မလေးရှားနိုင်ငံထဲမှာရှိပြီး ယိုးဒယားနှင့် နယ်နိမိတ်ချင်း နီးစပ်ပါတယ်။ ဒါကြောင့် Alor Stear ကနေမှတဆင့် ယိုးဒယားနယ်စပ်ကိုဖြတ်ပြီး Hat Yai ကိုသွားဖို့ စီစဉ်လိုက်တာပါ။ ကွာလာလမ်ပူကနေပြီး 45 မိနစ်လောက်ကြာတဲ့အခါမှာတော့ Alor Stear မြို့ရှိ Sultan Abdul Halim Airport လေဆိပ်ကို ရောက်လာပါတယ်။ ရုံးကအစ်မတွေ အိတ်တွေရွေးပြီး လေဆိပ်အပြင်ကိုထွက်တဲ့အခါမှာတော့ ယိုးဒယား Immigration ကိုသွားမယ့် Taxi လိုက်ရှာကြပါတယ်။ ကံဆိုးချင်တော့ ကျွန်တော်တို့သွားတဲ့ရက်က Public Holiday ဖြစ်နေတဲ့အတွက် လေဆိပ်မှာ Taxi တစ်စီးမှရှိမနေပါဘူး။ Service ကောင်တာတွေကလဲ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့အပြင် တခြားအဖွဲ့တွေပါ အခက်ကြုံနေကြရတော့တယ်။ အဖွဲ့ထဲကမှ အန်တီကြီးကလဲ သူ့အသိတွေဆီ ဖုန်းတွေဆက်တော့လဲ အဆင်မပြေပါဘူး။ လေဆိပ်မှာ ၁နာရီလောက် စောင့်ပြီးမှ လေဆိပ်ထဲလာတဲ့ Taxi တစ်စီးရပါတယ်။ ကျွန်တော်တို့အဖွဲ့က ကျွန်တော်အပါအဝင် ခုနှစ်ယောက်အပြင် တခြားအဖွဲ့ကသုံးယောက်မို့ Taxi သမားက ကားကြီးတစ်စီးခေါ်ပေးလို့ အဆင်ပြေသွားပါတော့တယ်။
Hat Yai မြို့လယ် တစ်နေရာ
Sultan Abdul Halim Airport လေဆိပ်ကနေပြီး နာရီဝက်လောက် မောင်းတဲ့အခါမှာတော့ နယ်စပ်က မလေးရှား Immigration ဘက်ကိုရောက်လာပါတော့တယ်။ ဒီကြားထဲ ကားတွေပိတ်နေလို့ အတော်ကြာကြာ စောင့်နေရပါသေးတယ်။ အနားနီးမှပဲ လမ်းဆင်းလျှောက်ပြီး ပတ်စ်ပို့ အထွက်တုံးထုဖို့ တန်းဆီလိုက်တော့တယ်။ တန်းဆီနေတဲ့ လူတန်းကတော့ အတော်ရှည်ပါတယ်။ ဒါပေမယ့် မြန်ပါတယ်။ ပတ်စ်ပို့ အထွက်တုံး ထုပြီးတဲ့အချိန်မှာတော့ နံနက် ၁၁နာရီခွဲနေပါပြီ။ မလေးရှားဘက် အခြမ်းပြီးတော့ ယိုးဒယား Immigration ဘက်ကို ဆက်ထွက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ငှားလာတဲ့ကားကတော့ ယိုးဒယားဘက်အခြမ်းထိ ဆက်မသွားတော့ပါဘူး။ ယိုးဒယားဘက်ကို မရောက်ခင် ကားဝင်းထဲမှာပဲ ယိုးဒယားဘက်က အငှားကားကို ဆက်ငှားလိုက်ပါတယ်။ အဲဒီ့မှာ ကားသမားတွေက ကျွန်တော်တို့ မြန်မာပတ်စ်ပို့ကို တွေ့တဲ့အခါမှာ အဝင်အတွက် Officer ကိုဝင်တွေ့ရမယ်လို့ ပြောပါတယ်။ ဘာကြောင့်မှန်း သိပ်မရှင်းလိုက်ပါဘူး။ လူဝင်မှုကြီးကြပ်ရေးဘက်ကို ရောက်တော့ မလေးရှားဘက်မှာလို အတော်ဝေးဝေးကတောင်မှ တန်းဆီနေရပါတယ်။ ဒီဘက်မှာတော့ အတော်ကြာကြာစောင့်ရပါသည်။ ကျွန်တော် အလှည့်ရောက်တော့ စာအုပ်ကိုတွေ့တဲ့အခါ မြန်မာလို့ပြောပြီး တခြားတစ်ယောက်ကို လှမ်းခေါ်ပါတယ်။ နောက်ပြီးတော့ အနောက်ပေါက်ကနေပြီး ပွဲစားလို့ ထင်ရတဲ့တစ်ယောက်ဆီ လှမ်းပေးလိုက်ပါတယ်။ နောက်ပြီးတော့ ကျွန်တော့်ကို အနောက်ဘက်လာခဲ့ဖို့ လှမ်းခေါ်ပါတယ်။ ကျွန်တော် အနောက်ဘက်ရောက်တော့ ယိုးဒယားဘက်ကိုဝင်ဖို့အတွက် မလေးရှားရင်းဂစ် ၁၀၀ တောင်းပါတယ်။ ကျွန်တော်လဲ ဘာကြောင့်လဲဆိုပြီး မေးကြည့်တော့ မြန်မာ၊ ဘင်္ဂလားဒေရှ့် စတဲ့နိုင်ငံတွေကဆိုရင်တော့ ရင်းဂစ် ၁၀၀ ပေးရမယ်လို့ပြောပါတယ်။ တကယ်လို့ မလေးရှားနိုင်ငံသားတွေဆိုရင်တော့ ပေးစရာမလိုဘူးတဲ့လေ။ ခဏနေတော့ ရုံးက အတူပါလာတဲ့အစ်မ ဒေါသထွက်ပြီး ရောက်လာပါတယ်။ သူလဲပဲ ဝင်ခွင့်မရပါဘူး။ ငါတို့မှာ ဗီဇာပါတယ် ဒါကြောင့် ပိုက်ဆံတော့ မပေးနိုင်ဘူးဆိုပြီး ပြန်ပြောတော့ အဲဒီ့တစ်ယောက်က ပိုက်ဆံမပေးချင်ရင် Show Money တစ်ယောက်ကို ဘတ် ၂၀၀၀၀ ပြရမယ်လို့ပြောပါတယ်။ ကျွန်တော်တို့လဲ Show Money ပြမယ်ပြန်ပြောတော့ Officer နဲ့ ဝင်တွေ့ရမယ်ဆိုပြီး ပြောပြန်ပါတယ်။ ကျွန်တော်တို့လဲ Officer နဲ့ဝင်တွေ့မယ်ဆိုပြီး ရုံးခန်းကို ဝင်သွားတော့ Immigration Officer ကအတော်လေး ထွက်မလာသေးတာနဲ့ စောင့်နေရပါတယ်။ ရုံးခန်းထဲမှာလဲ On Arrival Visa နဲ့ဝင်မယ့် နိုင်ငံခြားသားတွေ အတော်များများ စောင့်နေကြတာ တွေ့ရပါတယ်။ အတော်လေးကြာတော့မှ အရာရှိရောက်လာပါတယ်။ ကျွန်တော်တို့ကို စောင့်ခိုင်းထားပါတယ်။ တမင်ညစ်ပြီး စောင့်ခိုင်းထားတယ်လို့ ထင်ရပါတယ်။ နောက်မှရောက်လာတဲ့ On Arrival Visa သမားတွေကို တုံးထုပေးပြီးမှပဲ ကျွန်တော်တို့အလှည့် ရောက်လာပါတယ်။ ကျွန်တော်တို့ အလှည့်ရောက်တော့ ဖြစ်ကြောင်း