Thursday, October 20, 2011

ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုမှ ခရီးသွားများအား ရန်ကုန်၊ မန္တလေး၊ တာချီလိတ်(၀မ်ပုံ) တို့တွင် ဆိုက်ရောက်ဗီဇာ ပေးရန်စီစဉ်

ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများမှ ၀င်ရောက်လာမည့် ခရီးသွားများအား ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နယ်စပ်ဝင်ပေါက်ဖြစ်သည့် တာချီလိတ်(၀မ်ပုံ)တို့တွင် ဆိုက်ရောက်ဗီဇာဖြင့် ပြည်ဝင်ခွင့်ပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ၂၀၁၁ ခုနှစ် စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် နိုင်ငံတကာ ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ကွန်ဖရင့် အစည်းအဝေးတွင် အာဆီယံဒေသကြီးကို တစ်ခုတည်းသော ခရီးစဉ်ဒေသအဖြစ် ၂၀၁၅ ခုနှစ်တွင် သတ်မှတ်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ၂၀၁၁ ခုနှစ် အောက်တိုဘာလ ပထမပတ်အတွင်းက ပြုလုပ်ခဲ့သော နိုင်ငံခြားသား ဧည့်သည် ၀င်ရောက်မှု အဆင်ပြေလွယ်ကူရေးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံအတွက် အလေ့အကျင့်နှင့် အတွေ့အကြုံ ကောင်းများ ရရှိစေရန်ရည်ရွယ်ချက်ဖြင့် လေးနိုင်ငံခရီးစဉ်တစ်ခု(Four Countries One Destination) အဖြစ် စတင်ကျင့်သုံးရန် ညှိနှိုင်းနေကြောင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံ များမှ ၀င်ရောက်လာမည့် နိုင်ငံခြားသား ခရီးသည်များအား ရန်ကုန်လေဆိပ်၊ မန္တလေးလေဆိပ်၊ နယ်စပ်ဝင်ပေါက် ဖြစ်သော တာချီလိတ်(၀မ်ပုံ)တို့တွင် ဆိုက်ရောက်ဗီဇာဖြင့် ပြည်ဝင်ခွင့်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိတွင် ခရီးသွားကုမ္ပဏီများသည် ကုမ္ပဏီ၏အစီအစဉ်ဖြင့် လာရောက်မည့် မြန်မာသံရုံးမရှိသော နိုင်ငံများမှ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာများကိုဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန မှတစ်ဆင့် လျှောက်ထားသည့်စနစ်ကို အသုံးပြုလျက်ရှိသည်။ 

ယင်းစနစ်မှာ ၂၀၁၀ ပြည့်နှစ် မေလဆန်းမတိုင်မီအထိ အသုံးပြုခဲ့သောစနစ်ဖြစ်ပြီး မေလဆန်းတွင်မူ ကြိုတင်စီစဉ်ရန်မလိုသည့် ဆိုက်ရောက်ဗီဇာများကို ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် မန္တလေးတံတား ဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ထုတ်ပေးခဲ့သည်။ ထို့နောက် ၂၀၁၀ပြည့်နှစ် စက်တင်ဘာလမှ စတင်၍ ဆိုက်ရောက် ဗီဇာထုတ်ပေးမှုကို ခေတ္တရပ်ဆိုင်းခဲ့ကာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသို့ လျှောက်ထားမှုအစား ပြည်ထဲရေးဝန်ကြီးဌာနသို့ ပြောင်းလဲ လျှောက်ထားခဲ့ရကြောင်း၊ လက်ရှိတွင်မူ ယခင်စနစ်ကိုပြန်လည် ကျင့်သုံးလျက်ရှိကြောင်း သိရှိရပါသည်။

Source : News Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.