Wednesday, September 28, 2011

ချင်းတွင်းမြစ် သောင်ခုံထုများပြားကာ မြစ်တွင်းခရီးသွားများ အခက်အခဲ အများဆုံးနှစ်ဖြစ် ၊ ပွင့်လင်းရာသီ ချင်းတွင်းမြစ်အတွင်း ရွှေလုပ်ကွက်များတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေးရန် ဒေသခံများ လိုလားလျက်ရှိ

ချင်းတွင်းမြစ် သောင်ခုံထုပမာဏမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားကာ ၂၀၁၁ ခုနှစ်တွင် မြစ်တွင်း ခရီးသွားများ အခက်အခဲအများဆုံးနှစ် ဖြစ်ခဲ့ပြီး မိုးအကုန် ပွင့်လင်းရာသီ ချင်းတွင်းမြစ်အတွင်း သယံဇာတရှာဖွေခြင်းနှင့်အတူ အခြားစီးပွားရေးလုပ်ကွက်များတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေးရန် ဒေသခံများ လိုလားလျက်ရှိကြောင်း သိရသည်။
ချင်းတွင်းမြစ်ကမ်းဒေသရှိ မုံရွာမြို့ကမ်း ညောင်ပင်ကြီးဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ်

ချင်းတွင်းမြစ်ရဲ့ သဲသောင်ခုံ ထုထည်ပမာဏဟာ တစ်နှစ်ထက် တစ်နှစ် ပိုပိုပြီး များပြားလာပါတယ်။ အထူးသဖြင့် မြစ်ရေအတက်အကျမှာ ပိုပိုပြီးသိသာလာတယ်။ မြစ်တွင်းခရီးသွားတွေ ဒုက္ခရောက်ရတယ်။ ဥပမာ တစ်နေရာကိုပြောပြရရင်တော့ မုံရွာနဲ့ တစ်ဖက်ကမ်း ညောင်ပင်ကြီးဆိပ်ကမ်းကို သွားရတဲ့ခရီးမှာ သဲသောင်ထုပမာဏက ပိုပိုများလာတယ်။ အရင်နှစ်တွေက လွတ်လွတ်ကင်းကင်း ကပ်လို့ရတဲ့ သဲသောင်ခုံဟာ ဒီနှစ်မှာတော့ ဆိုးဆိုးဝါးဝါးဖြစ်နေပြီး စက်လှေတွေက ရေကြောင်းကျတဲ့နေရာမှာပဲ ကပ်ရတယ်လေ။ ခရီးသွားတွေ ဒုက္ခရောက်ရတာပါပဲ။ ပုံမှန်အနေနဲ့ ချင်းတွင်းမြစ်ကို စက်လှေနဲ့ကူးတာက ခရီးသွားတစ်ယောက်ကို ဆိုင်ကယ်နဲ့ဆိုရင် ဆိုင်ကယ်ခက ကျပ် ၅၀၀၊ လူခက ကျပ် ၂၀၀ ဆိုပြီး ပေးရတယ်။ မြစ်ရေ နည်းနည်းလေးတက်လိုက်လို့ သောင်ခုံပေါ်ရေ၀ပ်နေရင် စက်လှေသွားမရတော့ ခရီးသည်တွေက ခြေကျင်လျှောက်ရတယ်။ ခြေကျင်မလျှောက်နိုင်လို့ ရိုးရိုးလှေစီးသွားမယ်ဆိုရင် လူတစ်ယောက်ကို ကျပ် ၂၀၀ ဆိုင်ကယ်ဆို ကျပ် ၅၀၀ ပဲ။ အသွားအပြန်ခရီးဆိုရင် ခရီးစရိတ်နှစ်ဆကုန်မယ်။ ဒီကြားထဲမှာ စက်လှေပေါ်ကနေ မြို့ပေါ်တက်တက်ချင်း မြို့ဝင်ကြေးဆိုင်ကယ်ခ တောင်းတော့ ချင်းတွင်းမြစ်ကို နေ့စဉ်ဖြတ်သွားဖို့စရိတ်က မလွယ်ဘူးဟု  ဒေသခံခရီးသွားတစ်ဦးက ပြောပြခဲ့သည်။

