Monday, September 12, 2011

မြန်မာအပါအ၀င် နိုင်ငံပေါင်း ၁၅နိုင်ငံကို အင်ဒိုနီးရှားက ဗီဇာကင်းလွတ်ခွင့်ပြု

Photo by Google
မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ လာရောက်သူများအား အင်ဒိုနီးရှားနိုင်ငံက ဗီဇာကင်း လွတ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တစ်ရပ်အရ သိရှိရပါသည်။ ယင်းသို့ ဗီဇာကင်းလွတ်ခွင့်ပြုလိုက်သည့် နိုင်ငံများမှာ မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ချီလီ၊ အီကွေ ဒေါ၊ ဟောင်ကောင်၊ လာအို၊ မကာအို၊ မလေးရှား၊ မော်ရိုကို၊ ပီရူး၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက် နမ်နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါနိုင်ငံများသည် ဗီဇာမလိုအပ်ဘဲ အင်ဒိုနီးရှားနိုင်ငံတွင်း ရက် ၃၀ ကြာနေထိုင်ခွင့်ရှိသည်ဟု  စင်ကာပူနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။

အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံအဖွဲ့အစည်း၏ ဥက္ကဋ္ဌအဖြစ်ယခုနှစ်တွင် ဆောင်ရွက်နေပြီး အာဆီယံအဖွဲ့အစည်းက နှစ်စဉ်ကျင်းပလေ့ရှိသော ထိပ်သီးဆွေးနွေးပွဲနှင့် အစည်းအဝေးများကိုလည်း လက်ခံကျင်းပလျက်ရှိသည်။ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော အင်ဒိုနီးရှားနိုင်ငံအနေဖြင့်  ယခုနှစ်တွင် လက်ခံကျင်းပရသော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ပြပွဲများသို့ လာရောက်သူများလည်း များပြားခဲ့ကာ ကျန်ရှိနေသေးသည့် အခမ်းအနားများသို့လည်း တက်ရောက်သူ ပိုမိုနိုင်သည် ဟု အင်ဒိုနီးရှားနိုင်ငံ Antara News က ထုတ်ပြန်ထားသည်။ (၁၉)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် နိုဝင်ဘာလ၌ ပြုလုပ်မည်ဖြစ်သည်။ နိုဝင်ဘာလအတွင်းတွင်ပင် (၂၆) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) ကိုလည်း ကျင်းပမည်ဖြစ်ရာ ဒေသတွင်းနိုင်ငံများမှ နိုင်ငံသားများ ရောက်ရှိမှု ပိုမိုလာနိုင်သည် ဟု သိရှိရသည်။ အာဆီယံအတွင်းရေးမှူးချုပ် ရုံးတည်ရှိသည့်အတွက်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအရာရှိများ လာရောက်မှုများမှာ ယခင်ကတည်းက ရှိနေသည်။

၂၀၁၁ ခုနှစ် မတ်လအတွင်း  အာဆီယံဒေသတွင်း နိုင်ငံများမှ ခရီးသွားဦးရေ ၂၁၀၀၀၀ ကျော် အင်ဒိုနီးရှားနိုင်ငံသို့ ၀င်ရောက်ခဲ့ကာ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း နိုင်ငံတို့ အဓိကပါဝင်ခဲ့သည်ဟု သိရှိရသည်။ အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် ခရီးသွားများပြားသော အနေအထားဖြင့် ရပ်တည်နေပြီး ဘာလီကျွန်းမှာလည်း အာရှ၏ကျော်ကြားသော ခရီးသွားဒေသတစ်ခုလည်း ဖြစ်နေသည်။

မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ပါကလည်း ဗီဇာကြိုတင် လျှောက်ထားရန် မလိုအပ်ဘဲ ဆိုက်ရောက်ဗီဇာဖြင့် ၀င်ရောက်ခွင့် ရရှိထားသည်။

Source : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.