ဧရာဝတီလင်းပိုင်တို့၏ နေထိုင်ကျက်စားမှုပုံစံများအား စောင့်ကြည့်လေ့လာခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်း၊ ရပ်ရွာများအား အသိပညာပေးခြင်း လုပ်ငန်းစဉ်များကို စက်တင်ဘာလမှ စတင်၍ တစ်လလျှင် နှစ်ကြိမ်ခန့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များကို ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေး အဖွဲ့(WCS)တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။

ကျွန်တော်တို့ နှစ်စဉ် စက်တင်ဘာလကစပြီး ဇန်န၀ါရီလအထိကို ဧရာဝတီလင်းပိုင် ကွင်းဆင်း စောင့်ကြည့်တဲ့ လုပ်ငန်းစဉ် လုပ်ပါတယ်။  ဧရာဝတီလင်းပိုင် အရေအတွက် သတ်မှတ်တာ၊ တစ်ကောင်ချင်းကို စောင့်ကြည့် လေ့လာတာ၊ သူတို့ရဲ့ နေထိုင်ကျက်စားမှုပုံစံတွေ လေ့လာတာ၊ ဧရာဝတီမြစ်ရဲ့ အပြောင်းအလဲနဲ့အတူ သူတို့အပေါ်ဘာတွေ ထိခိုက်နိုင်လဲဆိုတာ လေ့လာတာ၊ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတွေကို သုံးသပ်တာ၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေအတွင်းမှာ ရှိနေတဲ့ရွာတွေကို အသိပညာပေးတွေ လိုက်လံ ပြောပြတာတွေ အဓိကလုပ်ဖြစ်ပါတယ် ဟု သားငှက်ထိန်းသိမ်းရေး အဖွဲ့(WCS) မှ ဦးအောင်မျိုးချစ်က ရှင်းပြခဲ့သည်။

ထို့အပြင် ဧရာဝတီလင်းပိုင်များနှင့် ပတ်သက်၍ အသိပညာရရှိမှုအပိုင်းနှင့် ပတ်သက်ပြီး အခုဆို ဧရာဝတီလင်းပိုင်နဲ့ပတ်သက်လို့ တော်တော်လေးကို သိလာကြပြီလို့ ဆိုလို့ရပါတယ်။ ရေလုပ်သားတွေ အနေနဲ့ ဘယ်လိုအရာတွေက ဧရာဝတီလင်းပိုင်တွေကို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာ သိမြင်လာပြီး ဆင်ခြင်လာကြသလို ဧရာဝတီလင်းပိုင်တစ်ကောင် သေဆုံးတာမျိုးကအစ ကျွန်တော်တို့ကို အကြောင်းကြား ပေးတာမျိုးထိ ဆောင်ရွက်လာကြတာကို တွေ့ရပါတယ်။ ဒါကကောင်းတဲ့လက္ခဏာပါ ဟု ဆက်လက် သုံးသပ်ခဲ့သည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေအား စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအကြား၊ မင်းကွန်းနှင့် ကျောက်မြောင်းမြို့အကြား ၇၄ ကီလိုမီတာ အကွာအဝေးကို သတ်မှတ်ထားပြီး ယခင်နှစ် လေ့လာထားချက် အရ ဧရာဝတီလင်းပိုင် ၂၁ ကောင် နေထိုင်လျက်ရှိသည်ဟု သိရှိရသည်။  ဧရာဝတီလင်းပိုင်များသည် သြစတြေးလျတိုက် မြောက်ပိုင်း၊ နယူးဂီနီနှင့် အရှေ့ဘက်တွင် ဖိလစ်ပိုင်နိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယ အရှေ့မြောက်ဒေသ၊ အင်ဒိုနီးရှား မဟာခမ်မြစ်၊ အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်၊ ဘင်္ဂလားဒေ့ရှ့်နိုင်ငံ ဗြဟ္မပုတ္တရမြစ်၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ရှိ မဲခေါင်မြစ်ကြောင်း တစ်လျှောက်နှင့် မြန်မာနိုင်ငံ ဧရာဝတီမြစ်၊ ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် တွေ့ရှိရသည်။ ဧရာဝတီလင်းပိုင်များနှင့် ရေလုပ်သားများ ပူးပေါင်းငါးဖမ်းသည့် အလေ့အထမှာမူ မြန်မာနိုင်ငံတွင်သာ တွေ့ရှိရခြင်းဖြစ်သည်။

Source : News-Eleven

0 Comments:

Post a Comment



Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.

Creative Commons License