ရန်ကုန်မြို့တွင် ထိန်းသိမ်းစောင့်ရှောက်သင့်သော အမွေအနှစ်များမှာ မသိနားမလည်မှုများကြောင့် ဆုံးရှုံးနေရပြီး မြို့ပြအမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ်များ နှင့် ပတ်သက်၍ စာတမ်းပြုစုသူတစ်ဦးက ပြောပြခဲ့သည်။ စာတမ်းရှင်တစ်ဦးဖြစ်သူ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှိုင်မော်ဦးက ဂရုမစိုက်၊ နားမလည်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်မတို့ရဲ့ အမွေအနှစ်တွေ ဆုံးရှုံးရတဲ့ ပြဿနာ ရှိတယ်ဟုဆိုသည်။

မြို့ပြအမွေအနှစ်ဟု ခေါ်ဆိုရာတွင် လက်ဆုပ်လက်ကိုင်ပြသနိုင်သော အမွေအနှစ်များနှင့် လက်ဆုပ် လက်ကိုင်ပြသ၍ မရနိုင်သော အမွေအနှစ်များရှိသည်ဟု စာတမ်းရှင်က ပြောပြခဲ့ပြီး နှစ်မျိုးစလုံးကို ထိန်းသိမ်း စောင့်ရှောက်သင့်သည်ဟု ဆိုသည်။ လက်ဆုပ်လက်ကိုင် ပြသနိုင်သော အမွေအနှစ်များမှာ သဘာဝ အရပင်ဖြစ်စေ၊ လူများတည်ဆောက်၍ဖြစ်စေ ပေါ်ပေါက်လာသော ရေမြေသစ်ပင် ပတ်ဝန်းကျင်နှင့် အဆောက်အအုံများ၊ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများ၊ သမိုင်းဝင် ရှေးဟောင်း စေတီပုထိုးများ၊ သာသနိက အဆောက်အအုံများ၊ ကိုလိုနီခေတ် အဆောက်အအုံများ၊ လူမျိုးစုဆိုင်ရာ အဆောက်အအုံများ၊ လူနေ အဆောက်အအုံများသည် လက်ဆင့်ကမ်းရမည့် အမွေအနှစ်များဖြစ်ပါသည်။
လက်ဆုပ်လက်ကိုင် ပြလို့မရတဲ့အချက်တွေက ရေမြေသစ်ပင် ပတ်ဝန်းကျင်နှင့် အဆောက်အအုံတွေကို အကြောင်းပြုပြီးတော့ လူတွေရဲ့ သွားလာလှုပ်ရှား အသုံးပြုနေမှုတွေ၊ ပတ်ဝန်းကျင်နဲ့ ဆက်စပ်ပြီးတော့ ပေါ်ပေါက်လာတဲ့ ယဉ်ကျေးမှုနဲ့ လူတွေရဲ့ ဓလေ့ထုံးတမ်းတွေဟာလည်း လက်ဆုပ်လက် ကိုင်ပြလို့မရတဲ့ အမွေအနှစ်တွေပါ ပဲဟု ဒေါ်လှိုင်မော်ဦးကပြောသည်။

စိမ်းလန်းမှု ရှိပြီးသားဖြစ်သော ရန်ကုန်မြစ်၏ မြစ်ကမ်းပါးတစ်လျှောက်၊ ကန်တော်ကြီး၊ အင်းယားကန် ပတ်ဝန်းကျင်၊ လှော်ကားကန်ပတ်ဝန်းကျင် စသော Public Space နေရာများနှင့် ရွှေတိဂုံဘုရား၊ ဆူးလေဘုရား၊ ဗိုလ်တထောင် ဘုရားနှင့် ပြည်သူ့ရင်ပြင်ကဲ့သို့ သော် အများပြည်သူဝင်ရောက်နိုင်သော Open Space နေရာများကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လာမည်ဖြစ်သည်။ "ပြည်သူ့ရင်ပြင်လို နေရာမျိုးမှာနားမလည်ဘဲ အဆောက်အဦးတစ်ခုခု ဒါမှမဟုတ် အချွန်ထိုးထိုး ထောင်ထောင်တစ်ခုခု လုပ်ခဲ့ရင် မြင်ကွင်းတွေ ပိတ်ကုန်မယ်။ ထိန်းသိမ်းရမယ့် ဧရိယာဆိုတာ ရှိတယ်။ ဒါကို သဘောမပေါက်ဘဲနဲ့ တစ်ခုခုသွားဆောက်လိုက်ရင် အနေအထားတွေ ပြောင်းကုန်တယ်" ဟု ဒေါ်လှိုင်မော်ဦးက ဆိုသည်။

နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်မြို့တွင် သစ်ပင်များလျော့ကျသွားကာ စိမ်းလန်းမှုများ ဆုံးရှုံးလာခြင်း၊ မြို့ထဲဧရိယာတွင် နေထိုင်ရမည့် လူဦးရေထက် ပိုမိုနေထိုင်လာခြင်းကြောင့် လူဦးရေ ကျပ်သိပ်ကာ ကျန်းမာရေးပြဿနာများ ရှိလာခြင်း၊ ရန်ကုန်မြို့၏အချို့နေရာများတွင် လုံလောက်သော လူသွားစင်္ကြံများ မရှိခြင်း၊ ယာဉ်ကြောပိတ်ဆို့မှု များပြားလာခြင်း၊ ရေစီးရေလာနှင့် ပတ်သက်၍ ရေဝပ်မှုများရှိလာခြင်း၊ လေထုညစ်ညမ်းမှု၊ အသံဆူညံမှုများ ရှိလာခြင်းများကြောင့် ရန်ကုန်မြို့တွင် အကျိုးသက်ရောက်မှုများ ရှိလာကြောင်း သိရသည်။

စာတမ်းရှင် ဒေါ်လှိုင်မော်ဦးက ရန်ကုန်မြို့ဟာ ရေရှည်မှာ ဘာအနေနဲ့ ဆက်ပြီးရပ်တည်မလဲ။ စီးပွားရေး မြို့တော်အနေနဲ့ ရပ်တည်ဖို့ ဘာတွေလိုအပ်မလဲ။ လူတွေအနေနဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနေနိုင်တဲ့ ရပ်ဝန်းကြီးတစ်ခု ဖြစ်လာမလား။ ရန်ကုန်မြို့မှာ ပြည်တွင်းဆိပ်ကမ်းတွေ ရှိသလို ပြည်ပကိုတင်ပို့တဲ့ ဆိပ်ကမ်းတွေလည်း ရှိတယ်။ ရွှေတိဂုံဘုရားကို အကြောင်းပြုပြီးတော့ ဘာသာရေးအရ အရေးပါတဲ့ မြို့တစ်ခုဖြစ်မလား၊ စဉ်းစားသင့်တာပေါ့ဟု ဆိုသည်။ ၄င်းက ဆက်လက်၍ ကောင်းကွက်အနေနဲ့ ကိုယ့်ရဲ့ယဉ်ကျေးမှုအရ စိတ်ဓာတ်ကလေးတွေ အခုအချိန်အထိရှိနေတယ်။ ငယ်တဲ့သူက ကြီးတဲ့သူကို ရိုသေတာ၊ ကြီးတဲ့သူက ငယ်တဲ့သူကို စောင့်ရှောက်တာ၊ မိသားစုအလိုက်ပေါ့။ မိဘနဲ့ သားသမီး ဘိုးဘွားဘီဘင် တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်တတ်တဲ့ ကျွန်မတို့ရဲ့ လူမှုရေး ဓလေ့စရိုက်တွေက အခုထိ ကျန်ရှိနေသေးတာတွေ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် အဆင် ပြေပြေနေနိုင်တဲ့ လူမှုပတ်ဝန်းကျင်လေး တစ်ခု ရန်ကုန်မြို့မှာရှိနေသေး တယ်ဟုဆိုသည်။

ထက်နိုင်ဇော်
Source : Venus News Journal

0 Comments:

Post a Comment



Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.

Creative Commons License