Saturday, September 10, 2011

ပုပ္ပားဟိုတယ်ဇုန် ဖော်ထုတ်ရန် လျာထား

ပုဂံဒေသသို့ လာရောက်မည့် ဧည့်သည်များ တည်းခိုရန်အတွက် ပုပ္ပားတောင်တွင် ဟိုတယ်ဇုန်တစ်ခု ဖော်ထုတ်ရန် လျာထားလျက်ရှိကြောင်း ပုဂံဇုန်ဥက္ကဋ္ဌ ဦးသန်းရွှေထံမှ သိရသည်။

ပုပ္ပားကိုလာဖို့က ညအိပ်စရာအကြောင်းမရှိဘူး။ ပုဂံကတစ်ဆင့်သွားရင် တစ်နာရီလောက်ပဲ သွားရတာပေါ့။ ဟိုတယ်ဇုန် ဖော်ထုတ်ဖို့ဆိုတာက ပုဂံမှာက ဧရာဝတီမြစ်ကမ်းဘေးတွေမှာ နေရာမရှိတော့ဘူးလေ။ ကျန်တဲ့နေရာတွေဆိုရင် စိုက်ပျိုးမြေ၊ သူများနေရာ စတာတွေပါနေတော့ ပုဂံအတွက် မြေနေရာရှာရင်း ပုပ္ပားဘက်မှာဆိုရင် အဆင်ပြေနိုင်မလား စသဖြင့်လျာထားတာပါ ဟု ပုဂံဇုန်ဥက္ကဋ္ဌက ပြောသည်။

ပုဂံဇုန်တွင်လည်း ဟိုတယ်ဇုန် ဖော်ထုတ်ရန် မြေနေရာသုံးခုလျာထားရာ အဆိုပါနေရာများမှာ ဖွားစောရွာ၊ တူရွင်းတောင်ခြေ၊ မြကန်သာနေရာများဖြစ်ပြီး ယင်းနေရာသုံးခုအတွင်း မြကန်သာနေရာမှာ အဆင်ပြေဆုံးနှင့် အသင့်တော်ဆုံးဟု လျာထားကြောင်း၊ ဟိုတယ်လုပ်ငန်းရှင်များသည် အဆိုပါနေရာသုံးခုတွင် မြေများဝယ်ယူထားကြပြီဖြစ်ကြောင်း ၄င်း၏ပြောပြချက်အရ သိရသည်။

ဟိုတယ်ဇုန်ဖော်ထုတ်ဖို့က ၂ နှစ်လောက်ကြာဦးမှာပါ။ အခုမြေရှာ၊ ဒေသအာဏာပိုင်တွေနဲ့ ညှိနှိုင်း စတဲ့ အလုပ်တွေလုပ်နေတယ် ဟု ဟိုတယ်ဇုန်ဖော်ထုတ်ရန် စီစဉ်နေမှုနှင့် လက်ရှိအခြေအနေနှင့် ပတ်သက်၍ ပြောသည်။ ပုဂံဒေသတွင် ဖော်ထုတ်ထားပြီးသော ဟိုတယ်ဇုန်နံပါတ် ၄ တွင် ဟိုတယ်ကြီး ၂ လုံးသာ တည်ဆောက်ထားပြီး ကျန်မြေနေရာများတွင် ထပ်မံတည်ဆောက်ထားခြင်း မရှိသေးသည့်အတွက် မြေပိုင်ရှင် ဟိုတယ်လုပ်ငန်းရှင်များအား တည်ဆောက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၄င်းကပြော သည်။

လတ်တလောတွင် ပုဂံဒေသ၌ ဟိုတယ် ၇၅ လုံးရှိပြီး၊ အခန်းပေါင်း ၁၉ဝဝ ခန့်ရှိရာတွင် နိုင်ငံခြားသား တည်းခိုနိုင်သည့် အဆင့်မီဟိုတယ်မှာအလုံး ၂ဝ ကျော်သာရှိကြောင်း၊ ထို့ကြောင့် ကျန်ဟိုတယ်များအား နိုင်ငံခြားသား တည်းခိုနိုင်သည့် ဟိုတယ်အဖြစ် အဆင့်မြှင့်တင်သွားရန်နှင့် အဆင့်မီဟိုတယ်များကိုလည်း အခန်းများ ထပ်မံတိုးချဲ့သွားရန် ညွှန်ကြားထားကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။

ဝေယံမိုးမြင့်

2 comments:

  1. ပုပ္ပါးနဲ့ ပုဂံ သိပ်မှမဝေးတာ။ Plan လေးကိုသေချာမသိတော့ မပြောတတ်ပါဘူး။

    ခင်တဲ့

    ReplyDelete
  2. လင်းလင်းSeptember 12, 2011 at 10:45 AM

    မှန်ပါတယ်ခင်ဗျာ။ ပုပ္ပါးနဲ့ ပုဂံက သိပ်မဝေးတော့ ပုပ္ပါးဘက်မှာ ဟိုတယ်ဇုန်ဖော်ထုတ်တာ ဖြစ်နိုင်ပါတယ်။ အဲဒီ့ကနေ ပုဂံကိုသွားဖို့လဲ အဆင်ပြေပါတယ်။ အခုလို Comment ရေးပေးတာ ကျေးဇူးတင်ပါတယ်။

    ခင်မင်စွာဖြင့်

    ReplyDelete

Thank you for your comment on my blog, Anythig you can suggesting and discuss to me.