Wednesday, February 29, 2012

ကလောမြို့သို့ အာရှခရီးသွားများ စတင်ဝင်ရောက်လာ

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့သို့ ယခင်နှစ်များက မလာဖူးသော အာရှဒေသမှခရီးသွားများ စတင်ဝင်ရောက်လာကြောင်း ကလောအခြေစိုက်ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်းများမှ သိရသည်။
”ထိုင်းတို့ ကိုရီးယားတို့ဆို အရင်နှစ်တွေက မလာဖူးဘူး။ ဒီနှစ် ဒီဇင်ဘာလလောက်ကစပြီး ဝင်လာကြတယ်”ဟု Nature Land ဟိုတယ်မှ တာဝန်ရှိသူတစ်ဦး က ဖေဖော် ဝါရီ ၂၂ ရက်တွင် ပြောသည်။
၎င်းတို့သည် ဥရောပခရီးသွားများကဲ့သို့ ခြေကျင်ခရီးကြမ်းသွားခြင်းကို မပြုလုပ်ကြဘဲ ဟိုတယ်အတွင်း၌သာ အပန်းဖြေအနားယူ လေ့ရှိပြီး မြို့အတွင်းသို့သာ သွား လာလည်ပတ်ကြသည်ဟု ၄င်းက ပြောသည်။
ယခင်နှစ်များကတည်းက လာရောက်လေ့ရှိသော ဥရောပခရီးသွားများအပြင် ယခင်နှစ်များက မလာဖူးသော အမေရိကန်နှင့် အာရှမှ ခရီးသွားများ ဝင်ရောက်လာခြင်း တို့ကြောင့် ကလောရှိ ဟိုတယ်များ ဧည့်သည်ရရှိမှုမှာယမန်နှစ်ထက် ၂ဝ ရာခိုင်နှုန်းခန့် တိုးလာကြောင်း ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။
”မတ်လပထမပတ်လောက်ထိ ဘွတ်ကင်အပြည့်ပဲ၊ ဒီနေ့ဆို ထိုင်းအယောက် ၂ဝ လောက်လာ ဖို့ရှိတယ်” ဟု Nature Land မှ တာဝန်ရှိသူက ပြောသည်။
ကလောမြို့၏ ရာသီဥတုသာယာပြီး လှပသောရှုခင်းများကို ဧည့်သည်များက နှစ်သက်ကြခြင်းဖြစ်ပြီး ဥရောပဧည့်သည်များမှာမူ အနီးဝန်းကျင်ရွာများသို့ ခြေကျင် ခရီးကြမ်းသွားခြင်းကို ပြုလုပ်လေ့ရှိကြကြောင်း Golden Lily Guest Houseမှ ဒေါ်လီလီကလည်း ပြောသည်။
ကလောမြို့သို့ ဂျာမန်၊ ပြင်သစ်၊ အီတလီ၊ စပိန်လူမျိုးများ အများဆုံး လာရောက်ကြပြီး နှစ်စဉ် အောက်တိုဘာလမှ မတ်လအထိ ဧည့်သည်များ ပိုမိုဝင်ရောက်လေ့ ရှိကြောင်း ဒေသခံများထံမှ သိရသည်။
မေဇင်ဝင်း

Source : Popular Myanmar

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.