Tuesday, December 27, 2011

မြန်မာ့လေကြောင်း လေယာဉ်သစ်နှစ်စင်း ဝယ်ယူမည်

နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်တဲ့ မြန်မာ့လေကြောင်းလိုင်းက ပြည်တွင်းမှာ ပျံသန်းပြေးဆွဲဖို့ လေယာဉ်အသစ် နှစ်စင်း ဝယ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ “လေယာဉ်အသစ် နှစ်စင်းကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အကုန်ပိုင်းလောက်မှာ ဝယ်ယူမှာ၊ အဲဒီလေယာဉ်တွေကို မြန်မာ့လေကြောင်းက ပြေးလမ်းတို လေယာဉ်ကွင်းမှာ အသုံးပြုသွားမှာ” လို့ မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးညွန့်လွင်က ပြောပါတယ်။ မြန်မာ့လေကြောင်းက ဝယ်ယူမယ့် လေယာဉ်အမျိုးအစားက Beechraft 1900 D အမျိုးအစားဖြစ်ပြီး ပြင်သစ်နိုင်ငံက မှာယူထားတာ ဖြစ်ပါတယ်။ ခရီးသည် ပို့ဆောင်ရေးအတွက် သာမက ကုန်တင်လေယာဉ် အဖြစ်ပါ အသုံးပြုနိုင်ဖို့ ဝယ်ယူထားတာ ဖြစ်ပြီး ခရီးသည် ၁၉ ဦးသာ လိုက်ပါနိုင်ပါတယ်။ လေယာဉ်အသစ်တွေကို ထားဝယ်၊ ကျောက်ဖြူ၊ စစ်တွေ၊ ရေနက်ဆိပ်ကမ်းမြို့တွေကို လေယာဉ်ခရီးစဉ် အသစ်တွေအနေနဲ့ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး မြန်မာ့လေကြောင်းက လေယာဉ်အသစ် နှစ်စင်းကို အသုံးပြုသွားမှာ ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်

Source : Khit Lu Nge

Thursday, December 22, 2011

မြန်မာနိုင်ငံ၏ တတိယမြောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို နေပြည်တော်တွင်ဖွင့်လှစ်

စုစုပေါင်းခရီးသည် ငါးသန်းကို ဝန်ဆောင်မှုပေးနိုင်မည့် မြန်မာနိုင်ငံ၏ တတိယမြောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးကို မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင် ယခုလ ၁၉ ရက်နေ့က ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် မစ္စတာ တိုက်ပင်းကော်တို့က ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ လေဆိပ်ကြီးကို စင်ကာပူနိုင်ငံ CPG Consultant ကုမ္ပဏီ၏ နည်းပညာအကူအညီဖြင့် မြန်မာနိုင်ငံ အေးရှားဝေါလ်ကုမ္ပဏီမှ တည်ဆောက်ခဲ့ခြင်းဖြစ်ကာ အမေရိကန်ဒေါ်လာ သန်း၃၀၀ ခန့်နှင့် မြန်မာကျပ်ငွေ ၂၇ ဘီလျံခန့် ကုန်ကျခဲ့သည်ဟု သိရသည်။ အဆိုပါ လေဆိပ်သစ်ကြီးသည် လေယာဉ်ဆိုက်ကပ်နိုင်သည့် ပေါင်းကူးတံတား ၁၀ စင်းပါဝင်ကာ ဘိုးရင်း ၇၄၇ လေယာဉ်ကြီးနှစ်စင်း တစ်ပြိုင်နက် ဆိုက်ကပ်ရပ်နားနိုင်မည့် တံတားနှစ်စင်းနှင့် အခြားလေယာဉ်များ ရပ်နားနိုင်သည့် တံတားရှစ်စင်းသို့ ဖြစ်ကြသည်။ တစ်နှစ်လျှင် လေယာဉ်စင်းရေ ၅၀,၀၀၀ မှ ၆၅,၀၀၀ အထိ ဆိုက်ရောက်နိုင်မည်ဖြစ်ကာ ပြည်တွင်းခရီးသည် နှစ်သန်းနှင့် ပြည်ပခရီးသည် သုံးသန်းကို ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။ နေပြည်တော် လေဆိပ်သစ်ကြီးသည် မြန်မာနိုင်ငံတွင် တတိယမြောက်ဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်လာပြီး အကြီးဆုံးလေဆိပ်လည်း ဖြစ်သည်။ လေဆိပ်အဆောက်အဦးသည် စတုရန်းပေခြောက်သိန်းကျော် ကျယ်ဝန်းပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆောက်အအုံသည် စတုရန်းပေ လေးသိန်းနှစ်သောင်းခန့်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သည် စတုရန်းပေ လေးသိန်းခြောက်သောင်းခန့်သာ ကျယ်ဝန်းသည်။ လေယာဉ်ပြေးလမ်းအရှည်မှ ၃ ဒသမ ၆ ကီလိုမီတာ ရှည်လျားပြီး ထိန်းချုပ်ရေးမျှော်စင်မှာ ၆၉ မီတာမြင့်သည် ဟိုသိရသည်။ လေဆိပ်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၀၇ ခုနှစ်၊ ဧပြီလတွင်စတင်ခဲ့ခြင်းဖြစ်ကြောင်း  မြန်မာတိုင်း(မ) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Source : Khit Lu Nge

Thursday, November 24, 2011

CBT ခရီးသွားလုပ်ငန်း စတင်ပါက ပုဂံ၊ ကလော ဒေသသည် အကောင်းဆုံးဖြစ်

မြန်မာနိုင်ငံတွင် လူထုစီးပွားရေး အခြေခံ ခရီးသွားလာရေးလုပ်ငန်း (CBT)စတင်ပါက ပုဂံနှင့် ကလောဒေသသည် အကောင်းဆုံးဖြစ်ကြောင်း ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက ပြောသည်။ "CBTဆိုတာက ဒေသခံတွေနဲ့နေတယ်။ သူတို့လုပ်ငန်းကို လေ့လာတယ်။ ညအိပ်တယ်။ သဘာဝ အတိုင်းနေတာမျိုးပါ။ ဒီမှာမရှိသေးဘူး။ ကြိုးစားနေတဲ့အဆင့်ပဲ ရှိတယ်။ သူများနိုင်ငံတွေမှာ အောင်မြင်နေပြီ" ဟု ယင်းပုဂ္ဂိုလ်ကဆိုသည်။ CBT လုပ်ငန်း ဆောင်ရွက်ပါက နိုင်ငံခြား ဧည့်သည်များအတွက် လုံခြုံရေး၊ အစားအသောက်၊ ရေချိုးခန်း၊ သန့်စင်ခန်း သပ်ရပ်မှုရှိရန် လိုအပ်မည်ဖြစ်သည်။

"ပုဂံနဲ့ ကလောဘက်မှာတော့ CBTက သေချာပေါက် လုပ်လို့ရတယ်။ ကမ်းခြေဒေသတွေမှာတော့ ညအိပ်လို့ အဆင်မပြေတဲ့အတွက် မဖြစ်နိုင်သေးဘူး" ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။ မြန်မာနိုင်ငံတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း Ecotourism စတင်နေပြီဖြစ်ပြီး ယင်းစနစ်တွင် CBT လုပ်ငန်းအား ထည့်သွင်းနိုင်ကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် CBT လုပ်ငန်း စတင်ရန်အတွက် အဘက်ဘက်မှပြည့်စုံရန် လိုအပ်နေကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။

Source : Venus News Journal

Wednesday, November 23, 2011

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရင်းနှီးမြှုပ်နှံမှု ထပ်တိုးဖို့လိုအပ်နေ

ယခုအချိန်တွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ၀င်လာနိုင်သည့် အခြေအနေဖြစ်နေပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးချဲ့ရန် အခြေအနေကောင်းတစ်ရပ် ဖြစ်နေကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ် ရေ၀င်မှုကြောင့် ရပ်နားထားရသော ထိုင်းလေယာဉ်များ မြန်မာ့လေယာဉ်ကွင်းသို့ ပြောင်းရွှေ့ရပ်နားရန် ကမ်းလှမ်းကြောင်း ၄င်းက ပြောကြားသည်။ “အဲဒီလေဆိပ်မှာ ရပ်နားနေတဲ့ လေယာဉ်တွေကို မြန်မာပိုင် လေယာဉ်ကွင်းမှာ ရပ်နားခွင့်တောင်းပေမယ့် ဘယ်ကွင်းမှာမှ ဧရိယာအကျယ်အ၀န်း မလုံလောက်လို့ ငြင်းလိုက်ရတယ်။ တကယ်ဆို ဒီအခွင့်အရေးဟာ ကိုယ်တွေအတွက် အချိန်နဲ့အမျှ ငွေရနေမှာကို လက်လွှတ်လိုက်ရတာ”ဟု ၄င်းက ဆက်လက်ပြောကြားသည်။ ဆက်လက်၍ ၄င်းက “ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရင်းနှီးမြှုပ်နှံမှု ထပ်တိုးဖို့လိုအပ်နေပြီ။ ရှေ့အလားအလာတွေအတွက် အမှန်ဆို ရန်ကုန်ကခရီးသည် ငါးသိန်းလောက်နဲ့ကို ကျဉ်းကြပ်နေပြီ၊ နောက်ထပ်တိုးလာမယ့် ခရီးသည်တွေအတွက် လိုကို လိုအပ်နေပြီ” ဟု ပြောသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ထပ်မံတိုးချဲ့ရန် မြေဧရိယာ အလုံအလောက် မရှိတော့ပါက ဟံသာဝတီလေဆိပ်(ပဲခူး)ကြီးအား ပြန်လည်အသုံးပြုနိုင်ရန်အတွက် အမြန်ဆုံး အကောင်အထည်ဖော်သင့်သည့် အချိန်ကျရောက်နေပြီဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၄င်း၏အမြင်ကို ပြောသည်။ မြန်မာနိုင်ငံတွင် လေယာဉ်ကွင်းပေါင်း ၆၂ ကွင်းရှိပြီး ဆင်းသက်ပျံသန်းမှု ပြုလုပ်နိုင်သည့် လေယာဉ်ကွင်း ၂၆ ကွင်းရှိကာ အဆိုပါ လေယာဉ်ကွင်းများတွင် အပြည်ပြည်ဆိုင်ရာ လေယာဉ်ဆင်းသက်နိုင်သည့် လေယာဉ်ကွင်းအဖြစ် သတ်မှတ်ထားသော ကွင်းများ၌ လေဆိပ်သိုလှောင်ရုံများ တည်ဆောက်ရန် လိုအပ်နေပြီး လေယာဉ်ကွင်းများအားလုံးကို အဆင့်မြှင့်တင်သင့်ပြီဖြစ်ကြောင်း Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

ဥရောပမီးပုံးပျံအဖွဲ့ မြန်မာ၌ ၁၅ ရက်ကြာ ပျံသန်းမည်

ဆွစ်ဇာလန်နိုင်ငံမှ မီးပုံးပျံချန်ပီယံခေါင်းဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံအတွင်း ၁၄ ကြိမ်မြောက်အဖြစ် ၁၅ ရက်ကြာ လာရောက်ပျံသန်းမည် ဖြစ်ကြောင်း Golden Express ခရီးသွားလုပ်ငန်းမှ သိရသည်။ “၂ဝ၁၂ ဇန်နဝါရီလကုန်မှာ လာပျံမယ်။ အဖွဲ့ဝင် ၃၃ ဦးပါမယ်။ ဒီနှစ်က အရင်နှစ်တွေကမပျံဖူးတဲ့ ပခုက္ကူမြို့ပေါ်ကိုပါ ဖြတ်ပျံဖို့ရှိတယ်” ဟု အထက်ပါ ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ မီးပုံးပျံအဖွဲ့သည် မီးပုံးပျံ ၇ လုံးဖြင့် ပျံသန်းကြမည်ဖြစ်ပြီး အင်းလေး၊ ညောင်ရွှေ၊ မန္တ လေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ပုဂံ တို့သို့ ၁၅ ရက်ကြာ ပျံသန်းကြမည်ဖြစ်ကြောင်း သိရသည်။ မီးပုံးပျံအဖွဲ့ခေါင်းဆောင် Mr. Peter Blaser နှင့်အတူ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ဆွစ်ဇာလန်နိုင်ငံတို့မှ အဖွဲ့ဝင်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။

”မီးပုံးပျံအဖွဲ့ထဲမှာ လေထီးခုန်မယ့်သူနှစ်ဦးကလည်း လေထီး အလှခုန်ပြဖို့ရှိတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ 
အဆိုပါ မီးပုံးပျံအဖွဲ့သည် ၁၉၉၉ ခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံသို့ လာရောက်ပျံသန်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေမြေတော တောင်သဘာဝလှပမှု၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့များ၏ ကူညီမှုနှင့်လုံခြုံရေး စိတ်ချရမှုတို့ကြောင့် နှစ်စဉ် လာရောက်ပျံသန်းခြင်းဖြစ်ကြောင်း၊ ပျံသန်းခဲ့သမျှနိုင်ငံထဲတွင် မြန်မာနိုင်ငံသို့ လာရောက်ပျံသန်းမှု အကြိမ်အများဆုံးဖြစ်ကြောင်း သိရသည်။ အဆိုပါအဖွဲ့သည် ပထမဆုံး အကြိမ်အဖြစ် လှိုင်သာယာတွင် စတင်ပျံသန်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ တောင်ကြီး၊ လွိုင်ကော်၊ အင်း လေး၊ မန္တလေး၊ စစ်ကိုင်းစသည့် မြို့ များတွင် ပျံသန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးနိုင်ငံတကာ မီးပုံးပျံပျံသန်းခြင်းကို ပြင်သစ်အခြေစိုက် Yangon Productionမှ Ushuaia Nature ဟု အမည်ပေးထားသော သတင်းကား ရိုက်ကူးရန်အတွက် ပြင်သစ်ရုပ်ရှင်မင်းသား Nicolas ကိုယ်တိုင် ပုဂံနှင့် အင်းလေးတွင် မီးပုံးပျံစီး၍ အကြိမ်ကြိမ်  ရိုက်ကူးခဲ့ဖူးကြောင်း၊ ယင်းသတင်းကားကို ပြင်သစ် ရုပ်မြင်သံကြားတွင် ပြသခဲ့သဖြင့် မြန်မာ့အလှကို ပြင်သစ်လူမျိုးတို့ ပိုမိုသိရှိသွားကာ ၁၉၉၅ နောက်ပိုင်းတွင် ပြင်သစ်ဧည့်သည် အမြောက်အမြား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြောင်း ၄င်းကပြောကြားခဲ့သည်။

Source : Popular News

Tuesday, November 22, 2011

ခရီးသွားလုပ်ငန်းပညာသင်တန်း ဖွင့်မည်

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်း အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်တွင် ခရီးသွားလုပ်ငန်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဒီပလိုမာသင်တန်း (Diploma in Tourism Studies and Management DTSM) ကို ဖွင့်လှစ်မည်ဖြစ်သည်။ သင်တန်းချိန်သည် ကိုးလဖြစ်၍ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရှိပြီးသူမျာသာ လျှောက်ထားနိုင်ပြီး အသက်အကန့်အသတ်မရှိဟု သိရှိရသည်။ ရုံးပိတ်ရက်များမှအပ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၇ နာရီမှ ၉ နာရီအထိ ဖြစ်သည်။ အဆိုပါသင်တန်းသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီတွင် သင်တန်းဝင်ခွင့်နှင့် အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုရမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်၊ ကုန်သည်လမ်း ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့ ဖုန်း- ၀၁-၂၉၂၅၆၆ (ကျောင်းသားရေးရာဌာန) ဖုန်း- ၂၉၁၉၁၀ (ငွေစာရင်းဌာန)၊ ဖုန်း- ၂၀၀၆၃၉ (ကျောင်းအုပ်ကြီးရုံးခန်း)တို့သို့ ဆက်သယ်စုံစမ်းနိုင်ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge 

Monday, November 21, 2011

မြန်မာ့လေကြောင်း ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် ရပ်တည်ရတော့မည်

