Thursday, August 18, 2011

လသားအရွယ် ဧရာဝတီလင်းပိုင် သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ ရှိမ်းမကား ကျေးရွာ အနီး ဧရာဝတီမြစ်ကြောင်းတွင် ဇူလိုင်လ ၃၁ ၌ ဧရာဝတီလင်းပိုင်တစ်ကောင် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့်ဒေသခံများက ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးဌာန (WCS) သို့ အကြောင်းကြားရာ သေဆုံးရခြင်း အကြောင်းရင်းကို သွားရောက် စစ်ဆေးပြီး အရိုးစုကို သိမ်းဆည်းခဲ့သည်။

သေဆုံးသော ဧရာဝတီလင်းပိုင်မှာအမဖြစ်ပြီး အရှည်လေးပေ၊ လုံးပတ် နှစ်ပေခန့်ရှိ လသားအရွယ် ဖြစ်သည်။ ဧရာဝတီလင်းပိုင်၏လည်ပင်းတွင် ချွန်ထက်သောအရာဖြင့် ထိုးသွင်းထားသော ဒဏ်ရာကို တွေ့ရှိရသည်။ တွေ့ရှိရချိန်တွင် ဧရာဝတီလင်းပိုင်မှာ ပုပ်ပွ၍အရေခွံများ စုတ်ပြဲနေပြီး အနံ့အသက် များထွက်နေသဖြင့် သေဆုံးသည်မှာ အနည်းဆုံး ၅ ရက်ခန့်ရှိမည်ဟု သားငှက် ထိန်းသိမ်းရေးအဖွဲ့နှင့် တိရစ္ဆာန်ဆရာ ၀န်က ခန့်မှန်းကြသည်။

"ကျွန်တော်တို့ကို ရှိမ်းမကားကျေးရွာက ဒေသခံတွေက ဧရာဝတီလင်းပိုင်တစ် ကောင်သေဆုံးနေတာ တွေ့ရှိရကြောင်း အကြောင်း ကြားကြားချင်း သွားရောက် စစ်ဆေးခဲ့ပါတယ်။ ဧရာဝတီလင်းပိုင်က အမဖြစ်ပြီး ခြောက်လနဲ့ရှစ်လကြား လသားအရွယ်ပဲရှိပါသေးတယ်။ သေဆုံး ဒဏ်ရာတွေကို စစ်ဆေးပြီးခွဲစိတ်ကြည့် တဲ့အခါ လည်ပင်းမှာချွန်ထက်တဲ့အရာနဲ့ ထိုးသွင်းထားတာတွေ့ရပါတယ်။ "ဖြစ်နိုင်ချေရှိတာကတော့ ဧရာဝတီ လင်းပိုင်ကို ဖမ်းချင်တာမဟုတ်ဘဲ ငါးရွေးနဲ့မှားပြီး မှိန်းနဲ့ထိုးဖမ်းမိတာ ဖြစ်နိုင်ပါတယ်။ ဧရာဝတီလင်းပိုင်မှန်းသိတော့ ယူမသွားရဲဘဲ ထားခဲ့တာဖြစ်နိုင်ပါတယ်။ ရှိမ်းမကားအနီးမြစ်ကြောင်းမှာ တွေ့ရတာဖစ်ပေမယ့် သေဆုံးတာ ငါးရက်လောက်ရှိပြီဖြစ်လို့ အထက်ကမျောလာတာလည်း ဖြစ်နိုင်ပါတယ်။ "တိရစ္ဆာန်ဆရာဝန် ဒေါက်တာခင်မောင်တင့်က သေဆုံးဒဏ်ရာကို စစ်ဆေးခွဲစိတ်ပြီး အရိုးစုကိုသိမ်းဆည်းခဲ့ပါတယ်။ အရိုးစုကို လောလောဆယ် သားငှက်ထိန်းသိမ်းရေး မန္တလေးရုံးမှာထားရှိပါတယ်"ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ ဦးနိုင်ဝင်းက ဆိုသည်။

