Tuesday, August 23, 2011

နယ်စပ်ဝင်ပေါက်များမှ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှုဦးရေကျဆင်း

၂၀၁၀ ခုနှစ်မှ စ၍ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှု သည်အိမ်နီးချင်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကမ္ဘာ့လှည့် ခရီးသွားဦးရေ ကျဆင်းလာကြာင်း ခရီးသွားလုပ်ငန်း အသိုင်း အ၀ိုင်းက ပြောသည်။ 

အဓိက ထိုင်းဧည့်သည်တွေ လုံးဝကိုမ၀င်တော့ဘူး။ အဲဒီဘက်က ၀င်မယ်ဆိုရင် E.P (Entry Permit) နဲ့ ကျိုင်းတုံအထိပဲ သွားလို့ရတယ် ဟု ရွှေထီးကန် ဟိုတယ်ဇုန်မှတာဝန်ရှိသူ တစ်ဦးကပြောသည်။ မြန်မာနိုင်ငံ၏ ခရီးသွား ၀င်ရောက်မှုမှာ International Gateway မှ ၀င်ရောက်လာသူများထက် Border Gate (နယ်စပ်ဝင် ပေါက်) မှ ၀င်ရောက်သူက ပိုမိုများပြားကြောင်း၊ လေဆိပ်များမှ ၀င်ရောက်လာသူဦးရေမှာ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီမှ ဇွန်လအတွင်း ဦးရေ ၇၉,၀၀၀ ကျော်၊ နယ်စပ်ဝင်ပေါက်မှ ၁,၀၁,၀၀၀ ကျော် ၀င်ရောက်ခဲ့ကြောင်း၊ ယခုနှစ် ၂၀၁၁ ခုနှစ် ငါးလတာကာလတွင် လေဆိပ်ဝင်ပေါက်မှ ၁,၉၀,၀၀၀ ကျော်၊ နယ်စပ်ဝင်ပေါက်မှ ၂,၀၀,၀၀၀ ကျော် ၀င်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ တရားဝင် ထုတ်ပြန်ထားသည်။

ကျွန်တော်တို့ဆီမှာက ၀င်ပေါက်ထွက်ပေါက်က တော်တော်များတယ်။ အများစုက ရန်ကုန်က၀င်ပြီး နယ်စပ် ကပြန်ထွက်တယ်။ နယ်စပ်က၀င်ပြီး ရန်ကုန်ကပြန်ထွက်တာတွေ လည်းရှိတယ်။ တချို့ခရီးစဉ်တွေကျတော့ နိုင်ငံသုံးလေးခုပါတဲ့ ခရီးစဉ်တွေရှိတယ်။ ထိုင်း-မြန်မာ- ဗီယက်နမ် အဲဒီလိုမျိုး ခရီးစဉ်တွေပါတယ်။ အဲဒီမှာက နယ်စပ်ဝင်ပေါက်ကနေ ၀င်ရတဲ့ ခရီးစဉ်တွေပါလာရော။ အခု လတ်တလောက ၀င်လို့မရတော့ ခရီးစဉ်ကို မ၀ယ်တာတွေရှိတယ် ဟု ပြည်ပခရီးသွား လုပ်ငန်းကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အခုလတ်တလောအခြေအနေအရတော့ သွားလို့မရတဲ့ နေရာတွေရှိတယ်။ သွားလာဖို့ အဆင်မပြေ နိုင်သေးဘူး။ သက်ဆိုင်ရာကခွင့်မပြုသေးတာဟု ဟိုတယ်နှင့်ခရီးသွား ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဌေးအောင်က ပြောသည်။ လတ်တလောအနေအထားအရ နယ်စပ်မြို့များ၌ ဖွင့်လှစ်ထားသော ဟိုတယ်များတွင် ယခင်နှစ်များထက်ခရီးသည် လာရောက်တည်းခိုမှု နည်းပါးလာကြောင်း အဆိုပါမြို့များတွင် ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူများကပြောသည်။

“အခုကတော့ လာတဲ့ခရီးသည်က မရှိသလောက်ပဲ။ အရင်နှစ်တွေကတော့ လာသေးတယ်”ဟု ကျိုင်းတုံမြို့ရှိ princess  ဟိုတယ်မှ ဦးစိုးရွှေက ပြောပာသည်။ “မြစ်ကြီးနားခရီးစဉ်ကတော့ ဘယ်လိုမှရောင်းလို့မရတော့ဘူး။ ဟိုဘက်က အေးဂျင့်ကိုလည်း လှမ်းပြောထားရတယ်”ဟု Rendezvous International Travel ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးမြင့်ကပြောသည်။

၂၀၁၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ၀င်ရောက်မှုမြင့်တက် လာခဲ့သော်လည်း အိမ်နီးချင်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးလျက်ရှိသည်ကို တွေ့ရသည်။ ယခုနှစ် ခရီးသွားရာသီတွင် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသွားဦးရေ ငါးသိန်းခန့် လာရောက်လည်ပတ်မည်ဟု ခန့်မှန်းထားကြောင်း ခရီးသွားဦးရေတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.