Monday, August 01, 2011

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သဘာ၀၀န်းကျင်ဆိုင်ရာ လေ့လာမှုပြူလုပ်ရန် စီစဉ်နေ

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းနိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုများ ပြုလုပ်သွားရန် စီစဉ်နေကြောင်း ဘူမိဗေဒပညာရှင်များထံမှ သိရှိရသည်။

ဒီအစီအစဉ် ဖြစ်လာတာက GMS နိုင်ငံတွေပေါင်းပြီး မဲခေါင်မြစ်ဝှမ်းတစ်လျှောက် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လေ့လာမှုတွေ ပြုလုပ်ဖို့ဆိုပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ တရုတ်နိုင်ငံမှာ အစည်းအဝေး လုပ်တယ်လေ။ အဲဒီကတည်းက ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တို့ကိုလည်း လေ့လာဖို့ တင်ပြခဲ့တာပါ။ ခုတော့ ဧရာဝတီမြစ်မှာ စတင်မှာပါ။ ဘယ်တော့လောက် စနိုင်မယ်ဆိုတာကတော့ လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် အစည်းအဝေးကနေ အတည်ပြုနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် ဧရာဝတီမြစ်နဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေတာတွေကိုတော့ အမြန်ဆုံးလေ့လာနိုင်အောင် စီစဉ်သွားမှာဖြစ်ပါတယ်ဟု မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။


ဧရာဝတီမြစ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေက တစ်နှစ်ထက် တစ်နှစ် မြင်သာတယ်လေ။ ပညာရှင်ဘက်က မဟုတ်ဘဲ သာမန်မျက်စိနဲ့ ကြည့်ရင်တောင် မြင်နိုင်နေတာ။ ဒီတော့ ဒီအတိုင်းသာဆက်ထားရင် ဧရာဝတီဟာ နောက်နှစ်တွေမှာ ဘာတွေဖြစ်လာမယ်ဆိုတာ မခန့်မှန်းနိုင်ဘူး  .  .  .


ဧရာဝတီမြစ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေက တစ်နှစ်ထက်တစ်နှစ် မြင်သာတယ်လေ။ ပညာရှင်ဘက်ကမဟုတ်ဘဲ သာမန်မျက်စိနဲ့ကြည့်ရင်တောင် မြင်နိုင်နေတာ။ ဒီတော့ ဒီအတိုင်းသာ ဆက်ထားရင် ဧရာဝတီဟာ နောက်နှစ်တွေမှာ ဘာတွေဖြစ်လာမယ်ဆိုတာ မခန့်မှန်းနိုင်ဘူး။ နောက်ပြီး ဧရာဝတီရဲ့ လက်ရှိအနေအထားက ထိန်းသိမ်းဖို့လိုအပ်နေတဲ့ အနေအထားပါ။ ဒီတော့ ဘူမိဗေဒပညာရှင်တွေအနေနဲ့ ဒါကို ဇောင်းပေးပြီး လုပ်သင့်တာကို လုပ်သွားဖို့ ရှိပါတယ်။ အစီအစဉ်တွေ စတင်နိုင်ဖို့ကိုတော့ ဆွေးနွေးပွဲပြီးရင် သိနိုင်မှာပါဟုလည်း ဘူမိဗေဒပညာ ရှင်တစ်ဦးက ပြောပြခဲ့သည်။
ယင်းကဲ့သို့လေ့လာနိုင်ရန်အတွက် ဇွန်လအတွင်းက တရုတ်နိုင်ငံမှ ပါမောက္ခခုနစ်ဦးနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ဧရာဝတီမြစ်ရိုးတစ်လျှောက်၊ ရန်ကုန်မြို့မှ မန္တလေးမြို့ထိအပိုင်းကို လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရပါသည်။

မဲခေါင်မြစ်မှာ သဘာဝပတ်ဝန်းကျင်အပြင် တခြားစွမ်းအင်ဆိုင်ရာတွေနဲ့ သဘာဝအရင်းအမြစ်တွေကို ထိန်းသိမ်းနိုင်ဖို့ GMS နိုင်ငံတွေနဲ့ပေါင်းပြီး လုပ်နေသလို နောက်ထပ်လည်း ဧရာဝတီမြစ်တို့၊ ချင်းတွင်းမြစ် တို့မှာပါ ဆက်လေ့လာသွားဖို့ရှိပါတယ်။ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကျရင်တော့ ကိုယ့်ပြည်တွင်းက ပညာရှင်တွေချည်းလည်း လေ့လာသွားဖို့ရှိပါတယ်ဟု အဆိုပါစီမံချက်တွင် ပါဝင်သူတစ်ဦးက ပြောပြခဲ့သည်။

Source : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.