လာမည့် ဘဏ္ဍာရေးစနစ်သစ်အရ မြန်မာ့လေကြောင်းအနေဖြင့် မိမိလေကြောင်းလိုင်းမှ ရရှိသောဘတ်ဂျက်ဖြင့် ကိုယ်တိုင်ရပ်တည်ရတော့မည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြားခဲ့ကြောင်း သိရသည်။ အရင်းအနှီးကြီးမားသော စီးပွားရေးလုပ်ငန်းများတွင် မြန်မာ့လေကြောင်းသည်လည်း အပါအဝင်ဖြစ်ပြီး လေယာဉ်ပြင်ဆင်စရိတ်နှင့် အာမခံလုပ်ငန်းများကို နိုင်ငံတော်က စိုက်ထုတ်သုံးစွဲပေးနေရကြောင်း၊ လာမည့်နှစ်မှစ၍ ဘဏ္ဍာရေး စနစ်သစ်အရ မြန်မာ့လေကြောင်းအနေဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြရတော့မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။ ယင်းသို့ ဝင်ငွေကို ကိုယ်တိုင်အသုံးပြုရတော့မည်ဆိုလျှင် လေကြောင်းစီးပွားရေးဆိုင်ရာ ဥပဒေကို ဦးစွာဖော်ဆောင်နိုင်ရန် လိုအပ်ကြောင်း မြန်မာ့လေကြောင်းမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးဖြစ်သူ ဦးထွန်းတင့်အေးက ပြောသည်။ အဆိုပါဥပဒေအရ နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သော မြန်မာ့လေကြောင်းအနေဖြင့် အမျိုးသားအလံတင် လေကြောင်းဖြစ်ခွင့်အပြင် လေယာဉ်စီးပွားရေးလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော လေယာဉ်လက်မှတ် အရောင်းအေးဂျင့်များ လုပ်ကိုင်ခွင့်၊ လေဆိပ်အတွင်း မြေပြင်ဝန်ဆောင်မှု လုပ်ငန်းများ အပါအဝင် လေကြောင်းနှင့် ဆက်စပ်လုပ်ငန်းများအားလုံးကို လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ “မြန်မာ့လေကြောင်းမှာက ဝန်ထမ်းပေါင်း ၁၀၀၀ ကျော်ရှိတယ်။ နောက်ပြီး ပင်စင်သမားတွေလဲ ရှိသေးတယ်။ အခုတောင် တခြားလေကြောင်းလိုင်းတွေက မပျံတဲ့ဒေသတွေကို အရှုံးခံပြီး ပျံသန်းပေးနေရတာဆိုတော့ ပြောခဲ့တဲ့အတိုင်း လေကြောင်းလုပ်ငန်းအပြင် လေကြောင်းနဲ့ အခြားဆက်စပ်လုပ်ငန်းတွေကိုပါ နိုင်ငံပိုင်လေကြောင်းလိုင်းက လုပ်ကိုင်ခွင့်ရမှသာ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်” ဟု ယင်းက ထပ်မံပြောကြားခဲ့ကြောင်း Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

Friday, November 18, 2011

နိုင်ငံတော်သမ္မတ ရုံးဧည့်ဂေဟာ နိုင်ငံတကာ အဆင့်မီဟိုတယ် ဖွင့်မည်

နိုင်ငံတော်သမ္မတရုံး အစိုးရဧည့်ဂေဟာ အပါအဝင် အဆောက်အအုံဟောင်း ၁၀ လုံးကို နိုင်ငံတကာအဆင့်မီ ဟိုတယ်စီမံကိန်းအဖြစ် အကောင်အထည်ဖော်သွားမည် ဖြစ်သောကြောင့် နိုင်ငံခြားသား ဧည့်သည်များအား ပိုမို ဆွဲဆောင်မှု ရရှိသွားမည်ဖြစ်ကြောင်း ဟိုတယ်ဇုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ နိုင်ငံတော်သမ္မတရုံးကို အဆင့်မီဟိုတယ် လုပ်မယ်ဆိုရင် ဆွဲဆောင်မှု အရမ်းကောင်းပါတယ်။ တည်နေရာကလည်း အချက်အချာကျတယ်။ အထင်အရှားဆုံးဖြစ်တဲ့ ရွှေတိဂုံဘုရားကိုလည်း နီးနီးလေးမြင်ရမယ်။ ပြီးတော့ နိုင်ငံခြားဧည့်တွေက ကိုလိုနီခေတ်၊ အင်္ဂလိပ်ခေတ်၊ လမ်းစဉ်ပါတီခေတ်က အဆောက်အအုံပုံစံတွေကို ပိုသဘောကျတဲ့ သဘောရှိတယ်။ အစိုးရသစ် တက်လာပြီးတဲ့နောက်မှာ နိုင်ငံခြားဧည့်တွေ ပိုအဝင်များလာတော့ အခုလိုလုပ်သင့်ပါတယ်ဟု ၄င်းက အတည်ပြုပြောသည်။

လက်ရှိတွင် အဆိုပါအဆောက် အအုံဟောင်းများအား အထပ်မြင့် ထပ်မံတည်ဆောက်ခြင်း၊ ဖြိုဖျက်ခြင်းနှင့် မူလပုံသဏ္ဌာန် ပျက်သွားအောင် မပြုလုပ်သင့်ကြောင်းကို အထက်ပါပုဂ္ဂိုလ်က အတွင်းပိုင်းတွေ ပြုပြင်တာတွေက မဖြစ်မနေလုပ်ရမယ့်သဘောပါ။ ဒါပေမဲ့ အပြင်ပုံစံတွေကိုတော့ လက်ရှိအတိုင်းပဲ ထားသင့်တယ်။ သဘောဝရော ပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် အရာတွေကိုတော့ ရှောင်သင့်တယ်ဟု ဆိုသည်။

လျာထားသော အဆောက်အအုံများမှာ ဗိုလ်တစ်ထောင်မြို့နယ်ရှိ သယ်ယူပို့ဆောင်ရေး၊ မီးရထားနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဌာန စုပေါင်းရုံး ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ City Mart ကုန်တိုက်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ြကီးဌာန၏ အဆောက်အအုံ အမှတ် ၅၆၉/၅၇၇ ကျောက်တံတား၊ ရှေ့နေချုပ်ရုံး၏ အဆောက်အအုံအမှတ် ၁၉၁/၁၉၃ ပန်းဘဲတန်းမြို့နယ၊် မင်္ဂလာတောင်ညွန့်မြို့နယ် ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆောက်အအုံအမှတ် ၁၆၉၊ နိုင်ငံတော်သမ္မတရုံး အစိုးရဧည့်ဂေဟာ အဆောက်အအုံ အမှတ် ၂၅၀/ ၂၅၆/၂၆၈ ဒဂြုံမို့ နယ၊် သပ္ပံနည်းပညာဝန်ြကီးဌာန၏ ဒူးယားဆောင်နှင့် ၄င်းထမင်းစားဆောင်၊ ပုပ္ပါးဆောင်နှင့် ၄င်းထမင်းစားဆောင် လှိုင်မြို့နယ် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် မြေနေရာ မင်္ဂလာဒုံမြို့နယ်နှင့် ထောက်ကြံ့ ဧရိယာတစ်ဝိုက်ရှိ နိုင်ငံပိုင်မြေနေရာများဖြစ်ကြောင်း သိရသည်။

“ဒီအစိုးရလက်ထပ် တိုးချဲ့တာတွေ၊ လေလံပစ်တာတွေ များလာပြီလို့ ယူဆရတယ်။ ရှေးဟောင်း အဆောက်အအုံတွေရဲ့ ပြယုဂ်တွေကိုတော့ မထိခိုက်စေချင်ဘူး။ နိုင်ငံတကာနဲ့ယှဉ်ပြီး တည်ဆောက်သွားမယ်ဆိုရင် တိုးတက်လာမယ့် လမ်းစလို့ ဆိုရမှာပေါ။့ နိုင်ငံတကာစံချိန်မီဆိုရင် ပြည်ပ ဧည့်သည်တွေအားလုံးကို ပိုဆွဲဆောင်တဲ့ အပိုင်းတစ်ခုပါ” ဟု ဧည့်လမ်းညွှန်လုပ်ငန်းကို ၁၀နှစ်နီးပါး ပြုလုပ် လာခဲ့သော အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိ၌ ရန်ကုန်မြို့၏ ဧရိယာတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၁၈၁ ယူနစ်သာရှိကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရသည်။

Source : Popular News

၂၀၁၂ ခုနှစ် ခရီးသွားရန် ဒုတိယမြောက် အကောင်းဆုံး နိုင်ငံအဖြစ် မြန်မာကိုရွေးချယ်

ကမ္ဘာလှည့် ခရီးသွားများ၏ ယုံကြည်မှု ရရှိထားသော Lonely Planet ခရီးသွား လမ်းညွှန်စာအုပ်က ရွေးချယ်သော ၂၀၁၂ ခုနှစ် ခရီးသွားရန် အကောင်းဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်လာကြောင်း သတင်းရရှိသည်။ Lonely Planet က ရွေးချယ်ခဲ့သော ၂၀၁၂ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ခရီးသွား ၁၀ နိုင်ငံထဲတွင် ပထမအဖြစ် ယူဂန်ဒါ၊ ဒုတိယနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ဖော် ပြထားပြီး တတိယအဖြစ် ယူကရိန်းင်ငံအား ဖော်ပြထားသည်။

နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး အဖွဲ့လိုက်မဟုတ်သော ခရီးသွားများအား မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ရန် ဖိတ်ခေါ်ခဲ့သော ဆုံးဖြတ်ချက်ကြောင့်ဖြစ်သည် ဟုလည်း ဖော်ပြထားသည်။

“ဒီသတင်းက မင်္ဂလာသတင်း ပဲ၊ ဆုရတာထက ပိုကောင်းတယ်။ ဒီနာမည်မပျက်အောင် ဆက်ထိန်းသိမ်းရမယ်” ဟု ရန်ကုန်မြို့ အခန်း ( ၃၀) ပါ ဟိုတယ်ဖွင့်လှစ်ထားသော ဟိုတယ်ပိုင်ရှင်တစ်ဦးက ရွေးချယ်ခံရခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်၍ Lonely Planet က ထုတ်ပြန်ချက်တွင် ရွှေတိဂုံစေတီတော်အကြောင်းအား ဖော်ပြထားပြီး တောင်ကုန်းများ၊ သဲအဖြူရောင် ကမ်းခြေများ၊ ဝိုင်းရံထားသော စွန်ပုံသဏ္ဌာန်ရှိသည့် နိုင်ငံဟုညွှန်းဆိုထားသည်။

ထို့အပြင်နိုင်ငံအတွင်း၌လည်း ရှေးဟောင်းမြို့များ၊ မရေတွက်နိုင်သောသော ဘုရားများနှင့် ပုဂံဒေသအ ကြောင်းကိုလည်း ဖော်ပြထားသည်။ တခြားစိတ်ဝင်စားစရာက ကမ္ဘာမှာ သဘောအကောင်းဆုံး လူသားတွေ အဲဒီမှာရှိတယ်ဟုလည်း တင်စားထားသည်။ Lonely Planet ခရီးသွား လမ်းညွှန်စာအုပ်သည် ကမ္ဘာ့လှည့် ခရီးသွားများ လက်စွဲစာအုပ်ဖြစ်ပြီး ယခင် ဩစတြေးလျနိုင်ငံက ထုတ်ဝေခဲ့သော်လည်း ပြီးခဲ့သည့်နှစ်ကစ၍ ဘီဘီစီသတင်းဌာနသို့ ရောင်းချခဲ့ကြောင်း သိရသည်။

Lonely Planet က ၂၀၁၂ ခုနှစ်အတွက် ရွေးချယ်ခဲ့သော ခရီးသွားရန်အကောင်းဆုံး ၁၀နိုင်ငံမှာ ယူဂန်ဒါ၊ မြန်မာ၊ ဂျော်ဒန်၊ ဂျာဗား၊ ယူကရိန်း၊ ဒိန်းမတ်၊ ဘူတန်၊ ကျူးဘား၊ နယူးကာလီ ဖိုး နီးယား၊ ထိုင်ဝမ်နှင့် ဆွစ်ဇာလန်နိုင်ငံတို့ ဖြစ်သည်။ ၂၀၁၁ခုနှစ်ကလည်း ထိုကဲ့သို့ရွေးချယ်ခဲ့ပြီး ရွေးချယ်နိုင်ငံတွင်ပါဝင်ခဲ့သည့် ဂျပန်နိုင်ငံက ထိုနှစ်ကစ၍ ကမ္ဘာလှည့်ခရီးသည်များ တိုးတက်ရရှိလာခဲ့ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတို့က သုံးသပ်သည်။

ယခုနှစ် ခရီးသွားရာသီအတွက် ဒီဇင်ဘာလအထိ ရရှိထားသော စာရင်းဇယားများအရ ယမန်နှစ်ကထက် ၂၅ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးက သုံးသပ်ထားပြီး နိုဝင်ဘာလအတွက် ရန်ကုန်မြို့ရှိ ဟိုတယ်များ အခန်းပြည့်ရရှိထားကြောင်း သိရသည်။

Tuesday, November 15, 2011

မြန်မာ့လေကြောင်းက e-Ticket စနစ်ကို အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိ

မြန်မာ့လေကြောင်းနှင့် မြန်မာ့စီးပွားရေဘဏ်တို့ ပူးပေါင်း၍ e-Ticket စနစ် အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါအစီအစဉ်ကို ယခုနှစ်မကုန်မီတွင် စတင်နိုင်မည်ဖြစ်ကာ လေယာဉ်လက်မှတ်ကို ဒေါ်လာ၊ အက်ဖ်အီးစီ၊ မြန်မာကျပ်ငွေ ကြိုက်ရာဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “အခု စီးပွားရေးဘဏ်ဘက်က အွန်လိုင်းစနစ် အသုံးပြုနိုင်ဖို့အတွက် သီးခြား ဘဏ်စာရင်း ဖွင့်လှစ်နိုင်ဖို့ လိုအပ်တဲ့အပိုင်းတွေ လုပ်ဆောင်နေပါပြီ။ အွန်လိုင်းကနေ ဝယ်ယူလို့ရတဲ့အတွက် မြန်မာနိုင်ငံသားတွေသာမက နိုင်ငံခြားသားဧည့်သည်တွေပါ ကိုယ်သွားချင်တဲ့ဒေသကို အချိန်နှစ်ပတ်လောက် စောပြီး ကြိုဝယ်နိုင်မှာဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။ ယင်းအွန်လိုင်း Ticket စနစ်ကို အသုံးပြုရာတွင် လေယာဉ်လက်မှတ် ဝယ်ယူမည့်သူအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်စာရင်း ဖွင့်ထားရန် လိုအပ်ပြီး အဆိုပါ ဘဏ်လက်ကျန်ငွေမှာလည်း ငွေပမာဏ လုံလုံလောက်လောက်ရှိရန် လိုအပ်ကြောင်း သိရသည်။ “လောလောဆယ်မှာတော့ စီစဉ်နေဆဲဖြစ်ပါတယ်။ လေယာဉ်လက်မှတ် ဝယ်ယူလိုသူက လိုချင်တဲ့ ထိုင်ခုံနံပါတ်ကို ရရှိနိုင်အောင် မြန်မာ့လေကြောင်း ဝက်ဘ်ဆိုက်မှာကြည့်ပြီး ဝယ်ယူနိုင်အောင် စီစဉ်ပေးသွားမှာပါ။ လောလောဆယ်မှာလဲ ဖုန်းဘီလ်ကို အွန်လိုင်းကတစ်ဆင့်ဆောင်တဲ့ Online Billing System ကလဲ အောင်မြင်ပါတယ်။ အခုလဲ ဒီစနစ်ကိုအခြေခံပြီး လုပ်ဆောင်သွားမှာပါ” ဟု မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူက ပြောသည်။ “လက်မှတ် အရောင်းအေဂျင်စီတွေကတော့ ဘဏ်မှာ အကောင့်ဖွင့်လှစ်ဖို့ လိုတာပေါ့။ ဒီလေယာဉ်စီးသူတိုင်း ဖွင့်ထားဖို့ မလိုပါဘူး။ ဒီစနစ်အောင်မြင်ဖို့အတွက် ဆွေးနွေး လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်” ဟု အဆိုပါတာဝန်ရှိသူက ထပ်မံပြောသည်။ ယင်းဝက်ဘ်ဆိုက်တွင် မြန်မာလေကြောင်းမှ လက်ရှိ ပျံသန်းပေးလျက်ရှိသော ခရီးစဉ်များ၊ ဈေးနှုန်းများကို Update ဖော်ပြပေးသွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

Saturday, November 12, 2011

ရန်ကုန်မြို့တွင် ထိန်းသိမ်း စောင့်ရှောက် သင့်သော မြို့ပြ အမွေအနှစ် များပြားစွာရှိ