ညောင်ပင်ကြီးဆိပ်ကမ်းက သဲသောင်ပြင်က သိသိသာသာကြီးကို မြင့်တက်နေတယ်။ ဒီနှစ် နယုန်လ ရေပြာပေါက်ချိန်ကနေ သီတင်းကျွတ်အထိ ရေကလေးခါလောက်တက်ပြီးပြီ။ ရေတက်ပြီးရေပြန်အကျမှာကို သဲသောင်မှာရေက ခြေကျင်းဝတ်အထိပဲမြုပ်တော့ ခရီးသွားတွေငွေကုန်များသလို ဒုက္ခရောက်ရတယ်။ အခုလည်း သဲအိတ်တွေနဲ့ သောင်ခုံကိုဖြတ်ပြီး စက်လှေရှိရာကို အလွယ်တကူသွားနိုင်ဖို့ စနစ်တကျ ပြုပြင်ထားရတယ်။ စက်တင်ဘာလ တတိယပတ်အတွင်းမှာ ပြုပြင်ထားတာပါဟု ညောင်ပင်ကြီးဆိပ်ကမ်းမှ မမိုးဆွေကပြောပြခဲ့သည်။

မြစ်တစ်စင်းရဲ့ အသက်သွေးကြောဟာ ရေဝေရေလဲဧရိယာဖြစ်သလို ရေဝေရေလဲဧရိယာရဲ့ အသက်သွေးကြောဟာ သစ်ပင်သစ်တောဖြစ်ပါတယ်။ သစ်ပင်သစ်တောရဲ့ အသက်သွေးကြောဟာ မြေဆီလွှာဖြစ်ပါတယ်။ မူးမြစ်ပဲဖြစ်ဖြစ် ချင်းတွင်းပဲဖြစ်ဖြစ် ဧရာဝတီပဲဖြစ်ဖြစ်မြစ်ရဲ့ ကြည်လင်သန့်ရှင်းတဲ့ရေပြင် fcrystal clear ဟာ ရွှံ့နှစ်ရောင်ရေပြင် များပြားနေမယ်ဆိုရင်တော့ အဲဒီမြစ်ရဲ့ကျန်းမာရေးဟာ စိုးရိမ်ရပြီ။ အဲဒီရွှံ့ရောင်တွေဟာ မြေဆီလွှာတွေပဲလို့ အကြမ်းဖျင်းပြောလို့ရတယ်။ မြစ်တစ်စင်းရဲ့ထာဝစဉ် ရှင်သန်စီးဆင်းနေဖို့အတွက် မြစ်ညာကနေ တခြားမြစ်မကြီး ဒါမှမဟုတ် ပင်လယ်ထဲကို စီးဝင်တဲ့နေရာအထိ မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ရေဝေရေလဲဧရိယာက အရေးကြီးသလို အဲဒီမြစ်ထဲကို စီးဝင်တဲ့ ချောင်းမြောင်း မြစ်လက်တက်တွေရဲ့ရေစီးရေလာ ကောင်းမွန်ဖို့က အရေးပါတယ်။ ဧရာဝတီ ကျန်းမာဖို့ ထာဝစဉ်ရှင်သန်စီးဆင်းဖို့က ဧရာဝတီကိုယ်တိုင်ရော ဧရာဝတီထဲကိုစီးဆင်းတဲ့ ချင်းတွင်းရဲ့ ကျန်းမာရေးကရော အရေးပါတယ်။ ဧရာဝတီရော ချင်းတွင်းမြစ်ရော ရေဝေရေလဲဧရိယာအတွက် ပတ်ဝန်းကျင်ထိန်း သိမ်းရေးတွေလိုအပ်တယ်။ ဒီလိုမှမဟုတ်ရင် မြစ်တွေရဲ့ဂေဟစနစ်တွေကို ထိခိုက်ပျက်စီးလာနိုင်တယ်။ တကယ်တော့ သောင်ထွန်းတယ်ဆိုတာ ရေဝေရေလဲ ဧရိယာကိုထိခိုက်လို့ ထွန်းတာဖြစ်ပြီး သောင်ထွန်းလို့ ရေဝေရေလဲ ဧရိယာထိခိုက်တာမဟုတ်ဘူးဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လေ့လာနေသူတစ်ဦးက ပြောပြခဲ့သည်။