ဧရာဝတီလင်းပိုင်တစ်ကောင်သေဆုံးနေသည်ကို ဒေသခံများက သက်ဆိုင်ရာသို့ အကြောင်းကြားပေးသဖြင့် ဧရာဝတီလင်းပိုင်ထိန်း သိမ်းရေး လုပ်ငန်းများတွင် ဒေသခံများပူးပေါင်း ပါဝင်လာသည်ကို တွေ့ရှိရသည်။ "အရင်ကဆို ဧရာဝတီလင်းပိုင်သေတာကို မဆိုင်သလိုနေချင်နေပေမယ့် အခုအချိန်မှာတော့ ပညာပေးလုပ်ငန်း တွေကြောင့် ထိန်းသိမ်းစောင့်ရှောက်ရေးမှာ ပူးပေါင်းပါဝင်လာကြပါတယ်။ "အခုလို ဧရာဝတီလင်းပိုင်သေဆုံး တာကို တွေ့ရတဲ့အခါ သက်ဆိုင်ရာကို ချက်ချင်းအကြောင်းကြားပေးပါတယ်။ ဧရာဝတီ လင်းပိုင်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ဒေသခံတွေ ပါဝင်လာခြင်းဖြင့် အောင်မြင်မှု ပိုမိုရရှိလာမှာ ဖြစ်ပါတယ်"ဟု သားငှက် ထိန်းသိမ်းရေးအဖွဲ့မှ ဦးအောင်မျိုးချစ်ကဆိုသည်။

ဧရာဝတီ လင်းပိုင်တစ်ကောင်သည် သက်တမ်းနှစ် ၃၀ မှ ၅၀ ကြားရှိပြီး အကြီးဆုံး ခုနစ်ပေခွဲခန့်ရှိသည်။ ဧရာဝတီ လင်းပိုင်သေဆုံးခြင်းကို ငါးကောင်တွေ့ရှိရပြီး လေးကောင်ကို အရိုးစုနှင့် တစ်ကောင်ကို ဦးခေါင်းခွံ သိမ်းဆည်းထားနိုင်ခဲ့သည်။ ဧရာဝတီလင်းပိုင် သေဆုံးခြင်းကို ဗန်းမော်၊ ကသာ၊ ငရယ်ရွာ၊ ဆည်သည်ရွာနှင့် ယခု ရှိမ်းမကား ကျေးရွာများတွင်တွေ့ရှိရသည်။ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့် ရှောက်ရေးလုပ်ငန်းများကို ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့က ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ တစ်လတစ်ကြိမ် သွားရောက်လေ့ရှိသော မင်းကွန်း-ကျောက်မြောင်းကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး နယ်မြေ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ကင်းလှည့်ခရီးစဉ်ကို မိုးတွင်းကာလဖြစ်သော ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် ရပ်ဆိုင်းထားရာ စက်တင်ဘာလတွင် ခရီးစဉ် ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးကင်းလှည့်ခရီးစဉ်တွင် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးလုပ်ငန်းများ ပညာပေးခြင်း၊ ဧရာဝတီလင်းပိုင်နှင့် ပူးပေါင်းငါးဖမ်းသောရေလုပ်သားများကို ပညာပေးခြင်း၊ တရားမ၀င်ငါးဖမ်း နည်းဖြင့် ငါးဖမ်းခြင်းများကိုစစ်ဆေးခြင်း စသည်တို့ကို ဆောင်ရွက်ကြသည်။ နှစ်စဉ် ဇန်န၀ါရီလ၌ ပြုလုပ်လေ့ရှိ သော မန္တလေး - ဗန်းမော်ကြား ဧရာဝတီ မြစ်ကြောင်း တစ် လျှောက်တွင် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး စာရင်းကောက် သုတေသနခရီးစဉ်ကိုလည်း ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလတွင် သွားရောက် မည်ဖြစ်ပြီး ယခင်နှစ်များက ဆောင်ရွက်မှုများထက် ပိုမိုဆောင်ရွက်နိုင်ရန် အစီအစဉ်များ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source : Myanmar Times

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.