Wednesday, November 23, 2011

ဥရောပမီးပုံးပျံအဖွဲ့ မြန်မာ၌ ၁၅ ရက်ကြာ ပျံသန်းမည်

ဆွစ်ဇာလန်နိုင်ငံမှ မီးပုံးပျံချန်ပီယံခေါင်းဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံအတွင်း ၁၄ ကြိမ်မြောက်အဖြစ် ၁၅ ရက်ကြာ လာရောက်ပျံသန်းမည် ဖြစ်ကြောင်း Golden Express ခရီးသွားလုပ်ငန်းမှ သိရသည်။ “၂ဝ၁၂ ဇန်နဝါရီလကုန်မှာ လာပျံမယ်။ အဖွဲ့ဝင် ၃၃ ဦးပါမယ်။ ဒီနှစ်က အရင်နှစ်တွေကမပျံဖူးတဲ့ ပခုက္ကူမြို့ပေါ်ကိုပါ ဖြတ်ပျံဖို့ရှိတယ်” ဟု အထက်ပါ ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ မီးပုံးပျံအဖွဲ့သည် မီးပုံးပျံ ၇ လုံးဖြင့် ပျံသန်းကြမည်ဖြစ်ပြီး အင်းလေး၊ ညောင်ရွှေ၊ မန္တ လေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ပုဂံ တို့သို့ ၁၅ ရက်ကြာ ပျံသန်းကြမည်ဖြစ်ကြောင်း သိရသည်။ မီးပုံးပျံအဖွဲ့ခေါင်းဆောင် Mr. Peter Blaser နှင့်အတူ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ဆွစ်ဇာလန်နိုင်ငံတို့မှ အဖွဲ့ဝင်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။

”မီးပုံးပျံအဖွဲ့ထဲမှာ လေထီးခုန်မယ့်သူနှစ်ဦးကလည်း လေထီး အလှခုန်ပြဖို့ရှိတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ 
အဆိုပါ မီးပုံးပျံအဖွဲ့သည် ၁၉၉၉ ခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံသို့ လာရောက်ပျံသန်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေမြေတော တောင်သဘာဝလှပမှု၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့များ၏ ကူညီမှုနှင့်လုံခြုံရေး စိတ်ချရမှုတို့ကြောင့် နှစ်စဉ် လာရောက်ပျံသန်းခြင်းဖြစ်ကြောင်း၊ ပျံသန်းခဲ့သမျှနိုင်ငံထဲတွင် မြန်မာနိုင်ငံသို့ လာရောက်ပျံသန်းမှု အကြိမ်အများဆုံးဖြစ်ကြောင်း သိရသည်။ အဆိုပါအဖွဲ့သည် ပထမဆုံး အကြိမ်အဖြစ် လှိုင်သာယာတွင် စတင်ပျံသန်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ တောင်ကြီး၊ လွိုင်ကော်၊ အင်း လေး၊ မန္တလေး၊ စစ်ကိုင်းစသည့် မြို့ များတွင် ပျံသန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးနိုင်ငံတကာ မီးပုံးပျံပျံသန်းခြင်းကို ပြင်သစ်အခြေစိုက် Yangon Productionမှ Ushuaia Nature ဟု အမည်ပေးထားသော သတင်းကား ရိုက်ကူးရန်အတွက် ပြင်သစ်ရုပ်ရှင်မင်းသား Nicolas ကိုယ်တိုင် ပုဂံနှင့် အင်းလေးတွင် မီးပုံးပျံစီး၍ အကြိမ်ကြိမ်  ရိုက်ကူးခဲ့ဖူးကြောင်း၊ ယင်းသတင်းကားကို ပြင်သစ် ရုပ်မြင်သံကြားတွင် ပြသခဲ့သဖြင့် မြန်မာ့အလှကို ပြင်သစ်လူမျိုးတို့ ပိုမိုသိရှိသွားကာ ၁၉၉၅ နောက်ပိုင်းတွင် ပြင်သစ်ဧည့်သည် အမြောက်အမြား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြောင်း ၄င်းကပြောကြားခဲ့သည်။

Source : Popular News

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.