ရန်ကုန်မြို့တွင် ထိန်းသိမ်းစောင့်ရှောက်သင့်သော အမွေအနှစ်များမှာ မသိနားမလည်မှုများကြောင့် ဆုံးရှုံးနေရပြီး မြို့ပြအမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ်များ နှင့် ပတ်သက်၍ စာတမ်းပြုစုသူတစ်ဦးက ပြောပြခဲ့သည်။ စာတမ်းရှင်တစ်ဦးဖြစ်သူ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှိုင်မော်ဦးက ဂရုမစိုက်၊ နားမလည်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်မတို့ရဲ့ အမွေအနှစ်တွေ ဆုံးရှုံးရတဲ့ ပြဿနာ ရှိတယ်ဟုဆိုသည်။

မြို့ပြအမွေအနှစ်ဟု ခေါ်ဆိုရာတွင် လက်ဆုပ်လက်ကိုင်ပြသနိုင်သော အမွေအနှစ်များနှင့် လက်ဆုပ် လက်ကိုင်ပြသ၍ မရနိုင်သော အမွေအနှစ်များရှိသည်ဟု စာတမ်းရှင်က ပြောပြခဲ့ပြီး နှစ်မျိုးစလုံးကို ထိန်းသိမ်း စောင့်ရှောက်သင့်သည်ဟု ဆိုသည်။ လက်ဆုပ်လက်ကိုင် ပြသနိုင်သော အမွေအနှစ်များမှာ သဘာဝ အရပင်ဖြစ်စေ၊ လူများတည်ဆောက်၍ဖြစ်စေ ပေါ်ပေါက်လာသော ရေမြေသစ်ပင် ပတ်ဝန်းကျင်နှင့် အဆောက်အအုံများ၊ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများ၊ သမိုင်းဝင် ရှေးဟောင်း စေတီပုထိုးများ၊ သာသနိက အဆောက်အအုံများ၊ ကိုလိုနီခေတ် အဆောက်အအုံများ၊ လူမျိုးစုဆိုင်ရာ အဆောက်အအုံများ၊ လူနေ အဆောက်အအုံများသည် လက်ဆင့်ကမ်းရမည့် အမွေအနှစ်များဖြစ်ပါသည်။
လက်ဆုပ်လက်ကိုင် ပြလို့မရတဲ့အချက်တွေက ရေမြေသစ်ပင် ပတ်ဝန်းကျင်နှင့် အဆောက်အအုံတွေကို အကြောင်းပြုပြီးတော့ လူတွေရဲ့ သွားလာလှုပ်ရှား အသုံးပြုနေမှုတွေ၊ ပတ်ဝန်းကျင်နဲ့ ဆက်စပ်ပြီးတော့ ပေါ်ပေါက်လာတဲ့ ယဉ်ကျေးမှုနဲ့ လူတွေရဲ့ ဓလေ့ထုံးတမ်းတွေဟာလည်း လက်ဆုပ်လက် ကိုင်ပြလို့မရတဲ့ အမွေအနှစ်တွေပါ ပဲဟု ဒေါ်လှိုင်မော်ဦးကပြောသည်။

စိမ်းလန်းမှု ရှိပြီးသားဖြစ်သော ရန်ကုန်မြစ်၏ မြစ်ကမ်းပါးတစ်လျှောက်၊ ကန်တော်ကြီး၊ အင်းယားကန် ပတ်ဝန်းကျင်၊ လှော်ကားကန်ပတ်ဝန်းကျင် စသော Public Space နေရာများနှင့် ရွှေတိဂုံဘုရား၊ ဆူးလေဘုရား၊ ဗိုလ်တထောင် ဘုရားနှင့် ပြည်သူ့ရင်ပြင်ကဲ့သို့ သော် အများပြည်သူဝင်ရောက်နိုင်သော Open Space နေရာများကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လာမည်ဖြစ်သည်။ "ပြည်သူ့ရင်ပြင်လို နေရာမျိုးမှာနားမလည်ဘဲ အဆောက်အဦးတစ်ခုခု ဒါမှမဟုတ် အချွန်ထိုးထိုး ထောင်ထောင်တစ်ခုခု လုပ်ခဲ့ရင် မြင်ကွင်းတွေ ပိတ်ကုန်မယ်။ ထိန်းသိမ်းရမယ့် ဧရိယာဆိုတာ ရှိတယ်။ ဒါကို သဘောမပေါက်ဘဲနဲ့ တစ်ခုခုသွားဆောက်လိုက်ရင် အနေအထားတွေ ပြောင်းကုန်တယ်" ဟု ဒေါ်လှိုင်မော်ဦးက ဆိုသည်။

နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်မြို့တွင် သစ်ပင်များလျော့ကျသွားကာ စိမ်းလန်းမှုများ ဆုံးရှုံးလာခြင်း၊ မြို့ထဲဧရိယာတွင် နေထိုင်ရမည့် လူဦးရေထက် ပိုမိုနေထိုင်လာခြင်းကြောင့် လူဦးရေ ကျပ်သိပ်ကာ ကျန်းမာရေးပြဿနာများ ရှိလာခြင်း၊ ရန်ကုန်မြို့၏အချို့နေရာများတွင် လုံလောက်သော လူသွားစင်္ကြံများ မရှိခြင်း၊ ယာဉ်ကြောပိတ်ဆို့မှု များပြားလာခြင်း၊ ရေစီးရေလာနှင့် ပတ်သက်၍ ရေဝပ်မှုများရှိလာခြင်း၊ လေထုညစ်ညမ်းမှု၊ အသံဆူညံမှုများ ရှိလာခြင်းများကြောင့် ရန်ကုန်မြို့တွင် အကျိုးသက်ရောက်မှုများ ရှိလာကြောင်း သိရသည်။

စာတမ်းရှင် ဒေါ်လှိုင်မော်ဦးက ရန်ကုန်မြို့ဟာ ရေရှည်မှာ ဘာအနေနဲ့ ဆက်ပြီးရပ်တည်မလဲ။ စီးပွားရေး မြို့တော်အနေနဲ့ ရပ်တည်ဖို့ ဘာတွေလိုအပ်မလဲ။ လူတွေအနေနဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနေနိုင်တဲ့ ရပ်ဝန်းကြီးတစ်ခု ဖြစ်လာမလား။ ရန်ကုန်မြို့မှာ ပြည်တွင်းဆိပ်ကမ်းတွေ ရှိသလို ပြည်ပကိုတင်ပို့တဲ့ ဆိပ်ကမ်းတွေလည်း ရှိတယ်။ ရွှေတိဂုံဘုရားကို အကြောင်းပြုပြီးတော့ ဘာသာရေးအရ အရေးပါတဲ့ မြို့တစ်ခုဖြစ်မလား၊ စဉ်းစားသင့်တာပေါ့ဟု ဆိုသည်။ ၄င်းက ဆက်လက်၍ ကောင်းကွက်အနေနဲ့ ကိုယ့်ရဲ့ယဉ်ကျေးမှုအရ စိတ်ဓာတ်ကလေးတွေ အခုအချိန်အထိရှိနေတယ်။ ငယ်တဲ့သူက ကြီးတဲ့သူကို ရိုသေတာ၊ ကြီးတဲ့သူက ငယ်တဲ့သူကို စောင့်ရှောက်တာ၊ မိသားစုအလိုက်ပေါ့။ မိဘနဲ့ သားသမီး ဘိုးဘွားဘီဘင် တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်တတ်တဲ့ ကျွန်မတို့ရဲ့ လူမှုရေး ဓလေ့စရိုက်တွေက အခုထိ ကျန်ရှိနေသေးတာတွေ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် အဆင် ပြေပြေနေနိုင်တဲ့ လူမှုပတ်ဝန်းကျင်လေး တစ်ခု ရန်ကုန်မြို့မှာရှိနေသေး တယ်ဟုဆိုသည်။

ထက်နိုင်ဇော်
Source : Venus News Journal

Thursday, November 10, 2011

မကြာမီ ဆိုက်ရောက်ဗီဇာပေးမှု တိုးချဲ့မည်ဖြစ်၍ ခရီးသွားအ၀င် တိုးတက်ရန် မျှော်လင့်

မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ ၀င်ရောက်မှု တိုးတက်ခြင်း တွင် ဆိုက်ရောက် ဗီဇာပေးမှုသည် အဓိကအချက်ဖြစ်နေပြီး မကြာမီတွင် ဆိုက်ရောက်ဗီဇာပေးမှု တိုးချဲ့တော့မည်ဖြစ်သည့်အတွက် ခရီးသွားဝင်ရောက်မှု ယခုထက် တိုးတက်လာရန် မျှော်လင့်မှုများရှိနေကြောင်း ခရီးသွားလုပ်ငန်းနယ်ပယ်မှ သတင်းရရှိပါသည်။ ''ဆိုက်ရောက်ဗီဇာပေးတာကတော့ ခရီးသွားလုပ်ငန်း သိသိသာသာတိုးတက်ဖို့ အဓိကပဲ။ ဆိုက်ရောက်ဗီဇာပေးတုန်းက လုပ်ငန်းတိုးတက်ခဲ့တာ သိသာတယ်။ အခု မကြာခင်မှာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုတို့က ၀င်လာတဲ့ ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ ပေးတော့မယ်။ တိုက်ရိုက်လေကြောင်းရှိတဲ့ နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ကမ္ဘော ဒီးယားတို့က ခရီးသွားတွေ တိုးတက်လာနိုင်တယ်''ဟု မြန်မာနိုင်ငံခရီး သွားလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောကြားသည်။

လက်ရှိတွင် ခရီးသွားကုမ္ပဏီများသည် ကုမ္ပဏီတို့အစီအစဉ်ဖြင့် လာရောက်မည့် မြန်မာသံရုံး မရှိသောနိုင်ငံများမှ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာများကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှတစ်ဆင့် လျှောက်ထားသည့်စနစ်ကို အသုံးပြုလျက်ရှိသည်။ ယင်းစနစ်မှာ ၂၀၁၀ ပြည့်နှစ် မေလဆန်းမတိုင်မီအထိ အသုံးပြုခဲ့သောစနစ်ဖြစ်ပြီး မေလဆန်းတွင်မူ ကြိုတင်စီစဉ်ရန် မလိုသည့်ဆိုက် ရောက်ဗီဇာများကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် ထုတ်ပေးခဲ့သည်။ ထို့နောက် ၂၀၁၀ပြည့်နှစ် စက်တင်ဘာလမှစတင်၍ ဆိုက်ရောက်ထုတ်ပေးမှုကို ခေတ္တရပ်ဆိုင်းခဲ့သည်။ ''အခုလက်ရှိတော့ MAI လေကြောင်းလိုင်းအနေနဲ့တော့ ကွမ်ကျိုး၊ ဆီယမ်ရိ၊ ဖနွမ်းပင်မြို့သုံးမြို့က ၀င်ရောက်တဲ့ ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ ပေးနေပါတယ်'' ဟု MAI မှ Marketing Manager မအေးမရသာက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ခရီးသွားဝင်ရောက်မှုတွင် အာရှခရီးသွားက အခြားသောခရီးသွားများထက် ပိုမိုပြီး အာရှနိုင်ငံများကို ဦးစားပေး၍ ဆိုက်ရောက်ဗီဇာခွင့်ပြုခြင်း၊ ၀င်ရောက်မှုအများဆုံး အာရှခရီးသွားဖြစ်သော ထိုင်းခရီးသွား များအား ဆိုက်ရောက်ဗီဇာပေးခြင်းတို့ လိုအပ်နေဆဲဖြစ်သည်ဟု သိရှိရသည်။

Source : Eleven Media

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ယခုကာလအတွင်း ဘုရားဖူးဧည့်သည် ဦးရေ ၁၀ သိန်းကျော် လာရောက်ရန် မျှော်မှန်းထားပြီး နေ့စဉ်ဦးရေ ၃၀၀၀ နီးပါး အခမဲ့တည်းခိုနိုင်ရန် စီစဉ်ထား

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ယခုနှစ်၏ ဘုရားဖူးအလာများသည့်ကာလအတွင်း ဘုရားဖူးဧည့်သည် စုစုပေါင်းဦးရေ ၁၀ သိန်းကျော် လာရောက်ဖူးမျှော်လည်ပတ်ရန် ရည်မှန်းထားပြီး နေ့စဉ်ဘုရားဖူးဧည့်သည် ၃၀၀၀ နီးပါးအတွက် အခမဲ့တည်းခိုရန် စီစဉ်ထားကြောင်း အဆိုပါဂေါပကရုံး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးနှင့် ဘုရားဖူးဧည့်သည်များကို နိုဝင်ဘာ ၆ ရက်နေ့က တွေ့ရစဉ် 

နိုဝင်ဘာလ၊ ဒီဇင်ဘာလ၊ ဇန်န၀ါရီလများတွင် နှစ်စဉ်ဘုရားဖူးဧည့်သည် အများအပြား လာရောက်လေ့ရှိသော်လည်း ယခုနှစ်၏ နိုဝင်ဘာလအတွင်းတွင် လာရောက်သူမှာ လျော့နည်းခဲ့ကြောင်း သိရသည်။ ဂေါပကရုံးမှ တွဲဖက်အတွင်းရေးမှုး ဦးတင်ညွှန့်က ''အခုချိန်အထိတော့ ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်မယ်ဆိုရင် ဘုရားဖူးဧည့်သည် နည်းပါးနေတယ်။ အဓိကတော့ ရာသီဥတုကြောင့်ဖြစ်ပါတယ်။နိုဝင်ဘာလ ၅ ရက်နေ့အထိ မိုးတွေရွာနေတုန်းပဲ၊ နှင်းတွေလည်း အရမ်းကျတယ်။ ဒါပေမယ့် ဒီဇင်ဘာလနဲ့ ဇန်န၀ါရီလနှစ်လအတွင်းကိုတော့ ဘုရားဖူးလာရောက်တဲ့ ဧည့်သည်ဦးရေ ၁၀ သိန်းကျော်လာမယ်လို့ ခန့်မှန်းထားပါတယ်'' ဟု ပြောကြားခဲ့သည်။

''အခု ဘုရားဖူးကာလအတွင်းမှာ နေ့စဉ်ဦးရေ ၃၀၀၀ နီးပါး အခမဲ့တည်းခိုနိုင်ဖို့အတွက် စီစဉ်ထားတယ်။ တည်းခိုမယ့် ဘုရားဖူးဧည့်သည်တွေက ဘုရားရင်ပြင်တော်ပေါ်မှာ တည်ဆောက်ထားတဲ့ ဆီမီး ၉၀၀၀ ဓမ္မာရုံ၊ ပြည့်စုံတည်းခိုခန်းတွေမှာ အကြောင်းကြားပြီးတော့ အခမဲ့တည်းခိုနိုင်ပါတယ်။ တည်းခိုမဲ့သူတွေက ဘာအထောက်အထားမှ ပြစရာမလိုပါဘူး'' ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Source : News Eleven

Thursday, November 03, 2011

အင်းသားဆုံဆည်းရာပွဲတော် အခမ်းအနား စည်ကားစွာကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ အင်းသားဆုံဆည်းရာနေ့ (အင်းသားဆုံဆည်းရာပွဲတော်) အခမ်းအနားကို အောက်တိုဘာ ၂၇ ရက် နံနက် ၈ နာရီက အင်းလေးကန်လယ်ရှိ အင်းလေးဗိုလ်တဲတွင် စည်ကားစွာကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ အင်းလေးကန်မကြီးပတ်လည်မှ ကျေးရွာများမှ အင်းသူအင်းသားများ ဒေသအခေါ် တောင်ဘက်အင်းဟုခေါ်သော ဖယ်ခုံ၊ မိုးဗြဲသို့သွားရာ အင်းပြင်ကျယ်လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ အင်းသူအင်းသားများ၊ တောင်ကြီးမြို့အပါအ၀င် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်ကျေးရွာများမှ အင်းသူအင်းသားများ၊ နေပြည်တော်၊ မန္တလေးနှင့် အခြားမြို့ကြီးများသို့ရောက်ရှိနေသူများအပြင် ဖယ်ခုံ၊မိုးဗြဲမြို့များမှ ကယန်းတိုင်းရင်းသားများလည်း တက်ရောက်ခဲ့ကြောင်း၊ ဆွဲလှေအစင်း ၈၀ ကျော်၊ မော်တော်စက်လှေ အစင်း ၅၀၀ ကျော်တက်ရောက်ခဲ့ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ လင်းကင်း၊ ခမ်းလီ၊ ဓမ္မမိတ္တသဟာယ မင်္ဂလာဆွဲလှေတော်ဖြင့် နိုင်ငံတော်အလံအား တင်ဆောင်သယ်ယူလာပြီး ပွဲတော်စင်မြင့်တွင် နိုင်ငံတော်အလံအားစိုက်ထူကာ အလေးပြုခြင်း၊ အဝေးရောက် အင်းသားများထံမှ ပေးပို့လာသော ၀မ်းမြောက်ကြောင်းသ၀ဏ်လွှာ ဖတ်ကြားခြင်း၊ အင်းသား ဆုံဆည်းရာပွဲတော် အခမ်းအနားကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့် ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မတ်တပ်ရပ်၍ ခြေထောက်ဖြင့် လှော်ခတ်ရသော အင်းသားရိုးရာကျော်လှေ(တစ်စင်း လျင်လှော်ခတ်သူဦးရေ ၁၀၀ ကျော်ပါသော) လှေကြီးများ ပြိုင်ပွဲသဏ္ဌာန် သရုပ်ပြလှော်ခတ်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ အမှတ်တရ ကြွေးကြော်သံများ ကြွေးကြော်ပြီး နောင်အင်းလေး သီချင်းစုပေါင်းသီဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း၊ ဆက်လက်၍ အင်းသားရိုးရာယိမ်းအကများ၊ ဒါးသိုင်းအက၊ ဧည့်သည်ရှမ်းတိုင်း ရင်းသားများ၏ တိုးနယား၊ ကိန္ဒရီကိန္ဒရာအကများ၊ တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး အင်းသားရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။

