Monday, November 21, 2011

မြန်မာ့လေကြောင်း ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် ရပ်တည်ရတော့မည်

လာမည့် ဘဏ္ဍာရေးစနစ်သစ်အရ မြန်မာ့လေကြောင်းအနေဖြင့် မိမိလေကြောင်းလိုင်းမှ ရရှိသောဘတ်ဂျက်ဖြင့် ကိုယ်တိုင်ရပ်တည်ရတော့မည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြားခဲ့ကြောင်း သိရသည်။ အရင်းအနှီးကြီးမားသော စီးပွားရေးလုပ်ငန်းများတွင် မြန်မာ့လေကြောင်းသည်လည်း အပါအဝင်ဖြစ်ပြီး လေယာဉ်ပြင်ဆင်စရိတ်နှင့် အာမခံလုပ်ငန်းများကို နိုင်ငံတော်က စိုက်ထုတ်သုံးစွဲပေးနေရကြောင်း၊ လာမည့်နှစ်မှစ၍ ဘဏ္ဍာရေး စနစ်သစ်အရ မြန်မာ့လေကြောင်းအနေဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြရတော့မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။ ယင်းသို့ ဝင်ငွေကို ကိုယ်တိုင်အသုံးပြုရတော့မည်ဆိုလျှင် လေကြောင်းစီးပွားရေးဆိုင်ရာ ဥပဒေကို ဦးစွာဖော်ဆောင်နိုင်ရန် လိုအပ်ကြောင်း မြန်မာ့လေကြောင်းမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးဖြစ်သူ ဦးထွန်းတင့်အေးက ပြောသည်။ အဆိုပါဥပဒေအရ နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သော မြန်မာ့လေကြောင်းအနေဖြင့် အမျိုးသားအလံတင် လေကြောင်းဖြစ်ခွင့်အပြင် လေယာဉ်စီးပွားရေးလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော လေယာဉ်လက်မှတ် အရောင်းအေးဂျင့်များ လုပ်ကိုင်ခွင့်၊ လေဆိပ်အတွင်း မြေပြင်ဝန်ဆောင်မှု လုပ်ငန်းများ အပါအဝင် လေကြောင်းနှင့် ဆက်စပ်လုပ်ငန်းများအားလုံးကို လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ “မြန်မာ့လေကြောင်းမှာက ဝန်ထမ်းပေါင်း ၁၀၀၀ ကျော်ရှိတယ်။ နောက်ပြီး ပင်စင်သမားတွေလဲ ရှိသေးတယ်။ အခုတောင် တခြားလေကြောင်းလိုင်းတွေက မပျံတဲ့ဒေသတွေကို အရှုံးခံပြီး ပျံသန်းပေးနေရတာဆိုတော့ ပြောခဲ့တဲ့အတိုင်း လေကြောင်းလုပ်ငန်းအပြင် လေကြောင်းနဲ့ အခြားဆက်စပ်လုပ်ငန်းတွေကိုပါ နိုင်ငံပိုင်လေကြောင်းလိုင်းက လုပ်ကိုင်ခွင့်ရမှသာ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်” ဟု ယင်းက ထပ်မံပြောကြားခဲ့ကြောင်း Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.