Tuesday, September 20, 2011

၂၀၁၁ ခုနှစ် အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပွဲ ၁၈ ရက်တိုင်တိုင်ကျင်းပမည်

၂၀၁၁ ခုနှစ် ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော အင်းလေး ဖောင်တော်ဦးဘုရား ဒေသစာရီ ပင့်ဆောင်ပူဇော်ပွဲကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ၁၅ ရက်နေ့အထိ ညောင်ရွှေမြို့အပါအ၀င် အင်းလေးကန်၏ အရှေ့အနောက်၊ တောင်မြောက်ရှိ ကျေးရွာများမှ ပင်ဆောင်ပူဇော်ရေးဌာန ၂၁ခုသို့ အစဉ်လိုက် ကြွချီ အပူဇော်ခံမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရှိရသည်။

ကျေးရွာအ၀င်အထွက် လမ်းကျဉ်းသော ပူဇော်ရေးဌာနများသို့ ကရ၀ိက်ဖော်တော်ငယ်ဖြင့် ပင့်ဆောင်မည်ဖြစ်ပြီး လမ်းကျယ်သောနေရာများသို့ ဖော်တော်အကြီးဖြင့် ပင့်ဆောင် ပူဇော်သွားမည်ဖြစ်ကြောင်း၊ တစ်ရွာနှင့်တစ်ရွာ ပင့်ဆောင်ပူဇော်ရာတွင် တစ်စင်းလျင် လူအင်အား ၄၀ မှ ၁၀၀ကျော် ထိ ပါဝင်၍ အင်းသားရိုးရာ မတ်တပ်ရပ်၍ ခြေထောက်ဖြင့် လှော်ခတ်မည့် ဆွဲလှေ အနည်းဆုံး ၃၀ မှ ၈၀ ကြား ကရ၀ိက်ဖော်တော်၏ ရှေ့မှဆွဲကာ ကရ၀ိက်ဖောင်တော် အနောက်မှ ဆွမ်းတော်လှေ၊ စည်တော်လှေ၊ လှေယာဉ်တော် ယိမ်းအဖွဲ့လှေ၊ ၀တ်ရွတ်အဖွဲ့လှေ၊ ဓမ္မစကြာ အဖွဲ့လှေတို့နှင့် လိုက်ပါပို့ဆောင်ကြမည့် စက်လှေ(မော်တော်)များ၊ ဆွမ်းကပ်လှေများ ရာဂဏန်းထိ ပါရှိတတ်ရာ လာရောက်ဖူးမြော်လေ့လာသည့် ဧည့်သည်များအတွက် အံ့သြကြည်နူးရကြောင်း ပင့်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုနှစ် အင်းလေးဖောင်တော်ဦးဘုရား ပင့်ဆောင်ရာတွင် စက်တင်ဘာလ ၂၈ ရက်(သီတင်း ကျွတ်လဆန်း ၁ ရက်) နံနက် ၇ နာရီ နန်းဟူးရွာစံကျောင်းမှ စတင်ထွက်ခွာကာ အင်းတိန်ကြေးပေါခုံကျောင်း၊ စက်တင်ဘာ ၂၉ ရက် အင်းတိန်စံကျောင်း၊ စက်တင်ဘာလ ၃၀ ရက် ဟဲယာရွာမကျောင်း၊ အောက်တိုဘာလ ၁ရက် ငါးဖယ်ချောင်းကျောင်း၊ ၂ ရက်နေ့တွင် ကြေးစားကျောင်း၊ ၃ရက်နေ့တွင် ပွဲစားကုန်းကျောင်း၊ လင်းကင်းကျောင်း၊ အောက်တိုဘာ (၄၊၅၊၆) ရက်များတွင် ညောင်ရွှေမြို့ကျောင်းတော်တွင် သုံးရက်စံပြီး ၇ ရက်နေ့တွင် နမ့်သဲကျောင်း၊ မိုင်းသောက်ကျောင်း၊ ၈ရက်နေ့ သလဲဦးကျောင်း၊ ၉ ရက်နေ့တွင် ကေလာကျောင်း၊ ဇရပ်ကြီးကျောင်း၊ ၁၀ ရက်နေ့တွင် ဘုရားပေါက်ကျောင်း၊ နမ့်ပန်ကျောင်း၊ ၁၁ရက်နေ့တွင် မန်ကျည်းဆိပ်ကျောင်း၊ ကျိန်းခမ်းကျောင်း၊ ၁၂ ရက်နေ့တွင် မိုင်းပျိုးကျောင်း၊ ၁၃ ရက်နေ့တွင် နောင်တောကျောင်း၊ ၁၄ ရက်နေ့တွင် အင်းပေါ့ခုန်ကျောင်း၊ ရေသာကျောင်း၊၁၅ ရက်နေ့တွင် ဖောင်တော်ဦး စံကျောင်းတော်(နန်းဟူး)သို့ အစဉ်လိုက် ကြွချီပူဇော်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

စိုင်းအောင်မြတ်(တောင်ကြီး)

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.