Source : News Eleven

Wednesday, November 02, 2011

နယ်စပ်ပြည်နယ် လေးခုမှ အိန္ဒိယနိုင်ငံသားများကို ဗီဇာ၊ ပတ်စ်ပို့မလိုဘဲ ဧရိယာကန့်သတ်၍ ပြည်တွင်း၌ သွားလာခွင့်ပြုမည်

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် နယ်နမိတ်ချင်း ထိစပ်နေသော မြန်မာ-အိန္ဒိယနယ်စပ် ပြည်နယ်လေးခုမှ အိန္ဒိယနိုင်ငံသားများကို နိုင်ငံကူးလက်မှတ်နှင့် ဗီဇာမလိုဘဲ မြန်မာနိုင်ငံအတွင်း ၁၆ ကီလိုမီတာ အကွာအဝေးကို မြန်မာနိုင်ငံအစိုးရက သွားလာခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သီတင်းပတ်က ချင်းပြည်နယ် ဖလမ်းမြို့တွင် နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အိန္ဒိယသမ္မတနိုင်ငံမှလည်း ယခုနှစ်အစောပိုင်းက မီဇိုရမ်၊ မဏိပူရ်၊ နာဂဒေသနှင့် အာရမ်နာချယ်ပရာဒက်ရှ် တို့တွင် ၁၆ ကီလိုမီတာ အကွာအဝေးအတွင်း နိုင်ငံကူးလက်မှတ်မလိုဘဲ မြန်မာနိုင်ငံသားများကိုလည်း သွားလာခွင့်ပြုခဲ့ပြီးဖြစ်သည်ဟု သိရသည်။ အဆိုပါ နယ်စပ်ဒေသများသို့ သွားလာသည့် မြန်မာ၊ အိန္ဒိယ နှစ်နိုင်ငံသားများသည် နိုင်ငံကူးလက်မှတ် သို့မဟုတ် ဗီဇာမလိုဘဲ သတ်မှတ်အကွာအဝေးအတွင်း အများဆုံး တစ်ပတ်ကြာ နေထိုင်ခွင့်ရှိသည်ဟု ဆိုသည်။ အဆိုပါ နယ်စပ်ပြည်နယ်များမှတစ်ဆင့် ရှားပါးသစ်ခွမျိုးစိပ်များ၊ တိရစ္ဆာန်ကိုယ်အင်္ဂါ အစိတ်အပိုင်းများနှင့် သားရေများ၊ မူးယစ်ဆေးဝါးများနှင့် စန္ဒကူးနံ့သာများ တရားမဝင် သယ်ယူပို့ဆောင်မှုများကို နှစ်နိုင်ငံ ပူးပေါင်းကာ ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။ နာဂဒေသ၊ မဏိပူရ်၊ မီဇိုရမ်နှင့် အာရမ်နာချယ်ပရာဒက်ရှ်နယ်စပ် ပြည်နယ်များသည် မြန်မာနိုင်ငံနှင့် ၁၆၄၀ ကီလိုမီတာ နယ်နမိတ်ချင်း ထိစပ်လျက်ရှိကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

Tuesday, November 01, 2011

ချောင်းသာကမ်းခြေရှိ သဲဖြူကျွန်းခရီးစဉ် ပြန်လည်ဖွင့်လှစ်

ပြည်တွင်းခရီးသွား အများစု သွားရောက် လည်ပတ်လေ့ရှိသည့် ချောင်းသာကမ်းခြေရှိ သဲဖြူကျွန်းခရီးစဉ်ကို အောက်တိုဘာ ၂၂ ရက် မှစ၍ ပြန်လည် ဖွင့်လှစ် ပို့ဆောင်ပေးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ချောင်းသာကမ်းခြေရှိ သဲဖြူကျွန်းသွား လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက “အခုပင်လယ်ပြင်မှာ ရာသီဥတုသာယာပြီး လှိုင်းငြိမ်တဲ့အတွက် သဲဖြူကျွန်းခရီးစဉ်ကို စတင် ပို့ဆောင်ပေးနေပါပြီ။ စက်လှေနှုန်းထားကတော့ တစ်ဦးကို ကျပ် ၁,၀၀၀ ပါ။ နောက်ပိုင်းမှာလည်း ရာသီဥတုနဲ့ လှိုင်းငြိမ်တဲ့အပေါ်မူတည်ပြီး ပို့ဆောင်ပေးသွားမှာပါ။ မိုးရာသီဆိုရင်တော့ ပင်လယ်မှာ လှိုင်းကြီးတဲ့အတွက် ကျွန်တော်တို့ စက်လှေတွေ မထွက်ပါဘူး” ဟုဆိုသည်။

အဆိုပါ သဲဖြူကျွန်းမှာ ချောင်းသာကမ်းခြေမှနေ မိုင်လေးမိုင်ခန့်အကွာ ပင်လယ်ပြင်တွင် တည်ရှိကြောင်း၊ သဲဖြူကျွန်းပေါ်တွင် စေတီတစ်ဆူတည်ရှိပြီး ကျွန်းပေါ်သို့ လာရောက် လည်ပတ်သူများအနေဖြင့် ငါးမျှားခြင်း၊ ရေကူးခြင်းနှင့် ပင်လယ်ပြင်သို့ ထိုးထွက်နေသော ကျောက်ဆောင်များအား လေ့လာကြည့်ရှုခြင်းများပြု လုပ်နိုင်ကြောင်း သိရသည်။

“ကျွန်တော် ချောင်းသာကိုရောက်တာ သုံးခေါက်လောက်ရှိပြီ။ ဒီတစ်ခါပဲသဲဖြူကျွန်းကို သွားလို့ရတယ်။ ကျန်တဲ့ အခေါက်တွေက လှိုင်းကြီးနေလို့ သွားလို့မရဘူး။ ကျွန်းကပင်လယ်ထဲမှာဆိုတော့ သာယာပြီး လည်ချင်စရာလေးပါ။ ဒါပေမယ့်စက် လှေက ကမ်းနားအထိမကပ်နိုင်တော့ ခါးလယ်လောက်ရှိတဲ့ရေကို ဆင်းကူးပြီး ကျွန်းပေါ်တက်ရတယ်။ တံတားဆောက်ထားပေးရင်တော့ ကောင်းမယ်ထင်တယ်။ ဒီနေ့ပဲ ကိုရီးယား ခရီးသွားတစ်ဖွဲ့လည်း ကျွန်းပေါ်ကို လာလည်တာတွေ့ရတယ်”ဟု ဆိုသည်။

ထွန်းလင်း

Monday, October 31, 2011

နာမည်ကျော် တောင်သမန်အင်းနှင့် ဦးပိန်တံတားကို နိုင်ငံခြားသားခရီးသည်များ စိတ်ဝင်စားမှု ယခင်ထက်နည်းပါး

နွေမိုးဆောင်းသုံးရာသီသဘာဝ အလှများဖြင့် ကမ္ဘာလှည့်ခရီးသွားများကို စွဲဆောင်မှုရှိခဲ့သော နာမည်ကျော် တောင်သမန်အင်းနှင့် ဦးပိန်တံတားတွင် နိုင်ငံခြားသားခရီးသည်များ စိတ်ဝင်စားမှု ယခင်ထက် နည်းပါးလာကြောင်း ဧည့်လမ်းညွှန်များနှင့် ဒေသခံများကဆိုပါသည်။

''အရင်က အင်းရေကျချိန် နုန်းတင်မြေနုကျွန်းတွေပေါ်က ကိုင်းသီးနှံစိုက်ခင်းတွေနဲ့ ချောင်းရိုးပေါ်က ဦးပိန်တံတားရဲ့အလှဟာ စွဲဆောင်မှုရှိပါတယ်။ နောက်ပြီး ဆောင်းသီးနှံခင်းတွေနဲ့ နှင်းမှုန်တွေကြားကအလှ၊ မိုးအခါရေပြည့်ချိန် ကိုင်းခင်းတွေပျောက်ပြီး တံတားကြမ်းခင်းထိလုလု အင်းရေပြင်မှာ လှော်ခတ်သွားလာနေတဲ့ ငှက်သမ္ဗန်တွေရဲ့မြင်ကွင်းတွေဟာ ရာသီအလိုက် တစ်မျိုးစီခံစားနိုင်ပါတယ်။ အဲဒီလိုသုံးပန်လှ တောင်သမန်ရဲ့ မြင်ကွင်းတွေက ၁၂ ရာသီပတ်လုံး ရေသွင်းငါးမွေးမြူလာတဲ့အတွက် ငါးမွေးကန်ကြီးဖြစ်နေပြီ'' ဟု တောင်သမန်ကျေးရွာမှ ပန်းချီဆရာတစ်ဦးက ပြောကြားခဲ့သည်။

''တံတားကြီးဟာ ရှေးမြန်မာအင်ဂျင်နီယာတွေက စကေးမှန်ချိန်မပါဘဲ ခြေလှမ်းနဲ့တိုင်းတာ ဆောက်လုပ်ခဲ့တဲ့ နာမည်ကျော် မြန်မာမှုတံတားကြီးပါ။ လှိုင်းဒဏ်၊ လေဒဏ်ခံနိုင်အောင်လို့ ဖြောင့်တန်းစွာမဆောက်လုပ်ဘဲ တောင်ဘက်ကို ဦးမော့ကွေ့ဝိုက်ပြီး ကျင်တွယ်ပုံသဏ္ဍန် ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ အခုဆိုရင် တံတားကြီးပေါ်မှာ  နားနေဇရပ်ရှစ်ဆောင်ရှိပြီး အင်္ဂတေနဲ့ အစားထိုးပြုပြင်တဲ့အတွက် မူလ concept ပျက်သွားတယ်။ မြန်မာနိုင်ငံဟာ ကျွန်းသစ်ပေါများတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကျွန်းကိုကျွန်းနဲ့ပဲ အစားထိုးပြုပြင်သင့်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ တံတားကြီးကို လာရောက်လေ့လာတာဟာ ကမ္ဘာ့အရှည်ဆုံး ရှေးဟောင်းသစ်သားတံတားအနေနဲ့ စိတ်ဝင်တစားလာရောက်ကြတာပါ'' ဟု မြန်မာ့ရိုးရာ ပန်းချီဒီဇိုင်းပညာရှင် ဦးအေးမြင့်က ပြောကြားပါသည်။

''နိုင်ငံခြားသားခရီးသည်တွေက ရေမရှိတဲ့တံတား without water bridge  ဆိုပြီး စိတ်ဝင်တစားလာ ပြီးလေ့လာကြတာ။ ဒီရောက်တော့မှ မင်းတို့ညာတယ်ဆိုပြီး ပြောကြတယ်။ guide book ထဲမှာပါတာတွေနဲ့ လက်တွေ့မှာ ကွာခြားနေတာတွေကြောင့် ခရီးသည်အများစု ကျေနပ်နှစ်သက်ခြင်း မရှိကြပါဘူး''ဟု မန္တလေးမြို့ခံဧည့်လမ်းညွှန်တစ်ဦးက ပြောကြားခဲ့သည်။

Source : News Eleven

Friday, October 28, 2011

ပုဂံညောင်ဦးလေဆိပ်တွင် နိုင်ငံခြားဧည့်သည်အတွက် ဖုန်းငှားရမ်းရောင်းချမှု စတင်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကဲ့သို့ ပုဂံ-ညောင်ဦးလေဆိပ်တွင် နိုင်ငံခြားဧည့်သည်များအား ဖုန်းငှားရမ်း၊ ရောင်းချမှု စတင်လိုက်ပြီဖြစ်ကြောင်း ရတနာပုံတယ်လီပို့ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အောက်တိုဘာလ ၁၀ရက်နေ့ကစပြီး ဝန်ဆောင်မှု စပေးတာပါ ငှားရမ်းရောင်းချမှု နှုန်းထားတွေက ရန်ကုန်လေဆိပ်မှာ ကောက်ခံတဲ့ နှုန်းအတိုင်းပဲ မပြောင်းလဲပါဘူး" ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။ အဆိုပါပုဂံ-ညောင်ဦးလေဆိပ်ရှိ ဖုန်းငှားရမ်းကောင်တာတွင် ရန်ကုန်လေဆိပ်ကဲ့သို့ GSM, CDMAဖုန်းခွံများနှင့် SIMကတ်များ ငှားရမ်းနိုင်ပြီး ငါးသိန်းတန် GSM နှင့် CDMA 450 MHz ဖုန်းများကို နေ့ချင်းပြီး ဝယ်ယူနိုင်ကြောင်း သိရသည်။

"ရန်ကုန်လေဆိပ်မှာလိုတော့ ဖုန်းအမျိုးအစားအားလုံး ငှားရမ်းရောင်းချနိုင်မှာ မဟုတ်ပါဘူး။ ဒီမှာက CDMA 800 MHzကွန်ရက်မရှိတော့ CDMA 800 MHz ထားရှိမှာမဟုတ်ဘူး။ ကွန်ရက်ရှိလာရင်တော့ ထားရှိသွားမှာပါ။ ပုဂံ- ညောင်ဦးလေဆိပ်မှမဟုတ်ပါဘူး အပြည်ပြည်ဆိုင်ရာလေဆိပ်အားလုံးမှာ ဖုန်းငှားရမ်းရောင်းချပေးသွားမှာ ပါ"ဟု ၄င်းကဆက်လက်ပြောသည်။ လက်ရှိ ဖုန်းငှားရမ်းမှုနှုန်းများမှာ မည်သည့်ဖုန်းအမျိုးအစားမဆို SIM ကတ်ငှားရမ်းခစပေါ်ငွေ ဒေါ်လာ ၅၀ နှင့် ဟန်းဆက်ငှားရမ်းခ ဒေါ်လာ ၅၀ ကျသင့်မည်ဖြစ်ပြီး ဖုန်းငှားရမ်း အသုံးပြုခ တစ်ရက်လျှင် SIM ကတ်နှင့် ဟန်းဆက်နှစ်မျိုးအတွက် အသုံးပြုခ ၄ ဒေါ်လာကျသင့်မည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်များ ဆက်သွယ်ရေး လွယ်ကူစေရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၂၀၁၁ ဇူလိုင်လ ၂၀ရက်နေ့မှ စတင်ခဲ့ကြောင်း သိရသည်။

"ဖုန်းငှားရမ်းတဲ့စနစ်ကတော့ နိုင်ငံခြားသားတွေအတွက် ကောင်းပါတယ်။ အခု ရန်ကုန်လေဆိပ်အပြင် နိုင်ငံခြားသားတွေ သွားလာမှု အများဆုံးဖြစ်တဲ့ ပုဂံလိုဒေသမှာ ဖုန်းငှားရမ်းမှု အဆင်ပြေမယ်ထင်တယ်။ ဒါပေမဲ့ နိုင်ငံခြားသား တော်တော်များများက ငါးသိန်းဖုန်းတွေထက် တစ်ခါသုံးကတ်စနစ်တွေကို ပိုကြိုက်ကြပါတယ်။ အထူးသဖြင့် ၂၀တန် ကတ်တွေ ပိုကြိုက်ကြတယ်။ အဲဒီလို တစ်ခါသုံးကတ်တွေပါ ရောင်းပေးသွားမယ်ဆိုရင်တော့ သုံးစွဲမှုပိုများလာနိုင်ပါတယ်"ဟု ဝါရင့်ဧည့်လမ်းညွှန်တစ်ဦးက ပြောသည်။ အဆိုပါ ဖုန်ငှားရမ်းရောင်းချမှု ဝန်ဆောင်မှုအား ရတနာပုံတယ်လီပို့ကုမ္ပဏီနှင့်အတူ Asia Mega Link? Blue Ocean ကုမ္ပဏီတို့မှ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဇော်
Source: Popular News Journal