ကုန်စင် ပြောပြရတာပေါ့။ ဗီဇာပါရဲ့သားနဲ့ ဘာလို့ပေးမဝင်ရတာလဲဆိုပြီးမေးကြည့်တော့ သူက ပတ်စ်ပို့တွေ ကြည့်ပြီး ဗီဇာကိုတွေ့တော့ Show Money တစ်ယောက်ကို ဘတ် ၂၀၀၀၀ ပြရမယ်လို့ပြောပါတယ်။ ကျွန်တော်တို့လဲ ရတယ် ငါတို့ပြနိုင်တယ်ပေါ့။ ပါလာတဲ့ အစ်မကလဲ နှစ်ယောက်ပေါင်း RM 4000 ထုတ်ပြလိုက်မှပဲ တုံးထုပေးပါတော့တယ်။ အားလုံး ပြီးစီးတော့ နေ့လည် ၁နာရီ၁၅ မိနစ်ရှိနေနပါပြီ။ ကားပေါ်က အတူပါလာတဲ့ ခရီးသည်တွေကိုလဲ အားနာမိပါသေးတယ်။

 Diamond Plaza အနီး မြင်ကွင်းတစ်ခု
ဒီလိုနဲ့ Hat Yai ကိုဆက်လက်ထွက်ခွာလာခဲ့ပါတယ်။ ကား ၄၅မိနစ် လောက်မောင်းပြီးတော့ Hat yai မြို့ကလေးကို ရောက်ရှိလာပါတယ်။ နယ်စပ်မြို့ဆိုပေမယ့် အတော်အတန် စည်ကားပါတယ်။ ၂နာရီခွဲမှာတော့ တည်းခိုမယ့် Golden Crown Hotel ကို ရောက်ရှိပါတယ်။ ကျွန်တော့်အတွက် ဟိုတယ်ခန်းက ကြိုတင် Booking မလုပ်ထားပါဘူး။ ဒါပေမယ့်လဲ အခန်းလွတ်ရှိနေတဲ့အတွက် ကျွန်တော့်အတွက် ဒီဟိုတယ်မှာပဲ အခန်းတစ်ခန်း သီးသန့်ရပါတယ်။ အခန်းတွင်းအပြင်အဆင်ကတော့ 3 Star အဆင့်လောက်ရှိပါတယ်။ ရောက်ရောက်ချင်း အနားယူပြီး 6:45 မိစ်နစ်မှာ မြို့တွင်း Sight Seeing ထွက်ဖြစ်ပါတယ်။ ပထမဦးဆုံး Diamond Plaza ဘက်ကို လမ်းလျှောက်ပြီးသွားကြပါတယ်။ ပလာဇာထဲမှာ လျှောက်ကြည့်ရင်း အစာပြေစားပြီး Thanon Niphatuthit 3 လမ်းထဲမှာရှိတဲ့ ညဈေးတန်းဘက်ကို လျှောက်ကြည့်ဖြစ်ပါတယ်။ ပါလာတဲ့ မလေးရှားရင်းဂစ်ကို Money Changer မှာထိုင်းဘတ်ငွေလဲပြီး ဈေးတန်းထဲလျှောက်ဖြစ်ပါတယ်။ မလေးရှား RM 1 ရင်းဂစ်ကို ထိုင်း 9.90 ဘတ်ရပါတယ်။ လမ်းတစ်လျှောက်မှာတော့ Tourist တွေ ဈေးဆိုင်တွေနဲ့ အလွန်ပဲ စည်ကားလှပါတယ်။ ညစာကိုတော့ Thanon Niphatuthit 3 လမ်းထဲက Restourant တစ်ခုမှာပဲ ဝင်စားဖြစ်ပါတယ်။ စားပြီးတော့ 9:30PM လောက်မှာ တုတ်တုတ်တစ်စီးငှားပြီး Tiger Show သွားကြည့်ဖြစ်ပါသေးတယ်။ ဟိုတယ်ပြန်ရောက်တော့ ည၁၁နာရီ ရှိနေပါပြီ။
Hat Yai ညရှုခင်း
