Thursday, August 25, 2011

မဟာမဲခေါင်မြစ်ဝှမ်းဒေသ စုပေါင်းဗီဇာတစ်ခုစနစ် စတင်နိုင်ရန် သက်ဆိုင်ရာအစိုးရများအပေါ်တွင် မူတည်နေ

မဟာမဲခေါင် မြစ်ဝှမ်းဒေသ ခြောက်နိုင်ငံဖြစ်သည့် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနိုင်ငံတို့နှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းကာ ဗီဇာတစ်ခုစနစ်ကျင့်သုံးရန် စီစဉ်နေရာ လာမည့်နိုဝင်ဘာလတွင် ပုဂံမြို့၌ကျင်းပမည့် မဟာမဲခေါင်မြစ်ဝှမ်း ခြောက်နိုင်ငံခရီးသွားလုပ်ငန်း အစည်းအဝေးနှင့်ပြပွဲတွင် သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများမှ ဆွေးနွေးဖွယ်ရှိကြောင်း သိရှိရသည်။

"မဟာမဲခေါင် ခြောက်နိုင်ငံပေါင်း ဗီဇာတစ်ခုတည်းစနစ်က မဟာမဲခေါင် ခရီးသွားလုပ်ငန်းအဖွဲ့အစည်းရဲ့ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ လုပ်ငန်းစဉ်တွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒါက ရေရှည်လုပ်ငန်းစဉ် တစ်ခုလည်းဖြစ်ပါတယ်။ အခြေခံသဘောအားဖြင့်တော့ အဖွဲ့ဝင်နိုင်ငံတွေ၊  ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနတွေက အကောင်အထည်ဖော် ဆောင်ရွက်ချင်ကြပါတယ်။ ဒါပေမယ့် တကယ်စတင် အကောင်အထည်ဖော်ဖို့က အဖွဲ့ဝင်နိုင်ငံတွေက အစိုးရခေါင်းဆောင်ပိုင်းတွေရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်"ဟု မဟာမဲခေါင်ဒေသ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံရှိ နာမည်ကျော်ကွေးမြစ်ကူးတံတားအနီးတွင် တွေ့ရ သည့် နိုင်ငံတကာခရီးသွားများ။

ဓာတ်ပုံ - လွင်မောင်မောင်


ပုဂံမြို့တွင်ကျင်းပမည့် မဲခေါင်ဒေသ ခရီးသွားလုပ်ငန်း အစည်းအဝေးနှင့် ပြပွဲတွင် ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးဖွယ်ရှိသော်လည်း အတိအကျ မပြောနိုင်သေးကြောင်း ၎င်းကပြောသည်။ "ပုဂံမြို့မှာလုပ်မယ့် အစည်းအဝေးနဲ့ ခရီးသွားပြပွဲကာလအတွင်း ဒီကိစ္စ ဆွေးနွေးဖြစ်မဖြစ်ကို အတိအကျ မပြောနိုင်သေးပါဘူး။ နိုဝင်ဘာလမှဆိုတော့ အစည်းအဝေးအစီအစဉ် အဆင်သင့် မဖြစ်သေးလို့ပါ" ဟု ၎င်းကဆိုသည်။ ထို့ပြင် လက်ရှိမဲခေါင်ဒေသ ခရီးသွားလုပ်ငန်းအခြေအနေမှာ နှစ်စဉ်တိုးတက်ကောင်းမွန်နေရာ ယခု ဗီဇာတစ်ခုစနစ် ပေါ်ပေါက်လာပါက ဒေသတွင်းခရီးသွားလုပ်ငန်းမှာ ယခုထက် ပိုမိုတိုးတက်လာမည်ဟု ၎င်းက ပြောသည်။ "ကျွန်မအမြင်ကတော့ ခရီးသွားဧည့်သည် အ၀င်များလာတာထက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လိုမြှင့်တင်မလဲဆိုတာက ပိုပြီးအဓိကကျတယ်လို့ ထင်ပါတယ်။ နောက် ခရီးသည်တွေအဆင်ပြေမယ့် မူဝါဒပိုင်းတွေကလည်း ခရီးသွားလုပ်ငန်းအတွက် များစွာအကျိုးဖြစ်ပါတယ်။ အဓိကကတော့ ခရီးသွားလုပ်ငန်းက ဒေသတစ်ခုနဲ့ အဲဒီဒေသခံလူတွေရဲ့ စီးပွားရေးကို ဘယ်လို တစ်ဖက်တစ်လမ်းက အထောက် အကူပြုသလဲဆိုတာက ပိုအရေးကြီးပါတယ်" ဟု ၎င်းကပြောသည်။

ခရီးသွားလုပ်ငန်းသည် လူသားနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ကောင်းမွန်သော စီးပွားရေးလုပ်ငန်း ဖြစ်သောကြောင့် အများအကျိုးပြု စီးပွားရေးလုပ်ငန်းအသွင်ဖြင့် ပြောင်းလဲ ဆောင်ရွက်ခြင်းဖြင့် ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့စေနိုင်မည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ပြုစုထားသော စာရင်းအရ ယခုနှစ် ပထမခြောက်လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ၁၇၂,၂၄၄ ဦး ၀င်ရောက်ခဲ့ပြီး လွန်ခဲ့သောနှစ် ပထမခြောက်လအ၀င်နှင့် နှိုင်းယှဉ်ပါက ၂၂ ဒသမ ၈၃ ရာခိုင်နှုန်း အထိ မြင့်တက်သွားသည်။ ဧည့်သည်အများစုမှာ အာရှတိုက်နိုင်ငံများမှဖြစ်ပြီး အများဆုံးမှာ ထိုင်းမှ ၃၅,၄၅၉ ဦး၊ တရုတ်မှ ၁၇,၉၄၄ ဦးနှင့် တောင်ကိုရီးယားမှ ၁၁,၀၀၃ ဦးတို့ဖြစ်သည်။ ဥရောပတိုက်နိုင်ငံများမှ ၃၉,၇၃၄ ဦး ၀င်ရောက်လာခဲ့ရာ ခြောက်လအတွင်း စုစုပေါင်း ဧည့်သည်အ၀င်၏ ၂၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်သွားသည်။ အများစုမှာ ပြင်သစ်မှ ၉,၄၃၅ ဦးနှင့် ဒုတိယအများဆုံးမှာ ဂျာမနီမှ ၆,၁၁၉ ဦး ၀င်ရောက်ခဲ့သည်။ 

Source : Myanmar Times

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.