မန္တလေးမှာ နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာသစ်ဖွင့်

မန္တလေးမြို့က ဘဏ်အချို့ဟာ နိုင်ငံခြားငွေ လဲလှယ်ရေးကောင်တာကို အောက်တိုဘာ ၂၄ ရက်နေ့က စပြီးဖွင့်လှစ် လဲလှယ်ပေးနေပြီဖြစ်တယ်လို့ သိရတယ်။ အောက်တိုဘာ ၂၄ ရက်နေ့က နိုင်ငံခြားငွေ စတင်ဖွင့်လှစ်လဲလှယ်ပေးတဲ့ ဘဏ်တွေကတော့ ၃၅ လမ်း ၈၂ လမ်းထောင့်မှာ ရှိတဲ့ MOBဘဏ်၊ ခင်စောမူ ကွေ့က ကမ္ဘောဇဘဏ်၊ ဘူတာကြီးအနီးက ဧရာဝတီဘဏ်နဲ့ တံတားဦးလေဆိပ်မှာ AGDB ဘဏ်တွေ ဖွင့်တာဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်မှ အထွေထွေမန်နေဂျာ ဒေါ်မြင့်မြင့်ချိုက ‘FED FORM (ကြေညာလွှာ) ပါသူတွေ၊ နိုင်ငံခြားငွေကိုင်ဆောင်ခွင့် AH လိုင်စင်ပါသူတွေနဲ့ ပတ်စပို့ပါတဲ့ နိုင်ငံခြားသားတွေထံက ငွေတွေ ကိုဝယ်ယူမှာဖြစ်ပါတယ်၊ နိုင်ငံခြားသွားမယ့်သူဆိုရင် မှတ်ပုံတင်နဲ့ ပတ်စပို့ပြရမယ်’လို့ပြောပါတယ်။ သူကပဲ ဆက်ပြီး ‘တစ်ဦးကို ဒေါ်လာ ၂၀၀၀ အထိ ဝယ်လို့ရောင်းလို့ရတယ်ဆိုပြီး သတ်မှတ်ထားပေမဲ့ နိုင်ငံခြားကို ကျောင်းသွားတက်မယ့်၊ ဆေးသွားကုမယ့်သူတွေက သတ်မှတ်ချက်ထက်ပိုပြီး လိုအပ်ခဲ့ရင် ခိုင်လုံတဲ့ အထောက်အထား ပြနိုင်ရင်တော့ အဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ ပိုရောင်းပေးမယ်၊ ဝယ်တာနဲ့ရောင်းတာက balance ဖြစ်မှဖြစ်မယ်’ လို့ပြောတယ်။ မန္တလေးမြို့ရဲ့ နိုင်ငံခြားငွေကြေးလဲလှယ်မှု နှုန်းထားတွေကတော့ ရန်ကုန်မြို့ သိမ်ဖြူလမ်း ငွေလဲစင်တာတွေက ဈေးနှုန်းတွေအတိုင်း လဲလှယ်ပေးမှာဖြစ်တယ်လို့ သိရကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

Thursday, October 27, 2011

နှစ် ၁၀၀ ကျော်သက်တမ်းရှိ ဝန်ကြီးများရုံး ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲအပ်

နှစ် ၁၀၀ ကျော်သက်တမ်းရှိ ဝန်ကြီးများရုံးအား နိုင်ငံတော်သမ္မတမှ ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အပြီးအပိုင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာ့ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့မှ သိရသည်။ “ဒီရက်ပိုင်းအတွင်း လွှဲပြောင်း ပေးလိုက်တာပါ။ ဆိုလိုတာက ဟိုတယ်မလုပ်တော့ဘူးပေါ့” ဟု မြန်မာ့ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၄ ရက်တွင် ပြောသည်။ ယင်းအဆောက်အအုံကို နိုင်ငံတော်သမ္မတ ကိုယ်တိုင် လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး ထိုသို့ ပေးအပ်မှုကိုကြည့်ခြင်းဖြင့် ယင်းဝန်ကြီးများရုံးကို အလေးထားသည်မှာ ပေါ်လွင်နေကြောင်း၊ သမိုင်းအစဉ်အလာအရ ပြယုဂ်အနေဖြင့်သာ ထားရှိသင့်သည်ကို လက်ခံသည့်သဘော ရှိနေကြောင်းကို ခရီးသွားလုပ်ငန်းရှင်၊ ဗိသုကာပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင် အချို့တို့မှ သဘောထား မှတ်ချက်ပြုသည်။ ရန်ကုန်မြို့၌ ပြုပြင်ထိန်းသိမ်းသင့်သည့် ရှေးဟောင်း အဆောက်အအုံ ၁၈၉ လုံးရှိသည့်အနက် ထိုဝန်ကြီးများရုံးမှာ အဆောက်အအုံ ကြီးမားခြင်း၊ ပတ်ဝန်းကျင် ကျယ်ပြန့်ခြင်းနှင့် သမိုင်းအစဉ်အလာ ကြီးမားခြင်းတို့ ရှိသည့်အတွက် ထိပ်ဆုံး၌ ရပ်တည်နေသည်ဟု ပြောဆို၍ ရကြောင်း၊ ၂၀၁၁ ခုနှစ် အတွင်းပိုင်းက ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းပြီး လေ့လာစဉ်အခါကလည်း မူလယဉ်ကျေးမှု လက်ရာများအတိုင်း ရှိနေသည်ကို အထင်အရှား တွေ့ရှိခဲ့ရသည့် မှတ်တမ်းများလည်း ရှိခဲ့ကြောင်း ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးအဖွဲ့တွင် ပါဆောင်ရွက်ခဲ့သူလည်းဖြစ်သည့် မြန်မာနိုင်ငံ ဗိသုကာပညာရှင်များ အသင်း၏ နာယက ဦးသန်းတင်အောင်က ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

Thursday, October 20, 2011

ရွှေ့ပြောင်းမြန်မာလုပ်သားများကို နိုင်ငံသားစိစစ်ရေးနှင့် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ရုံးခွဲငါးခု ထိုင်းတွင် ဖွင့်လှစ်မည်

ရွှေ့ပြောင်း မြန်မာလုပ်သားများအတွက် နိုင်ငံသားစိစစ်ရေး လုပ်ငန်းနှင့် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန်အတွက် ရုံးခွဲငါးခုကို ထိုင်းနိုင်ငံအတွင်း၌ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်မည့် ငါးနေရာမှာ Samut Rrakam တွင် တစ်ရုံး၊ Samut Sakorn တွင် ရုံးနှစ်ရုံး၊ ချင်းရိုင်တွင် တစ်ရုံးနှင့် ရနောင်းတွင် တစ်ရုံးတို့ဖြစ်သည်။ ထိုကဲ့သို့ ဖွင့်လှစ်နိုင်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန ၀န်ကြီး ဒုတိယ၀န်ကြီးဦးမြင့်သိန်း ဦးဆောင်သည့် အဖွဲ့သည် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံသို့ စေလွှတ်မည့် အလုပ်သမားသစ်များကို နယ်စပ်သုံးနေရာအပြင် လေကြောင်းခရီးဖြင့် စေလွှတ်ကြရေးအတွက် သဘောတူညီခဲ့ကြပြီး အလုပ်ရှင်/ အလုပ်သမား သဘောတူစာချုပ်များတွင် လူမှုဖူလုံရေး ထည့်ဝင်ကြေး ပေးသွင်းရေးအတွက် ထည့်သွင်းစာချုပ်ဆိုရေးနှင့် ထိုသဘောတူစာချုပ်များအား မြန်မာဘာသာဖြင့် ထည့်သွင်းချုပ်ဆိုရေးတို့ သဘောတူခဲ့ကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုမှ ခရီးသွားများအား ရန်ကုန်၊ မန္တလေး၊ တာချီလိတ်(၀မ်ပုံ) တို့တွင် ဆိုက်ရောက်ဗီဇာ ပေးရန်စီစဉ်

ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများမှ ၀င်ရောက်လာမည့် ခရီးသွားများအား ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နယ်စပ်ဝင်ပေါက်ဖြစ်သည့် တာချီလိတ်(၀မ်ပုံ)တို့တွင် ဆိုက်ရောက်ဗီဇာဖြင့် ပြည်ဝင်ခွင့်ပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ၂၀၁၁ ခုနှစ် စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် နိုင်ငံတကာ ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ကွန်ဖရင့် အစည်းအဝေးတွင် အာဆီယံဒေသကြီးကို တစ်ခုတည်းသော ခရီးစဉ်ဒေသအဖြစ် ၂၀၁၅ ခုနှစ်တွင် သတ်မှတ်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ၂၀၁၁ ခုနှစ် အောက်တိုဘာလ ပထမပတ်အတွင်းက ပြုလုပ်ခဲ့သော နိုင်ငံခြားသား ဧည့်သည် ၀င်ရောက်မှု အဆင်ပြေလွယ်ကူရေးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံအတွက် အလေ့အကျင့်နှင့် အတွေ့အကြုံ ကောင်းများ ရရှိစေရန်ရည်ရွယ်ချက်ဖြင့် လေးနိုင်ငံခရီးစဉ်တစ်ခု(Four Countries One Destination) အဖြစ် စတင်ကျင့်သုံးရန် ညှိနှိုင်းနေကြောင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံ များမှ ၀င်ရောက်လာမည့် နိုင်ငံခြားသား ခရီးသည်များအား ရန်ကုန်လေဆိပ်၊ မန္တလေးလေဆိပ်၊ နယ်စပ်ဝင်ပေါက် ဖြစ်သော တာချီလိတ်(၀မ်ပုံ)တို့တွင် ဆိုက်ရောက်ဗီဇာဖြင့် ပြည်ဝင်ခွင့်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိတွင် ခရီးသွားကုမ္ပဏီများသည် ကုမ္ပဏီ၏အစီအစဉ်ဖြင့် လာရောက်မည့် မြန်မာသံရုံးမရှိသော နိုင်ငံများမှ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာများကိုဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန မှတစ်ဆင့် လျှောက်ထားသည့်စနစ်ကို အသုံးပြုလျက်ရှိသည်။ 

ယင်းစနစ်မှာ ၂၀၁၀ ပြည့်နှစ် မေလဆန်းမတိုင်မီအထိ အသုံးပြုခဲ့သောစနစ်ဖြစ်ပြီး မေလဆန်းတွင်မူ ကြိုတင်စီစဉ်ရန်မလိုသည့် ဆိုက်ရောက်ဗီဇာများကို ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် မန္တလေးတံတား ဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ထုတ်ပေးခဲ့သည်။ ထို့နောက် ၂၀၁၀ပြည့်နှစ် စက်တင်ဘာလမှ စတင်၍ ဆိုက်ရောက် ဗီဇာထုတ်ပေးမှုကို ခေတ္တရပ်ဆိုင်းခဲ့ကာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသို့ လျှောက်ထားမှုအစား ပြည်ထဲရေးဝန်ကြီးဌာနသို့ ပြောင်းလဲ လျှောက်ထားခဲ့ရကြောင်း၊ လက်ရှိတွင်မူ ယခင်စနစ်ကိုပြန်လည် ကျင့်သုံးလျက်ရှိကြောင်း သိရှိရပါသည်။

Source : News Eleven

ရန်ကုန်မြို့တွင်း ၈ နေရာတွင် ဟိုတယ်ဆောက်လုပ်ရန်စီစဉ်

 ရန်ကုန်မြို့တွင်းရှိ နေရာ ၈ ခုတွင် ဟိုတယ်ဆောက်လုပ်ရန် အတွက် စီမံကိန်းများပြုလုပ်နေကြောင်း ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) ဥက္ကဋ္ဌဦးတင်ဝင်းကပြောကြားသည်။ "နေရာ ၈ နေရာကိုတော့ သွားကြည့်ပြီးပါပြီ။ ဟိုတယ်ဆောက်ခွင့်ရဖို့အတွက် သက်ဆိုင်ရာကို တင်ပြထားပါတယ်"ဟု ယင်းပုဂ္ဂိုလ်က အောက်တိုဘာ ၁၅ ရက်တွင် ပြောခြင်းဖြစ်သည်။
ဟိုတယ်ဆောက်လုပ်ရန် ရွေးချယ်ထားသည့်နေရာ ၈ နေရာမှာ သိမ်ဖြူလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ဝန်ကြီးဌာန ၃ ခုပူးပေါင်းရုံးစိုက်ခဲ့သည့် အဆောက်အအုံ၊ ၄၇ လမ်း City Mart ရှိရာ အဆောက်အအုံ၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်ရှိ လေးထပ်အဆောက်အအုံ၊ ပုဇွန်တောင်လမ်းပေါ်ရှိ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၊ ဒဂုံမြို့နယ် အလုံလမ်းပေါ်ရှိ ဆယ်ထပ်အဆောက်အအုံ၊ လှိုင်ကတ္ကသိုလ်နယ်မြေအတွင်းရှိ ဒူးယားဆောင်နှင့် ပုပ္ပားဆာင်တို့ ဖြစ်သည်။ ၄င်းနေရာ ၈ နေရာသည် ဈေးကွက်အရ ဆွဲဆောင်နိုင်သော နေရာကောင်းများဖြစ်ပြီး ခွင့်ပြုချက်ရပါက ပြည်ပရင်းနှီးမြှုပ်နှံများ ဝင်ရောက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်သည်။

Source : Yoyarlay

Tuesday, October 18, 2011

ယူရိုနှင့် စင်ကာပူဒေါ်လာ သိမ်ဖြူတွင် စတင်ဈေးဖွင့်ပြီ

သိမ်ဖြူနိုင်ငံခြားငွေ လဲလှယ်ရေးစင်တာတွင် ယူရိုနှင့် စင်ကာပူဒေါ်လာကို စတင်ဈေးဖွင့် ရောင်းချပြီဖြစ်ကြောင်း သိရသည်။ ယခင် အမေရိကန်ဒေါ်လာနှင့် အက်ဖ်အီးစီတို့ကိုသာ ဈေးဖွင့်ရောင်းချလျက်ရှိရာမှ အောက်တိုဘာ ၁၃ ရက်မှ စတင်ကာ ယူရိုနှင့် စင်ကာပူဒေါ်လာကို ဈေးဖွင့်ရောင်းချလိုက်ခြင်းဖြစ်ကြောင်း၊ ယူရိုငွေကြေးကို ဘဏ်မှ ရောင်းဈေး ၁၁၀၅ ကျပ်၊ စင်ကာပူဒေါ်လာကို ၆၃၇ ကျပ်ဖြင့် စတင်ဈေးဖွင့် သတ်မှတ်ရောင်းချလျက် ရှိကြောင်း သိရသည်။ 

“စင်တာ စဖွင့်တုန်းကတော့ အကြောင်းအမျိုးမျိုးကြောင့် ယူရိုနဲ့ စင်ကာပူကို ဈေးမဖွင့်နိုင်ခဲ့ဘူး။ အခုနောက်ပိုင်းတော့ စင်တာကနေ လဲလှယ်ပေးတဲ့ ငွေကြေး လေးမျိုးစလုံးကို ဈေးဖွင့် ရောင်းချပေးသွားမှာပါ”ဟု အဆိုပါ နိုင်ငံခြားငွေ လဲလှယ်ရေးစင်တာ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ စီဘီဘဏ် တာဝန်ခံ ဦးဖေမြင့်က ပြောသည်။ နိုင်ငံခြားငွေ လဲလှယ်ရေးစင်တာကို အောက်တိုဘာ ၁ ရက်တွင် သိမ်ဖြူလမ်းရှိ အမှတ် (၉၉-၁၀၃) ၌ စတင်ဖွင့်လှစ်ခဲ့ပြီး အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ အက်ဖ်အီးစီနှင့် ယူရိုငွေကြေးတို့ကို လဲလှယ်ပေးလျက်ရှိသည်။ “အရင်တုန်းကတော့ စင်တာမှာ မှတ်ပုံတင်ပြတာနဲ့ ဒေါ်လာ ၂၀၀၀ အောက်လဲပေးတယ်။ အခုနောက်ပိုင်း ကော်မရှင်စား၊ ကြားပွဲစားတွေကြောင့် သတ်မှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း ကန့်သတ်ရောင်းချပေးနေပါတယ်” ဟု ငွေလဲလှယ်ရေး စင်တာတွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သိမ်ဖြူနိုင်ငံခြားငွေ လဲလှယ်ရေး စင်တာတွင် အကောက်ခွန် နိုင်ငံခြားငွေ ကြေညာလွှာ FED Form ၊ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်လက်မှတ် (AH) ရှိသူများကိုသာ နိုင်ငံခြားငွေကို ကန့်သတ်လဲလှယ် ရောင်းဝယ်လျက်ရှိကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Source : Khit Lu Nge