နံနက်စောစော ထပြီး 6:30AM လောက်မှာ ဟိုတယ်အနီးမှာပဲရှိတဲ့ Morning Market ကိုသွားပါတယ်။ ဈေးနားက တရုတ်ဆိုင်တစ်ဆိုင်မှာ နံနက်စာစားပြီး ဈေးထဲလျှောက်ဖြစ်ပါတယ်။ ဒီဈေးကိုမြင်တော့ မြန်မာပြည်ကို သတိရမိပြီး ရုံးကတစ်ယောက်ကို ငါတို့နိုင်ငံက ဈေးနဲ့တူတယ်လို့တောင် ပြောမိပါသေးတယ်။ ဈေးရုံထဲဝင်ပြီး Hay Yai လက်ဆောင် ယိုတွေ ဂဏန်းခြောက်ထုပ်တွေ ဝယ်ကြပါတယ်။ နောက်တော့ အပြင်ပြန်ထွက်ပြီး ကားလမ်းဘေးမှာ ရောင်းချနေတဲ့ ဈေးတန်းထဲ လျှောက်ဖြစ်ပါတယ်။ ဈေးတန်းလေးက မြန်မာပြည်ကလိုပါပဲ။ ဒါပေမယ့် သန့်ရှင်းသပ်ရပ်မှုရှိနေပါတယ်။
Hat Yai floating market 
  
 Hat Yai Floating market
Hat Yai Floating market
ဟိုတယ်ပြန်ရောက်တဲ့အခါ ခဏနားပြီး Diamond Plaza ဘက်ကို ဈေးဝယ်ထွက်ဖြစ်ပါတယ်။ အဲဒီ့နောက် Lee Garden Plaza ကိုဝင်ပါတယ်။ လိုချင်တာလေးတွေ အနည်းငယ်ဝယ်ပြီးတော့ Mc. Donal မှာပဲ နေ့လည်စာ ပြီးလိုက်ပါတယ်။ အဲဒီ့နောက် ဟိုတယ်ကိုပြန်လာပြီး အနားယူလိုက်ပါတယ်။ ညနေရောက်တော့ တုတ်တုတ်တစ်စီး ငှားပြီး Hat Yai floating market ကို သွားကြပါတယ်။ Hat Yai က floating market ကိုတော့ Khong Hae Floating Market (သို့) Klonghae Floating Market လို့လဲ ခေါ်ကြပါတယ်။ ဒီရေပေါ်ဈေးကို ထိုင်းနိုင်ငံမှာ 2008 ခုနှစ်က စဖွင့်ခဲ့တယ်လို့သိရပါတယ်။ Klonghae Floating Market က Friday to Sunday ပဲဖွင့်ပြီး ညနေ 3:00 PM ကနေ ည 9:00 PM အထိ ဖွင့်လှစ်ရောင်းချပါတယ်။ ဒီဈေးဟာ Hat Yai မြို့လယ်ကနေပြီးတော့ 4 kilometers လောက်ပဲ ဝေးပါတယ်။ ကျနော်တို့ floating market ကိုရောက်တဲ့အခါ ည ၇နာရီလောက်ပါ။ ရေပေါ်ဈေးမှာတော့ ထိုင်းရိုးရာ အစားအသောက်တွေကို လှေပေါ်မှာတင်ပြီး လာရောက်ရောင်းချကြပြီး ဈေးတန်းထဲမှာတော့ ရိုးရာလက်မှုပစ္စည်းတွေနဲ့ ထိုင်းနိုင်ငံရိုးရာ အစားအသောက်တွေကို ခင်းကျင်းရောင်းချတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ဈေးတန်းထဲလှည့်ပါတ်ကြည့်ရှုပြီး ထိုင်းရိုးရာ လက်မှုပစ္စည်းအနည်းငယ် ဝယ်ဖြစ်ပါတယ်။ floating market က