မြစ်တွေနဲ့ပတ်သက်လို့ပြောရရင် မြစ်တွေဆီကရတဲ့ သယံဇာတတွေကို ထုတ်ယူခွင့်မရှိဘူးဆိုတဲ့ ရေအရင်း အမြစ်နဲ့ မြစ်ကြောင်းထိန်းသိမ်းရေး ဥပဒေရှိတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ဥပဒေကို တိတိကျကျ လိုက်နာသင့်သလို ကိုယ့်အတ္တ ကိုယ်ကျိုးတစ်ခုတည်းကိုပဲ မကြည့်သင့်ဘူး။ အခုဆိုရင် မိုးကုန်ပြီး ပွင့်လင်းရာသီ ရောက်လာတော့မယ်။ မိုးတွင်းမှာ ရွှေကျင်လုပ်ငန်းတွေ ပြန်ပြီးစတင်ကြတော့မယ်ဟု ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့မှ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

ချင်းတွင်းမြစ် အထက်ပိုင်း ရွှေကျင်တဲ့ကုမ္ပဏီဝန်ထမ်းတွေ ပြောဖူးတာကတော့ မနှစ်ကတော့ တစ်ရက်ကို ရွှေရှစ်ကျပ်သားလောက် ရတဲ့သူတွေရှိတယ်လို့ ပြောပြဖူးတယ်။ အကျိုးဖြစ်ထွန်းတာ ဘယ်သူလဲ၊ မြစ်ကြောင်းတစ်လျှောက် နေထိုင်မှီခိုကြတဲ့ဒေသခံတွေရဲ့ ဂေဟစနစ်ကို ထိခိုက်မှုရှိနိုင်သလား စတာတွေကို အားလုံးက ထည့်သွင်းစဉ်းစားသင့်ပါတယ်ဟု ချင်းတွင်းမြစ်တွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ၀န်ထမ်းတစ်ဦးက ပြောပြခဲ့သည်။

ပြီးခဲ့တဲ့ရာသီက ရွှေမျောလုပ်ငန်းတွေကို တားမြစ်ခဲ့သေးတယ်။ လိုက်နာသူတွေရှိသလို မလိုက်နာဘဲ လက်တစ်လုံးခြား လုပ်ကိုင်သူတွေ ရှိတယ်လို့သိရတယ်။ လာမယ့် ပွင့်လင်းရာသီမှာရော ဘယ်သူတွေ ဘာလုပ်ဦးမှာလဲ....။ ချင်းတွင်းမြစ်အတွင်းမှာ စွန့်ပစ်ပစ္စည်းတွေကို စည်းကမ်းမဲ့ စွန့်ပစ်သူတွေပစ်နေချိန်မှာ မြစ်နံဘေးမှာ မြေဆီလွှာတည်တံ့ရေးအတွက် သစ်ပင်စိုက်သူတွေက စိုက်နေကြတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဂရုစိုက်နေကြချိန်မှာ မြစ်ထဲကို အမှိုက်ကြွပ်ကြွပ်အိတ်တွေ စည်းကမ်းမဲ့ပစ်နေကြတယ်။ ဘာပဲပြောပြော လာမယ့် ပွင့်လင်းရာသီကစပြီး ချင်းတွင်းမြစ်တွင်း စီးပွားရေးလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ မြစ်ရဲ့ရေဝေရေလဲဧရိယာပေါ်မှာ ထာဝရစီးဆင်းရေးအတွက် ဂရုစိုက်ပြီး လုပ်ကိုင်သင့်တယ်လို့ထင်တာပါပဲဟု ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

ချင်းတွင်းမြစ်ရဲ့ မြစ်ဖျားခံရာအပိုင်းကနေ ဧရာဝတီကိုစီးဆင်းတဲ့နေရာအထိ သူဖြတ်သန်းခဲ့တဲ့ နေရာတိုင်းမှာရှိတဲ့ ချင်းတွင်းမြစ်ရဲ့ ရေဝေရေလဲဧရိယာတွေ၊ သစ်ပင်သစ်တောတွေ၊ မြေဆီလွှာတွေ ထိန်းသိမ်းဖို့၊ တည်တံ့ဖို့ အရေးကြီးပါတယ်ဟု ဒေါက်တာဇော်မြင့်နီက ပြောပြခဲ့သည်။

Source : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.