Friday, October 14, 2011

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းပညာရပ် သင်ကြားနိုင်ရန် စီစဉ်

ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဆိုင်ရာပညာရပ်များကို တက္ကသိုလ် အဆင့် ဖွင့်လှစ် သင်ကြားနိုင်ရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။ ယင်းကိစ္စနှင့် ပတ်သက်သော ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကို စက်တင်ဘာလတွင် နေပြည်တော် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနရုံးတွင် ကျင်းပခဲ့ပြီး ဒုတိယဝန်ကြီး ဦးဋ္ဌေးအောင်က ပြောကြားခဲ့ကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ၄င်းအစည်အဝေးကို အဆင့်မြင့်ပညာဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဖွင့်လှစ်သင်ကြားပေးနိုင်မည့် နေရာ၊ အချိန်၊ သင်တန်းကာလ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးများကို အကြံပြု ဆွေးနွေးခဲ့ကြောင်း အထက်ပါလုပ်ငန်းရှင်ကဆိုသည်။ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ပညာရပ်ကို တက္ကသိုလ်အဆင့်တွင် ဖွင့်လှစ် သင်ကြားပါက ၂၀၁၅ ခုနှစ် တွင် သတ်မှတ်ထားသော အာဆီယံနိုင်ငံများအကြား အပြန် အလှန် အသိအမှတ်ပြုခြင်း အစီအစဉ်ကို အထောက်အကူပြုမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိကြောင်း စီးပွားရေးလုပ် ငန်းရှင်တစ်ဦးက သုံးသပ်သည်။ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှလည်း ရန်ကုန်မြို့တွင် ဟိုတယ်ဆိုင်ရာ သင်တန်းများ၊ ဧည့်လမ်းညွှန်ဆိုင်ရာ သင်တန်းများ၊ အင်္ဂလိပ်စာ သင်တန်းများကို ဖွင့်လှစ်ပေးနေသည်။

Source : VenusNews

Thursday, October 13, 2011

မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို လေးနိုင်ငံအကြား ဆိုက်ရောက်ဗီဇာဖြင့် လည်ပတ်သွားလာနိုင်ပြီ

မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို (CLMV) လေးနိုင်ငံ ဆိုက်ရောက်ဗီဇာ အစီအစဉ်အရ လေးနိုင်ငံအကြား ဆိုက်ရောက်ပြည်ဝင်ခွင့် ဗီဇာဖြင့် လည်ပတ်သွားလာနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှု အစီအစဉ်တွင် အဆိုပါ နိုင်ငံများမှ လာမည့် တတိယနိုင်ငံသားများကိုပါ ဆိုက်ရောက်ဗီဇာများ လေဆိပ်တွင် ပြည်ဝင်ခွင့်ဗီဇာ ရရှိသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။ မြန်မာနိုင်ငံသားများအနေဖြင့် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ပါက ကြိုတင်ဗီဇာ လျှောက်ထားရန် မလိုအပ်ဘဲ သက်ဆိုင်ရာ လေဆိပ်ရောက်ရှိမှသာ ဆိုက်ရောက်ဗီဇာ(ပြည်ဝင်ခွင့်) တောင်းခံနိုင်ပြီး ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နိုင်ငံများမှ ဝင်ရောက်လာမည့် နိုင်ငံခြားသား ဧည့်သည်များကို ရန်ကုန်လေဆိပ်၊ မန္တလေးလေဆိပ်နှင့် နယ်စပ်ဂိတ် ဝင်ပေါက်ဖြစ်သည့် တာချီလိတ်(ဝမ်ပုံ) တို့တွင် ဆိုက်ရောက်ဗီဇာဖြင့် ပြည်ဝင်ခွင့် ပြုနိုင်ရေးအတွက် စီစဉ်နေကြောင်း နိုင်ငံခြားဧည့်သည် ဝင်ရောက်မှု အဆင်ပြေလွယ်ကူရေး ကော်မတီ ပထမကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ဆိုက်ရောက်ဗီဇာ ပေးနေပြီဟု ဆိုသော်လည်း လတ်တလောကတွင် အကြောင်းကြားစာများ မရောက်ရှိသေးသည့်အတွက် အခက်အခဲများ ရှိနေကြောင်း ခရီးသွားလုပ်ငန်းများမှ သိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားရာသီ စတင်နေပြီဖြစ်ရာ ရာသီအစမှပင် ခရီးသွားဧည့်သည်များ ဝင်ရောက်မှုနှုန်း သိသိသာသာ များပြားလျက်ရှိ၍ ကာလတူ လများအလိုက် နှိုင်းယှဉ်ပါက ယခင်နှစ်ထက်၂၇ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Source : Khit Lu Nge

Monday, October 10, 2011

မြန်မာနိုင်ငံသို့ နော်ဝေကမ္ဘာလှည့်ဧည့်သည်များ သွားရောက်လည်ပတ်ရန် ကန့်သတ်ထားသော စည်းမျဉ်းစည်းကမ်းများ စတင်ဖယ်ရှား

မြန်မာနိုင်ငံသို့ နော်ဝေကမ္ဘာ လှည့်ဧည့်သည် များသွားရောက်လည် ပတ်ရန် ကန့်သတ် ထားသောစည်းမျဉ်း များကို ၂၀၁၁ ခုနှစ်မေလမှ စတင်ကာ ဖယ်ရှား လိုက်ပြီဖြစ်ကြောင်း နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး H.E Mr. Espen Barth ကဆိုသည်။

“နော်ဝေနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ခရီးသွားလုပ်ငန်းတွေအပေါ် ကန့်သတ်ထားတဲ့ ပေါ်လစီတွေကို ဖယ်ရှားပြီး မြန်မာနိင်ငံသို့ ခရီးသွားများ လာရောက်လည်ပတ်ရန် အားပေးနေပါတယ်” ဟု နော်ဝေ ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E Mr. Espen Barth  ကပြောသည်။ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟို တယ်၌ အောက်တိုဘာ ၈ရက် နေ့တွင် ပြည်တွင်းမီဒီယာ အချို့နှင့်တွေ့ဆုံစဉ် နော်ဝေနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး  H.E Mr. Espen Barth က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

H.E Mr. Espen Barth သည် အောက်တိုဘာလ ၇ ရက်က ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးဌေးအောင်နှင့် တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံခရီးသွားလုပ်ငန်းဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရေး၊ မြန်မာနိုင်ငံ ရှိ ခရီးစဉ်ဒေသများကို လာရောက်လေ့လာနိုင်ရေးအတွက် နော်ဝေနိုင်ငံမှ ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များအား ဖိတ်ခေါ်ပြသရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ကျော်ဇေယျာဝင်း

Friday, October 07, 2011

အောက်တိုဘာ ၁ရက်မှစပြီး ထိုင်းဗီဇာနှုန်းထားများ တိုးမြှင့်သတ်မှတ်

အောက်တိုဘာ ၁ရက်မှ စတင်ကာ ထိုင်းနိုင်ငံပြည်ဝင်ခွင့် ဗီဇာကြေးနှုန်းထားများကို တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ထိုင်းသံရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။ ပြင်ဆင်လိုက်သော ဗီဇာကြေး နှုန်းထားများကို ယခုလက်ရှိ ဖြစ်ပေါ်နေသော ငွေလဲလှယ်နှုန်းထားများအရ အောက်တိုဘာ ၁ ရက်မှ စ၍ ပြင်ဆင်ပြောင်းလဲ ကောက်ခံမည်ဖြစ်ကြောင်း ထိုင်းသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြင်ဆင်ပြောင်းလဲလိုက်သည့် နှုန်းထားများမှာ Transit Visa ၃၅ ဒေါ်လာ၊ Tourist Visa ခေါ်လာ ၄၀၊ Non-Immigrant Visa (Single Entry) ဒေါ်လာ ၈၀၊ Non-Immigrant Visa (Multiple Entry ) 1years ဒေါ်လာ ၂၀၀၊ Non –Immigrant Visa (Multiple Entry) 3 years ဒေါ်လာ ၄၀၀တို့ဖြစ်သည်။ “Transit Visa ဆိုရင် အရင်က ဒေါ်လာ ၃၀၊ အခု ၃၅ ဒေါ်လာ၊ Tourist Visa ဆိုရင် အရင်က ၃၅ ဒေါ်လာ အခု ဒေါ်လာ ၄၀၊ Non-Immigrant Visa (Single Entry) ဆိုရင် အရင်က ၆၅ ဒေါ်လာ အခု ဒေါ်လာ ၈၀ ၊ အနည်းဆုံး ၅ ဒေါ်လာ တက်သွားတာပေါ့” ဟု ဗီဇာပြုလုပ်သူ တစ်ဦးကပြောသည်။ ထိုင်းနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာတွင် တိုကင်အရင်ရယူကာ တိုတင်ရရှိပြီးနောက် ထိုင်းသံရုံးမှ သတ်မှတ်ထားသည့် အချိန်အလိုက် မိမိရရှိထားသည့် တိုကင်ဖြင့် ဗီဇာလျှောက်ထားရကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

Thursday, October 06, 2011

သစ်တောနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဥပဒေများ ပြင်ဆင်ကာ ဒဏ်ကြေးများ တိုးမြှင့်သတ်မှတ်မည်

တောရိုင်းတိရစ္ဆာန်များနှင့် အပင်များ တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းကို အရေးယူရန် ပြဋ္ဌာန်းထားသော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေကို ခေတ်နှင့်လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ကာ ဒဏ်ကြေးငွေများ တိုးမြှင့်သွားရန်ရှိကြောင်း သစ်တောဦးစီးဌာနက ပြောပြခဲ့သည်။ ၁၉၉၄ ခုနှစ်က စတင်ပြဋ္ဌာန်းခဲ့သော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေနှင့် ၁၉၉၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော သစ်တောဥပဒေများကို ခေတ်နှင့်လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်သွားနိုင်ရန် လတ်တလောတွင် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပသော ဒီရေတောနှင့် သဘာဝဝန်းကျင် ပြန်လည်ထူထောင်ရေး ကွန်ရက်၏ နှစ်ပတ်လည်အခမ်းအနား၌ ပြောကြားသွားခဲ့သည်။ ထိုဥပဒေနှစ်ခုတွင် အဓိကအားဖြင့် ဥပဒေပါ အချို့စကားရပ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်များနှင့်အညီ ပြင်ဆင်သွားမည်ဖြစ်ပြီး ဥပဒေတွင် ပြဋ္ဌာန်းထားသော ဒဏ်ကြေးငွေများကိုပါ တိုးမြှင့်သွားမည်ဟု သစ်တောဦးစီးဌာနက ပြောပြခဲ့သည်။ “ဒဏ်ကြေးတွေကို တိုးမယ်ဆိုတာ ကြိုဆိုပါတယ်။ ဒဏ်ကြေးက တောရိုင်းတိရစ္ဆာန် ရောင်းရငွေထက် နည်းနေတာကနေ ဒဏ်ကြေးတိုးလိုက်တော့ ပိုထိရောက်တဲ့ အရေးယူမှုတွေ ပိုလုပ်နိုင်မယ်လို့ ထင်ပါတယ်” ဟု တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်း လုပ်ဆောင်နေသူတစ်ဦးက ပြောကြားသည်။ တရားမဝင် ရောင်းဝယ်ဖောက်ကားရန် အများဆုံးဖမ်းဆီးကြသော တောရိုင်းတိရစ္ဆာန်များမှာ ကျား၊ ဆင်၊ တောဆိတ်၊ သင်းခွေချပ်၊ ချေ၊ ကုန်းလိပ်၊ တောဝက်၊ မြွေအမျိုးမျိုး၊ တောက်တဲ့၊ တောင်ဆိတ်၊ အင်းကျား၊ ဝက်ဝံ၊ ဘွတ်ငှက် စသည့် တောရိုင်းတိရစ္ဆာန်များဖြစ်သည်ဟု သစ်တောဦးစီးဌာနမှ သိရကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Source : Khit Lu Nge

Tuesday, October 04, 2011

ရန်ကုန်အဲဝေး ပြည်တွင်းခရီးစဉ်များကို အောက်တိုဘာ ၁၆ ရက်တွင် ပြန်လည်ပြေးဆွဲမည်

ပြေးဆွဲပျံသန်းမှု ခေတ္တရပ်နားထားသော ရန်ကုန်အဲဝေးပြည်တွင်း ခရီးစဉ်များကို အောက်တိုဘာ ၁၆ ရက်တွင် ပြန်လည် ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ မန်နေဂျင်းဒါရိုက်တာ ဦးတင်စိုးက ရန်ကုန်အဲဝေး လေကြောင်းလိုင်း ၁၅ နှစ်ပြည့် နှစ်ပတ်လည် စက်တင်ဘာ ၁၉ ရက်တွင် ကျင်းပသည့် အခမ်းအနားတွင် ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မန်နေဂျင်းဒါရိုက်တာ ဦးတင်စိုးက “ရန်ကုန်အဲဝေးကို အတွေ့အကြုံရင့်ကျက်တဲ့ လေယာဉ်မှူးများ၊ အင်ဂျင်နီယာများ၊ ပြည်တွင်းပြည်ပများမှာ လေ့လာသင်ယူထားသော ဝေဟင်မြေပြင် ၀န်ထမ်းများနဲ့ပြန်လည် ဖွဲ့စည်းထားပြီး အောက်တိုဘာ ၁၆ရက် မှ စတင်ပြီး အကောင်းဆုံးသော ၀န်ဆောင်မှုများနဲ့ ပြန်လည် ပြေးဆွဲသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

အဆိုပါ ရန်ကုန် အဲဝေးလေကြောင်း လိုင်းအား ၁၉၉၆ ခုနှစ်တွင် မြန်မာ့လေကြောင်းနှင့် ထိုင်းနိုင်ငံ Krong-Sombat-Company တို့ ဖက်စပ်တည်ထောင်ခဲ့ပြီး ခရီးသည် ၇၀ ဆံ့ ATR – 72 လေယာဉ်နှစ်စင်း ဖြင့် ပြည်တွင်းရှိမြို့ပေါင်း ၁၈ မြို့သို့ ပျံသန်းပို့ဆောင်ခဲ့ရာ ၂၀၁၀ ဒီဇင်ဘာ ၄ ရက်မှ ခရီးစဉ်များ ပြေးဆွဲမှု ခေတ္တ ရပ်နားခဲ့ကြောင်း သိရသည်။

ထွန်းလင်း

Monday, October 03, 2011

တရားဝင် နိုင်ငံခြားငွေလဲကောင်တာ စဖွင့်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိကဘဏ် ၆ ခုက နိုင်ငံခြားငွေလဲ ကောင်တာများကို ရန်ကုန်မြို့ သိမ်ဖြူလမ်းတွင် အောက်တိုဘာ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ကန့်သတ်ချက် များပြားလွန်းနေကြောင်း သိရသည်။
“သိမ်ဖြူနိုင်ငံခြားငွေလဲလှယ်ရေးစင်တာ” အမည်ရှိ အဆိုပါငွေလဲလှယ်ရာဌာနတွင် သတ်မှတ်ပမာဏထက် ကျော်လွန်သော နိုင်ငံခြားငွေ လဲလှယ်သူများစာရင်းကို ပြည်ထဲရေးဝန်ကြီးဌာနထံ တိုက်ရိုက် အစီရင်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေများကို လဲလှယ်ကြရာတွင် ၀င်ငွေရရှိခဲ့သည့်နည်းလမ်းနှင့် သက်သေခံလက်မှတ်များ ပြသရန်လည်း စည်းကမ်းသတ်မှတ်ထားသည်ဟု သူကဆိုသည်။

“ကျပ် သိန်းတထောင်နဲ့အထက် ဒေါ်လာလာဝယ်တဲ့သူတွေကို မှတ်တမ်းတင်ပြီး ချက်ချင်း ပြည်ထဲရေးဝန်ကြီး ဌာနဆီ သတင်းပို့ရမယ်။ အဓိက ငွေမည်းခ၀ါချတွေမဖြစ်အောင်ပါ” ဟု နိုင်ငံခြားငွေ လဲလှယ်ခွင့်ရထားသည့် အင်းဝဘဏ်မှ တာဝန်ရှိသူတဦးက ပြောသည်။

