Wednesday, September 07, 2011

ပဲခူး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း ပြန်လည်စတင်မည့်အစီအစဉ်ရှိကြောင်း သိရ

ပဲခူးတိုင်းဒေသကြီးမှ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း ပြန်လည်စတင်မည့် အစီအစဉ်ရှိကြောင်း လေဆိပ်အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက် ၁၉၉၄ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် မန္တလေးလေဆိပ် တိုးချဲ့တည်ဆောက်မည့် စီမံကိန်းနှင့်အတူ ပန္နက်ရိုက်ခဲ့ကြောင်း သိရသည်။ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်အား တိုးချဲ့တည်ဆောက်ခဲ့သော်လည်း ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းမှာမူ တည်ဆောက်ဖြစ်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ-ထင်ပေါ်(ပဲခူး)
ဟံသာဝတီလေဆိပ်အား အမေရိကန်ဒေါ်လာ ၁၆၅၃ ဒသမ ၅၁ သန်း အကုန်အကျခံကာ တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် တည်ဆောက်နိုင်ခဲ့ခြင်းမရှိဘဲ လက်ရှိတွင်မူ နိုင်ငံတကာ ခရီးသွားလာမှု အနေအထားအရ ဟံသာဝတီ လေဆိပ်စီမံကိန်းအား ပြန်လည်စတင်မည့် အစီအစဉ်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၏ ပြောကြားချက်အရ သိရှိရသည်။

"ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တိုးတက်လာနိုင်တဲ့ ခရီးသွားအနေအထားတွေကို ကြည့်ပြီး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တည်ဆောက်ဖို့ ကျွမ်းကျင်ပညာရှင်တွေ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်လေဆိပ်ဟာ ခရီးသွားတစ်စတစ်စ များလာရင် အများကြီးချဲ့ဖို့မဖြစ်နိုင်ဘူး။ လေဆိပ်ဧရိယာပိုင်းရော၊ လေကြောင်းပျံသန်းမှုပိုင်းမှာပါ အဆင်ပြေမယ့် ဟံသာဝတီလေဆိပ်ကို တည်ဆောက်ဖို့လုပ်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် မဆောက်နိုင်ခဲ့ဘူး။ အခု ဒီလေဆိပ်စီမံကိန်း ပြန်စတင်ဖို့ အစီအစဉ်ရှိတယ်လို့သိရတော့ ကောင်းပါတယ်"ဟု မြန်မာ့လေကြောင်းမှ ၀ါရင့်လေယာဉ်မှူးကြီးတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။


မြန်မာနိုင်ငံသို့  ပြည်ပခရီးသည်ဝင်ရောက်မှုကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ဝင်ရောက်နိုင်ရန် မျှော်မှန်းပြင်ဆင်ထားမှုများရှိပြီး ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာနိုင်သည့် ခရီးသွားအနေအထားအရ နောင်သုံးနှစ်နှင့် လေးနှစ်အတွင်း အကောင်အထည်ဖော်ရန်ရှိကြောင်း ပို့ဆောင်ရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၏ ပြောကြားချက်အရ ထပ်မံသိရှိရသည်။

Source : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.