ဈေးသည် အတော်များများဟာ English speaking မတတ်ပေမယ့်လည်း မလေးလို ပြောနိုင်တဲ့အတွက် ဈေးဝယ်ရတာ အဆင်ပြေပါတယ်။ ညစာကိုတော့ ဈေးထဲမှာပဲ စားဖြစ်ပါတယ်။ ညစာထဲမှာ ယိုးဒယား သင်္ဘောသီးထောင်း အပါအဝင်ပေါ့။ ညစာ စားပြီးတော့ ဈေးတန်းထဲ နောက်တစ်ခါဝင်ပြီး ဟိုတယ်ကို ပြန်လာခဲ့ကြပါတယ်။ မနက်ဖြန် နံနက်စောစောထပြီး မလေးရှားကို ပြန်ကြရတော့မယ်လေ။

Hat Yai Floating market
Hat Yai Floating market
မလေးရှားနိုင်ငံ Alor Stear မြို့ 
နံနက် ၆နာရီခွဲလောက် အိပ်ရာနိုးတော့ ဟိုတယ်မှာပဲ နံနက်စာ စားဖြစ်ပါတယ်။ မလေးရှားကို ပြန်ဖို့အတွက် လာကြိုမယ့်ကားကို Check out လုပ်ပြီး ဟိုတယ်မှာပဲ စောင့်ပါတယ်။ ကားရောက်တဲ့အခါမှာတော့ ထိုင်းနိုင်ငံကနေ ထွက်ခွာလာခဲ့ပါတယ်။ အပြန်မှာတော့ ထိုင်းဘက်ကအထွက် Immigration မှာရော မလေးရှား အဝင် Immigration မှာပါ အဆင်ပြေခဲ့ပါတယ်။ ထိုင်း Immigration ဖြတ်ပြီးနောက် Alor Stear မြို့ရှိ Alor Star Mall ကိုဝင်ခဲ့ပါသေးတယ်။ Alor Stear Mall မှာပဲ နေ့လည်စာ စားပြီးနောက် Jalan Tunku Ibrahim မှာရှိတဲ့ Holiday Villa Hotel မှာ ခဏဝင်နားပါတယ်။ Holiday Villa Hotel ကတော့ 4 Star အဆင့်ရှိတဲ့ ဟိုတယ်တစ်ခုပါ။ ခဏနေတော့ ဟိုတယ်မှာရှိတဲ့ Taxi Service ကနေ ကားငှားပြီး Sultan Abdul Halim Airport ကိုပြန်ခဲ့ကြပါတယ်။ Airport ရောက်တဲ့အခါမှာတော့ Air Asia လေကြောင်းလိုင်းနှင့် ကွာလာလမ်ပူ Budget Airport တစ်ခုဖြစ်တဲ့ LCCT Airport ကို ညနေ ၅နာရရီလောက်မှာ ပြန်ရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ လည်ပတ်ခဲ့တဲ့ ရက်တိုတောင်းပေမယ့်လဲ ထိုင်းနိုင်ငံကို ပထမဆုံး ရောက်ဖူးတာမို့ မှတ်မှတ်ရရ ရှိနေပါတယ်။ အခြေအနေပေးတဲ့အခါ နောက်တစ်ခေါက် သွားချင်ပေမယ့်လဲ ဘာမဟုတ်တဲ့ ထိုင်းနိုင်ငံရဲ့ Immigration မှာ ကျွန်တော့်ရဲ့ ပတ်စ်ပို့နီလေး ထုတ်ပြရမှာကိုတော့ ခပ်ရွံ့ရွံ့ ဖြစ်မိကြောင်းပါ ခင်ဗျား။

Lin Mg Mg

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.