Thursday, September 29, 2011

မြို့ပတ်ရထား လုပ်ငန်းအတွက် လျှောက်ထားသူ ၁၅ ဦးရှိနေပြီး လုပ်ငန်းကြီးတစ်ခုသာလျှင် ကြိုးစားလုပ်ဆောင်နေ

ရန်ကုန်မြို့ပတ်ရထား ပုဂ္ဂလိကလုပ်ငန်း ပေးအပ်ရေးအတွက် စက်တင်ဘာလ နောက်ဆုံးပတ်တွင် နေပြည်တော်၌ ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်း သိရပြီးနောက် ပုဂ္ဂလိကလုပ်ငန်းရှင် ၁၅ ဦး လာရောက်၍ အခြေခံစည်းကမ်း သတ်မှတ်ချက်များကို ရယူခဲ့ကာ ထဲထဲဝင်ဝင် သေသေချာချာ လေ့လာခြင်းအတွက်ကိုမူ ကုမ္ပဏီကြီး တစ်ခုကသာ လုပ်နေကြောင်း စုံစမ်းသိရှိရသည်။ မြို့ပတ်ရထားလမ်း လုပ်ကိုင်ခွင့် ပုဂ္ဂလိက ပေးရေးအတွက် မြန်မာ့မီးရထားဝန်ကြီးဌာနက အခြေခံအချက် ၄၉ ချက် ပါဝင်သော စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့သော်လည်း အမှန်တကယ် စိတ်ဝင်တစား လုပ်ကိုင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များက လက်တွန့်လျက်ရှိနေသည်ဟု သိရသည်။ 
“ကိုယ်တို့ဆီမှာတော့ စည်းကမ်းချက် လာထုတ်ပြီး လျှောက်လွှာတင်တာက ကုမ္ပဏီ ၁၅ ခုလောက်ရှိတယ်။ တကယ်တမ်း ထဲထဲဝင်ဝင် လုပ်နေတာက တစ်ခုပဲရှိတယ်၊ ရွှေတောင်ဖွံ့ဖြိုးရေး ကုမ္ပဏီပါ။ သူတို့ကတော့ တကယ့်ကို ရထားစီးခြင်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ အတွက်ရယ်၊ လမ်းပြမီးစနစ်တွေ အတွက်ရယ်ကို သေသေချာချာ လေ့လာနေတာ တွေ့ရတယ်။ Survey တွေ လုပ်တယ်။ ရထားစီးနင်းသူတွေဆီက Data တွေ ကောက်တယ်။ ရထားစီးတဲ့သူတွေ သုံးစွဲနိုင်မယ့် ငွေကြေးကို ကြည့်တယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “မြို့ပတ်ရထားလမ်း ပေးပြီးရင် မြို့ပတ်ရဲ့ အခြေခံ အဆောက်အအုံတွေ ကောင်းမွန်လာအောင် လုပ်ရမယ်။ လက်မှတ် ဝယ်တာဆိုရင်လည်း အချို့ဘူတာတွေမှာ လက်မှတ်ကို အပေါ်တက်ပြီးဝယ်ရတယ်။ အောက်ကိုပြန်ဆင်းပြီး ရထားလာနေရင် အတင်းပြေးရတယ်။ တချို့ဆိုရင် မမီတာတွေ၊ ချော်လဲတာတွေ ဖြစ်ရတယ်။ ပြီးတော့ ဘူတာတွေမှာ စားသောက်ဆိုင်ခန်းလေးတွေနဲ့ အခြားလိုအပ်တာလေးတွေ ဖြည့်စွက် ထည့်သွင်းပေးရမယ်။ ဒါမှ ပုဂ္ဂလိကလည်း ကိုက်မှာလေ” ဟု ယင်းက ဆက်လက်ပြောကြားသည်။ “စက်တင်ဘာ နောက်ဆုံးပတ် ထပ်မံ ဆွေးနွေးမယ်လို့တော့ မီဒီယာတွေမှာ ဖော်ပြကြတာပဲ၊ ဒုဝန်ကြီးကလည်း ပြောထားတယ်။ ရက်ကိုတော့ အတိအကျ မသတ်မှတ်သေးဘူး။ တကယ်တမ်း ဒီလုပ်ငန်းကြီးကို ဖွံ့ဖြိုးစေချင်တဲ့ သူတွေသာ လုပ်သင့်တယ်။ လောလောဆယ်တော့ ရွှေတောင်တစ်ခုပဲ သေသေချာချာ လုပ်နေတယ်” ဟု ယင်းကဆက်လက် ပြောကြားကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.