နိုင်ငံခြားငွေ လာရောင်းဝယ်သူတိုင်း မြန်မာနိုင်ငံသားဖြစ်ပါက မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ် ပြရမည်ဖြစ်ကာ မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ် မိတ္တူယူထား၍ ကွန်ပျူတာစာရင်းသွင်းမည်ဖြစ်ကြောင်း၊ ဒေါ်လာအရောင်းအ၀ယ် လုပ်သူတိုင်း လက်မှတ်ထိုးပေးရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

အဆိုပါငွေလဲစင်တာတွင် FEC၊ ယူရိုငွေ၊ စင်ကာပူဒေါ်လာနှင့် အမေရိကန်ဒေါ်လာတို့ကို လဲလှယ်ရောင်းဝယ်မည်ဖြစ်ပြီး နေ့စဉ်ဈေးနှုန်း ပြောင်းလဲသတ်မှတ် ရောင်းဝယ်သွားမည် ဖြစ်ကြောင်း၊ FEC ကို အများပြည်သူအားလုံး ကန့်သတ်ချက်မရှိ လဲလှယ်ရောင်းဝယ်နိုင်ကြောင်း သိရသည်။

ယင်းငွေလဲစင်တာတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းများကို သတ်မှတ်ထားရာ အောက်တိုဘာလ ၂ ရက်နေ့က FECတယူနစ် ၀ယ်ဈေး ၈၃၀ကျပ်၊ ရောင်းဈေး ၈၃၄ ကျပ်၊ အမေရိကန်တဒေါ်လာ ၀ယ်ဈေး ၈၃၀ ကျပ်၊ ရောင်းဈေး ၈၃၄ ကျပ်၊ တယူရိုလျှင် ၀ယ်ဈေး ၁၀၈၀ ကျပ်၊ စင်ကာပူတဒေါ်လာလျှင် ၀ယ်ဈေး ၆၃၅ ကျပ် ဖြစ်သည်။

ပုဂ္ဂလိကဘဏ် ၆ ခုက ဖွင့်လှစ်ထားသော ငွေလဲကောင်တာများတွင် ကန့်သတ်ချက်များ ရှိနေသောကြောင့် တရားမ၀င် နိုင်ငံခြားငွေကြေး ဈေးကွက် ဆက်လက်ရှင်သန်နေဦးမည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးသမားများကပြောသည်

“၀င်ငွေရလမ်း ပြရမှာတို့ဘာတို့ ကန့်သတ်ချက်တွေက ရှိနေတော့ တရားမ၀င်ဈေးကွက်က ဆက်ပြီးရှိနေမှာပါ။ ငွေလဲတဲ့ဈေးနှုန်းကတော့ တရားဝင်ဈေးကွက်နဲ့ တရားမ၀င်ဈေးကွက် တူလိမ့်မယ်။ တရားဝင်ဈေးကွက်က လွတ်လပ်မှုမရှိတော့ တရားမ၀င်ဈေးကွက်က အများကြီးအားသာနိုင်တယ်။ ပိုပြီးအလုပ်ဖြစ်နေဦးမယ်” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်အမှုဆောင်တဦးကဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ အင်းဝဘဏ်၊ မြ၀တီဘဏ်၊ မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ် စုစုပေါင်း ဘဏ် ၆ ခုကို နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်ခွင့် လိုင်စင်များ ချထားပေးခဲ့သည်။

Source : Irrawaddy

Friday, September 30, 2011

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့

မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။ နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့်အချက်ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ မြစ်ဆုံဆည် တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူဆန္ဒအရ မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။

မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်သည်နှင့်အညီ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ နိုင်ငံတော်အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူညှိုနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးအကြောင်းကြားအပ်ပါသည် ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ လွှတ်တော်သို့ ပေးပို့သောသ၀ဏ်လွှာတွင် ဖေါ်ပြပါရှိပါသည်။

ပြည်ထောင်စုသမ္မတနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး စာအမှတ် ၁၅၁(၂)/၈/၃ဖြင့် လွှတ်တော်သို့ ပေးပို့ခဲ့သည့် (၂၉-၉-၂၀၁၁)နေ့စွဲပါ နိုင်ငံတော်သမ္မတ၏ အချက် (၁၀) ချက်ပါ သ၀ဏ်လွှာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ပထမအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ပြည်သူတို့၏ အကျိုးငှာ အားသွန်ခွန်စိုက် ကျင်းပပြုလုပ်နေသည့် ဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရန် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

၂။ တစ်ချိန်တည်း၌ပင် မိမိတို့ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေနှင့်လည်း ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဟန်ချက်ညီစွာ ဆောင်ရွက်လျက်ရှိပါသည်။

၃။ တိုင်းရင်းသားပြည်သူအပေါင်းတို့၏ တူညီသော မျော်မှန်းချက်သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးရေးတို့ ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရသည် တိုင်းရင်းသားပြည်သူတို့၏ ဆန္ဒနှင့်အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေပြင်ပသို့ ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်သွယ်ကမ်းလှမ်း ဖိတ်ခေါ်ဆောင်ရွက်ခဲ့ရာ ယခုအခါ အထူးဒေသ(၂) ''၀'' အဖွဲ့နှင့် အထူးဒေသ(၄) အဖွဲ့တို့သည် ပြည်နယ်အဆင့် သဘောတူညီချက်များရရှိခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများပင် စတင်ဆောင်ရွက်လျက် ရှိနေပြီဖြစ်ပါသည်။ အချို့အဖွဲ့များသည်လည်း ပြည်နယ်အစိုးရများထံ ငြိမ်းချမ်းရေးရယူရန် ဆက်သွယ်ဆောင်ရွက်မှုများ ရှိနေပါသည်။

၎။ တစ်ချိန်တည်း၌ပင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား တိုင်းရင်းသားများအားလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသသို့ပြန်လာလိုပါက ပြန်လာနိုင်ရန် စိစစ်လက်ခံခဲ့ရာ တစ်ချို့ပြန်လာနေကြပြီဖြစ်ပါသည်။ အကျဉ်းသားများလွှတ်ပေးရေးကိစ္စများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပ်နှင်းထားသည့် အခွင့်အာဏာအတွင်းမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ အမျိုးသားအကျိုးစီးပွားအတွက် ထိုသို့ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေချိန်တွင် ပါတီအချို့နှင့် အင်အားစုအချို့တို့သည် အစိုးရအခက်အခဲ အကြပ်အတည်းတွေ့အောင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ကြံရွယ်၍ လှုပ်ရှားလုပ်ဆောင်မှုများ ပြုလုပ်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိနေရပါသည်။

၅။ တိုင်းပြည်ခေတ်မီဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးကို အရှိန်အဟုန်မပျက်တိုးတက်အောင် ဆောင်ရွက်ရင်း၊ စက်မှုနိုင်ငံထူထောင်နိုင်ရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် စက်မှုနိုင်ငံထူထောင်နိုင်ရန် လျပ်စစ်စွမ်းအင် လိုအပ်ချက်သည် အဓိကကျပါသည်။ လျပ်စစ်စွမ်းအင်ရရှိနိုင်သည့် နည်းလမ်းများအနက် အနျူမြူစွမ်းအင် ထုတ်လုပ်သုံးစွဲရေးမှာ ကမ္ဘာ့ဖြစ်စဉ်များအရ အန္တရာယ်ကြီးမားလှသည့်အပြင် ငွေကြေးမပြည့်စုံမှု၊ နိုင်ငံရေးအရ အများသူငါ လက်မခံမှုတို့ကြောင့် မိမိတို့နိုင်ငံအတွက် မဖြစ်နိုင်သော ကိစ္စဖြစ်ပါသည်။ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ကျောက်မီးသွေးသယံဇာတမှာလည်း တစ်နိုင်ငံလုံးအတွက် လုံလောက်မှုမရှိသည်ကို ကိုယ်စားလှယ်တော်ကြီးများ အသိပင်ဖြစ်ပါသည်။

၆။ မြန်မာ့ပင်လယ်ပြင်မှ သဘာဝဓာတ်ငွေ့ထွက်ရှိသော်လည်း ပြည်ပအရင်းအနှီးများဖြင့် ထုတ်လုပ်သည့်ကိစ္စဖြစ်၍ မိမိတို့လိုအပ်သလောက်မရနိုင်ဘဲ အချို့အ၀က်သာ ခွဲဝေရရှိပါသည်။ ပြည်ပချေးငွေဖြင့် အရင်းအနှီးအချို့ထည့်ဝင်ထားခဲ့ရာ အနာဂတ်တွင် အကျိုးခံစားရမည်ဖြစ်သော်လည်း လောလောဆယ်တွင်မူ ချေးငွေအပေါ် အတိုးများအရစ်ကျ ပေးဆပ်နေရသည့် အခြေအနေဖြစ်ပါသည်။ ကုန်းတွင်း၌ သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်နေသော်လည်း ပြည်တွင်းသုံးစွဲရန်အတွက်ပင် လုံလောက်မှုမရှိသေးပါ။ 

၇။ မြန်မာနိုင်ငံတွင် ပြည့်ဖြိုးမြဲဖြစ်သော ရေအားလျှပ်စစ်ထုတ်ယူနိုင်သည့် သဘာဝကပေးထားသော မြစ်ချောင်းများရှိနေသဖြင့် အဆိုပါမြစ်ချောင်းများမှ ပြည်တွင်း၊ ပြည်ပအရင်းအနှီးများရယူ၍ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေးအတွက် တပ်မတော်အစိုးရလက်ထက်တွင် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခင်က ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ(၂)ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ (၇)ရုံသာရှိခဲ့ပြီး စုစုပေါင်းစက်တပ် ဆင်အား (၅၂၉)မဂ္ဂါဝပ်ရှိခဲ့ရာမှ နောက်ထပ်လျှပ်စစ် ဓာတ်အားပေးစက်ရုံ (၂၃)ရုံ၊ စက်တပ်ဆင်အား (၂၈၃၁)မဂ္ဂါဝပ် တိုးတက်ဆောင်ရွက်ခဲ့ပါသည်။

၈။ နှစ် (၃၀) လျှပ်စစ်မဟာဗျူဟာစီမံကိန်းအရ နောက်ထပ်ရေအားလျှပ်စစ်စီမံကိန်း(၆၄)ခုနှင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ(၃)ခုအပါ အ၀င် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် စက်တပ်ဆင်အား မဂ္ဂါဝပ်(၄)သောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာများရှိပါသည်။ အဆိုပါစီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဆုံစီမံကိန်း(၈)ခုအပါအ၀င်ဖြစ်ပါသည်။

၉။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ငွေကြေးအရင်းအနှီးဖြင့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စီမံကိန်းကို ပထမအဆင့် ဆောင်ရွက်ရန်စတင်ခဲ့ရာ ယခုအခါတွင် အဆိုပါမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါစိုးရိမ်ပူပန်မှုများ ရှိလာခဲ့ပါသည် -
(က) ကချင်ပြည်နယ်သာမက မြန်မာနိုင်ငံအတွက်ပါ သဘာဝကပေးထားသည့် (Land Mark) ဖြစ်သည့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း။
(ခ)  မြစ်ညာပိုင်းရှိ တိုင်းရင်းသားကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း။
(ဂ) ပုဂ္ဂလိကများမှ ငွေကြေးအရင်းအနှီးများစွာ စိုက်ထုတ်၍ စီးပွားဖြစ်စိုက်ထုတ်ထားသည့် ရော်ဘာစိုက်ခင်းများနှင့် ကျွန်းစိုက်ခင်းများ ပျက်စီးသွားနိုင်ခြင်း။
(ဃ) ရာသီဥတုဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိ ရေခဲတောင်များအရည်ပျော်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခြင်းတို့ ဖြစ်ပေါ်လာပါက မြစ်ဆုံဆည် ပျက်စီးပြီး ဆည်အောက်ပိုင်းရှိ မြို့ရွာများနှင့် ပြည်သူများ သေကြေပျက်စီးမှုရှိနိုင်ခြင်း။
(င) ဧရာဝတီမြစ်ကြီး ထိခိုက်ပျက်စီးနိုင်ခြင်း စသည်ဖြင့် ပြည်သူအချို့မှ စိုးရိမ်ပူပန်မှု ရှိနေကြသည်ကို မိမိတို့ သိရှိနေရပါသည်။

၁၀။ မိမိတို့အစိုးရသည် ပြည်သူမှရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထားရပါမည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့အစိုးရလက်ထက်တွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်ဖြစ်ပါသည်။ နိုင်ငံတော်အတွက်လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျပ်စစ်စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့်သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံအောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေးအပ်ပါသည်။

Source : News Eleven

ခရီးသွား ဂျပန်အမျိုးသမီး ကျောက်ပန်းတောင်း အနီး အသတ်ခံရ

မကွေးတိုင်း  ကျောက်ပန်းတောင်းမြို့နယ်အနီး ဂျပန်နိုင်ငံသူ အမျိုးသမီးတဦးအား အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သည်ဆိုသော သံသယဖြင့် ဆိုင်ကယ်တက္ကစီသမားတဦးကို ဖမ်းဆီးထားသည်ဟု ရဲကပြောသည်။

ဂျပန်အမျိုးသမီးက ညောင်ဦးသွားချင်လို့ဆိုပြီးတော့ လိုက်ပို့ရင်းနဲ့ ဆိုင်ကယ်တက္ကစီသမားကနေပြီးတော့ သန့်စင်ခန်းထဲမှာ မုဒိမ်းကျင့်တာပေါ့နော်။ ဖြစ်တဲ့နေရာက ညောင်ဦးနဲ့ ကျောက်ပန်းတောင်းအစပ်ပေါ့ ဟု ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

ဗုဒ္ဒဟူးနေ့ နေ့လယ် ၃ နာရီခွဲခန့်က  ဂျပန်နိုင်ငံသူမှာ ညောင်ဦးမြို့သို့ လှည့်လည်ကြည့်ရှုရန်အတွက် ဆိုင်ကယ် ငှားစီးလာစဉ် ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့ကြား အင်းမရွာအနီး၌ အခင်းဖြစ်ပွားခဲ့သည်ဟုဆိုသည်။

အင်းမရွာသားများမှ ယင်းသံသယရှိသူ ဆိုင်ကယ်တက္ကစီမောင်းသမား ကိုမင်းသိုက်ကို ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရွာသားတွေက ဖမ်းပြီးတော့ ကြိုးနဲ့တုတ်ထားတာ။ ကြိုးနဲ့တုတ်ပြီးမှပဲ ရဲစခန်းကို လှမ်းအကြောင်းကြားတာ။ ရဲစခန်းက လာပြီးတော့ နယ်ထိန်းတယောက်နဲ့ သူနဲ့ကို လက်ထိပ်တွဲချည်ပြီးတော့ ရဲစခန်းကိုပို့တာ။ ရဲတွေ အဲဒီ အခင်းဖြစ်တဲ့နေရာကို ရောက်တဲ့အချိန်မှာ အဲဒီအမျိုးသမီးက သေနေပြီ။ ဓါးနဲ့ ထိုးသတ်တာ ဟု အင်းမရွာမှ ထမင်းဆိုင်ပိုင်ရှင်တဦးက မဇ္ဈိမကိုပြောသည်။
ကိုမင်းသိုက်ကို ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းတွင် ပုဒ်မ ၃ဝ၂၊ လူသတ်မှုဖြင့် အမှုဖွင့်ထားပြီး သေဆုံးသူ၏ နောက်ကြောင်းနှင့်ပတ်သက်၍ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်ဟုဆိုသည်။ သေဆုံးသွားသူ ဂျပန်အမျိုးသမီးနှင့်ပတ်သက်၍ မည်သူမည်ဝါဖစ်ကြောင်းကို ရဲစခန်းမှ အတည်မပြုနိုင်သေးသော်လည်း AFP သတင်းတရပ်တွင်မူ မစ္စစ် Chiharu Shiramatsu ဖြစ်သည်ဟုဖော်ပြထားပြီး အသက် ၃၁ နှစ်အရွယ် ရှိသည်။

Thursday, September 29, 2011

မြို့ပတ်ရထား လုပ်ငန်းအတွက် လျှောက်ထားသူ ၁၅ ဦးရှိနေပြီး လုပ်ငန်းကြီးတစ်ခုသာလျှင် ကြိုးစားလုပ်ဆောင်နေ

ရန်ကုန်မြို့ပတ်ရထား ပုဂ္ဂလိကလုပ်ငန်း ပေးအပ်ရေးအတွက် စက်တင်ဘာလ နောက်ဆုံးပတ်တွင် နေပြည်တော်၌ ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်း သိရပြီးနောက် ပုဂ္ဂလိကလုပ်ငန်းရှင် ၁၅ ဦး လာရောက်၍ အခြေခံစည်းကမ်း သတ်မှတ်ချက်များကို ရယူခဲ့ကာ ထဲထဲဝင်ဝင် သေသေချာချာ လေ့လာခြင်းအတွက်ကိုမူ ကုမ္ပဏီကြီး တစ်ခုကသာ လုပ်နေကြောင်း စုံစမ်းသိရှိရသည်။ မြို့ပတ်ရထားလမ်း လုပ်ကိုင်ခွင့် ပုဂ္ဂလိက ပေးရေးအတွက် မြန်မာ့မီးရထားဝန်ကြီးဌာနက အခြေခံအချက် ၄၉ ချက် ပါဝင်သော စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့သော်လည်း အမှန်တကယ် စိတ်ဝင်တစား လုပ်ကိုင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များက လက်တွန့်လျက်ရှိနေသည်ဟု သိရသည်။ 
“ကိုယ်တို့ဆီမှာတော့ စည်းကမ်းချက် လာထုတ်ပြီး လျှောက်လွှာတင်တာက ကုမ္ပဏီ ၁၅ ခုလောက်ရှိတယ်။ တကယ်တမ်း ထဲထဲဝင်ဝင် လုပ်နေတာက တစ်ခုပဲရှိတယ်၊ ရွှေတောင်ဖွံ့ဖြိုးရေး ကုမ္ပဏီပါ။ သူတို့ကတော့ တကယ့်ကို ရထားစီးခြင်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ အတွက်ရယ်၊ လမ်းပြမီးစနစ်တွေ အတွက်ရယ်ကို သေသေချာချာ လေ့လာနေတာ တွေ့ရတယ်။ Survey တွေ လုပ်တယ်။ ရထားစီးနင်းသူတွေဆီက Data တွေ ကောက်တယ်။ ရထားစီးတဲ့သူတွေ သုံးစွဲနိုင်မယ့် ငွေကြေးကို ကြည့်တယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “မြို့ပတ်ရထားလမ်း ပေးပြီးရင် မြို့ပတ်ရဲ့ အခြေခံ အဆောက်အအုံတွေ ကောင်းမွန်လာအောင် လုပ်ရမယ်။ လက်မှတ် ဝယ်တာဆိုရင်လည်း အချို့ဘူတာတွေမှာ လက်မှတ်ကို အပေါ်တက်ပြီးဝယ်ရတယ်။ အောက်ကိုပြန်ဆင်းပြီး ရထားလာနေရင် အတင်းပြေးရတယ်။ တချို့ဆိုရင် မမီတာတွေ၊ ချော်လဲတာတွေ ဖြစ်ရတယ်။ ပြီးတော့ ဘူတာတွေမှာ စားသောက်ဆိုင်ခန်းလေးတွေနဲ့ အခြားလိုအပ်တာလေးတွေ ဖြည့်စွက် ထည့်သွင်းပေးရမယ်။ ဒါမှ ပုဂ္ဂလိကလည်း ကိုက်မှာလေ” ဟု ယင်းက ဆက်လက်ပြောကြားသည်။ “စက်တင်ဘာ နောက်ဆုံးပတ် ထပ်မံ ဆွေးနွေးမယ်လို့တော့ မီဒီယာတွေမှာ ဖော်ပြကြတာပဲ၊ ဒုဝန်ကြီးကလည်း ပြောထားတယ်။ ရက်ကိုတော့ အတိအကျ မသတ်မှတ်သေးဘူး။ တကယ်တမ်း ဒီလုပ်ငန်းကြီးကို ဖွံ့ဖြိုးစေချင်တဲ့ သူတွေသာ လုပ်သင့်တယ်။ လောလောဆယ်တော့ ရွှေတောင်တစ်ခုပဲ သေသေချာချာ လုပ်နေတယ်” ဟု ယင်းကဆက်လက် ပြောကြားကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

Wednesday, September 28, 2011

ချင်းတွင်းမြစ် သောင်ခုံထုများပြားကာ မြစ်တွင်းခရီးသွားများ အခက်အခဲ အများဆုံးနှစ်ဖြစ် ၊ ပွင့်လင်းရာသီ ချင်းတွင်းမြစ်အတွင်း ရွှေလုပ်ကွက်များတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေးရန် ဒေသခံများ လိုလားလျက်ရှိ

ချင်းတွင်းမြစ် သောင်ခုံထုပမာဏမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားကာ ၂၀၁၁ ခုနှစ်တွင် မြစ်တွင်း ခရီးသွားများ အခက်အခဲအများဆုံးနှစ် ဖြစ်ခဲ့ပြီး မိုးအကုန် ပွင့်လင်းရာသီ ချင်းတွင်းမြစ်အတွင်း သယံဇာတရှာဖွေခြင်းနှင့်အတူ အခြားစီးပွားရေးလုပ်ကွက်များတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေးရန် ဒေသခံများ လိုလားလျက်ရှိကြောင်း သိရသည်။
ချင်းတွင်းမြစ်ကမ်းဒေသရှိ မုံရွာမြို့ကမ်း ညောင်ပင်ကြီးဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ်

ချင်းတွင်းမြစ်ရဲ့ သဲသောင်ခုံ ထုထည်ပမာဏဟာ တစ်နှစ်ထက် တစ်နှစ် ပိုပိုပြီး များပြားလာပါတယ်။ အထူးသဖြင့် မြစ်ရေအတက်အကျမှာ ပိုပိုပြီးသိသာလာတယ်။ မြစ်တွင်းခရီးသွားတွေ ဒုက္ခရောက်ရတယ်။ ဥပမာ တစ်နေရာကိုပြောပြရရင်တော့ မုံရွာနဲ့ တစ်ဖက်ကမ်း ညောင်ပင်ကြီးဆိပ်ကမ်းကို သွားရတဲ့ခရီးမှာ သဲသောင်ထုပမာဏက ပိုပိုများလာတယ်။ အရင်နှစ်တွေက လွတ်လွတ်ကင်းကင်း ကပ်လို့ရတဲ့ သဲသောင်ခုံဟာ ဒီနှစ်မှာတော့ ဆိုးဆိုးဝါးဝါးဖြစ်နေပြီး စက်လှေတွေက ရေကြောင်းကျတဲ့နေရာမှာပဲ ကပ်ရတယ်လေ။ ခရီးသွားတွေ ဒုက္ခရောက်ရတာပါပဲ။ ပုံမှန်အနေနဲ့ ချင်းတွင်းမြစ်ကို စက်လှေနဲ့ကူးတာက ခရီးသွားတစ်ယောက်ကို ဆိုင်ကယ်နဲ့ဆိုရင် ဆိုင်ကယ်ခက ကျပ် ၅၀၀၊ လူခက ကျပ် ၂၀၀ ဆိုပြီး ပေးရတယ်။ မြစ်ရေ နည်းနည်းလေးတက်လိုက်လို့ သောင်ခုံပေါ်ရေ၀ပ်နေရင် စက်လှေသွားမရတော့ ခရီးသည်တွေက ခြေကျင်လျှောက်ရတယ်။ ခြေကျင်မလျှောက်နိုင်လို့ ရိုးရိုးလှေစီးသွားမယ်ဆိုရင် လူတစ်ယောက်ကို ကျပ် ၂၀၀ ဆိုင်ကယ်ဆို ကျပ် ၅၀၀ ပဲ။ အသွားအပြန်ခရီးဆိုရင် ခရီးစရိတ်နှစ်ဆကုန်မယ်။ ဒီကြားထဲမှာ စက်လှေပေါ်ကနေ မြို့ပေါ်တက်တက်ချင်း မြို့ဝင်ကြေးဆိုင်ကယ်ခ တောင်းတော့ ချင်းတွင်းမြစ်ကို နေ့စဉ်ဖြတ်သွားဖို့စရိတ်က မလွယ်ဘူးဟု  ဒေသခံခရီးသွားတစ်ဦးက ပြောပြခဲ့သည်။

ညောင်ပင်ကြီးဆိပ်ကမ်းက သဲသောင်ပြင်က သိသိသာသာကြီးကို မြင့်တက်နေတယ်။ ဒီနှစ် နယုန်လ ရေပြာပေါက်ချိန်ကနေ သီတင်းကျွတ်အထိ ရေကလေးခါလောက်တက်ပြီးပြီ။ ရေတက်ပြီးရေပြန်အကျမှာကို သဲသောင်မှာရေက ခြေကျင်းဝတ်အထိပဲမြုပ်တော့ ခရီးသွားတွေငွေကုန်များသလို ဒုက္ခရောက်ရတယ်။ အခုလည်း သဲအိတ်တွေနဲ့ သောင်ခုံကိုဖြတ်ပြီး စက်လှေရှိရာကို အလွယ်တကူသွားနိုင်ဖို့ စနစ်တကျ ပြုပြင်ထားရတယ်။ စက်တင်ဘာလ တတိယပတ်အတွင်းမှာ ပြုပြင်ထားတာပါဟု ညောင်ပင်ကြီးဆိပ်ကမ်းမှ မမိုးဆွေကပြောပြခဲ့သည်။

မြစ်တစ်စင်းရဲ့ အသက်သွေးကြောဟာ ရေဝေရေလဲဧရိယာဖြစ်သလို ရေဝေရေလဲဧရိယာရဲ့ အသက်သွေးကြောဟာ သစ်ပင်သစ်တောဖြစ်ပါတယ်။ သစ်ပင်သစ်တောရဲ့ အသက်သွေးကြောဟာ မြေဆီလွှာဖြစ်ပါတယ်။ မူးမြစ်ပဲဖြစ်ဖြစ် ချင်းတွင်းပဲဖြစ်ဖြစ် ဧရာဝတီပဲဖြစ်ဖြစ်မြစ်ရဲ့ ကြည်လင်သန့်ရှင်းတဲ့ရေပြင် fcrystal clear ဟာ ရွှံ့နှစ်ရောင်ရေပြင် များပြားနေမယ်ဆိုရင်တော့ အဲဒီမြစ်ရဲ့ကျန်းမာရေးဟာ စိုးရိမ်ရပြီ။ အဲဒီရွှံ့ရောင်တွေဟာ မြေဆီလွှာတွေပဲလို့ အကြမ်းဖျင်းပြောလို့ရတယ်။ မြစ်တစ်စင်းရဲ့ထာဝစဉ် ရှင်သန်စီးဆင်းနေဖို့အတွက် မြစ်ညာကနေ တခြားမြစ်မကြီး ဒါမှမဟုတ် ပင်လယ်ထဲကို စီးဝင်တဲ့နေရာအထိ မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ရေဝေရေလဲဧရိယာက အရေးကြီးသလို အဲဒီမြစ်ထဲကို စီးဝင်တဲ့ ချောင်းမြောင်း မြစ်လက်တက်တွေရဲ့ရေစီးရေလာ ကောင်းမွန်ဖို့က အရေးပါတယ်။ ဧရာဝတီ ကျန်းမာဖို့ ထာဝစဉ်ရှင်သန်စီးဆင်းဖို့က ဧရာဝတီကိုယ်တိုင်ရော ဧရာဝတီထဲကိုစီးဆင်းတဲ့ ချင်းတွင်းရဲ့ ကျန်းမာရေးကရော အရေးပါတယ်။ ဧရာဝတီရော ချင်းတွင်းမြစ်ရော ရေဝေရေလဲဧရိယာအတွက် ပတ်ဝန်းကျင်ထိန်း သိမ်းရေးတွေလိုအပ်တယ်။ ဒီလိုမှမဟုတ်ရင် မြစ်တွေရဲ့ဂေဟစနစ်တွေကို ထိခိုက်ပျက်စီးလာနိုင်တယ်။ တကယ်တော့ သောင်ထွန်းတယ်ဆိုတာ ရေဝေရေလဲ ဧရိယာကိုထိခိုက်လို့ ထွန်းတာဖြစ်ပြီး သောင်ထွန်းလို့ ရေဝေရေလဲ ဧရိယာထိခိုက်တာမဟုတ်ဘူးဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လေ့လာနေသူတစ်ဦးက ပြောပြခဲ့သည်။

မြစ်တွေနဲ့ပတ်သက်လို့ပြောရရင် မြစ်တွေဆီကရတဲ့ သယံဇာတတွေကို ထုတ်ယူခွင့်မရှိဘူးဆိုတဲ့ ရေအရင်း အမြစ်နဲ့ မြစ်ကြောင်းထိန်းသိမ်းရေး ဥပဒေရှိတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ဥပဒေကို တိတိကျကျ လိုက်နာသင့်သလို ကိုယ့်အတ္တ ကိုယ်ကျိုးတစ်ခုတည်းကိုပဲ မကြည့်သင့်ဘူး။ အခုဆိုရင် မိုးကုန်ပြီး ပွင့်လင်းရာသီ ရောက်လာတော့မယ်။ မိုးတွင်းမှာ ရွှေကျင်လုပ်ငန်းတွေ ပြန်ပြီးစတင်ကြတော့မယ်ဟု ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့မှ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

ချင်းတွင်းမြစ် အထက်ပိုင်း ရွှေကျင်တဲ့ကုမ္ပဏီဝန်ထမ်းတွေ ပြောဖူးတာကတော့ မနှစ်ကတော့ တစ်ရက်ကို ရွှေရှစ်ကျပ်သားလောက် ရတဲ့သူတွေရှိတယ်လို့ ပြောပြဖူးတယ်။ အကျိုးဖြစ်ထွန်းတာ ဘယ်သူလဲ၊ မြစ်ကြောင်းတစ်လျှောက် နေထိုင်မှီခိုကြတဲ့ဒေသခံတွေရဲ့ ဂေဟစနစ်ကို ထိခိုက်မှုရှိနိုင်သလား စတာတွေကို အားလုံးက ထည့်သွင်းစဉ်းစားသင့်ပါတယ်ဟု ချင်းတွင်းမြစ်တွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ၀န်ထမ်းတစ်ဦးက ပြောပြခဲ့သည်။

ပြီးခဲ့တဲ့ရာသီက ရွှေမျောလုပ်ငန်းတွေကို တားမြစ်ခဲ့သေးတယ်။ လိုက်နာသူတွေရှိသလို မလိုက်နာဘဲ လက်တစ်လုံးခြား လုပ်ကိုင်သူတွေ ရှိတယ်လို့သိရတယ်။ လာမယ့် ပွင့်လင်းရာသီမှာရော ဘယ်သူတွေ ဘာလုပ်ဦးမှာလဲ....။ ချင်းတွင်းမြစ်အတွင်းမှာ စွန့်ပစ်ပစ္စည်းတွေကို စည်းကမ်းမဲ့ စွန့်ပစ်သူတွေပစ်နေချိန်မှာ မြစ်နံဘေးမှာ မြေဆီလွှာတည်တံ့ရေးအတွက် သစ်ပင်စိုက်သူတွေက စိုက်နေကြတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဂရုစိုက်နေကြချိန်မှာ မြစ်ထဲကို အမှိုက်ကြွပ်ကြွပ်အိတ်တွေ စည်းကမ်းမဲ့ပစ်နေကြတယ်။ ဘာပဲပြောပြော လာမယ့် ပွင့်လင်းရာသီကစပြီး ချင်းတွင်းမြစ်တွင်း စီးပွားရေးလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ မြစ်ရဲ့ရေဝေရေလဲဧရိယာပေါ်မှာ ထာဝရစီးဆင်းရေးအတွက် ဂရုစိုက်ပြီး လုပ်ကိုင်သင့်တယ်လို့ထင်တာပါပဲဟု ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

ချင်းတွင်းမြစ်ရဲ့ မြစ်ဖျားခံရာအပိုင်းကနေ ဧရာဝတီကိုစီးဆင်းတဲ့နေရာအထိ သူဖြတ်သန်းခဲ့တဲ့ နေရာတိုင်းမှာရှိတဲ့ ချင်းတွင်းမြစ်ရဲ့ ရေဝေရေလဲဧရိယာတွေ၊ သစ်ပင်သစ်တောတွေ၊ မြေဆီလွှာတွေ ထိန်းသိမ်းဖို့၊ တည်တံ့ဖို့ အရေးကြီးပါတယ်ဟု ဒေါက်တာဇော်မြင့်နီက ပြောပြခဲ့သည်။

Source : News-Eleven