Monday, May 07, 2012

ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်နိုင်ရန် ကန့်သတ်နယ်မြေ ခရီးစဉ်များကို ပြန်လည်ခွင့်ပြုပေးမည်ဟု သိရ

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာသောကြောင့် ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်နိုင်ရန် ကန့်သတ်ထားသည့် နယ်မြေခရီးစဉ်များကို ပြန်လည်ခွင့်ပြုပေးမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရှိရသည်။ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာသည်နှင့်အမျှ သွားရောက် လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသသစ်များ ပိုမိုလိုအပ်သဖြင့် ယခင်ပြည်ထဲရေးဝန်ကြီးဌာန၏ နယ်မြေကန့်သတ်ချက်တွင် ဖော်ပြထားခြင်းမရှိသော ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နယ်မြေအချို့အား ခရီးစဉ်သစ်များအဖြစ် ကြိုတင်ခွင့်ပြုချက်ဖြင့် သွားလာပေးလျက် ရှိကြောင်းလည်း သိရှိရသည်။ “ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုဝင်ရောက်လာတဲ့အတွက် အရင်က ကမ္ဘာလှည့် ခရီးသည်တွေအတွက် ကန့်သတ်ထားတဲ့ နယ်မြေတွေကို ပြန်ပြီး ခွင့်ပြုတော့မယ်လို့ သိရတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး အလှည့်အပြောင်းကြောင့် နိုင်ငံတကာက ခေါင်းဆောင်တွေ လာတယ်။ ဧည့်သည်တွေ လာတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း မြင့်တက်ဖို့အတွက် အထူးတလည် promotion လုပ်နေစရာ မလိုတဲ့အချိန် ဖြစ်နေတယ်။ ဒီလိုအချိန်မှာ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်သင့်တယ်” ဟုလည်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အငြိမ်းစား ၀န်ထမ်းတစ်ဦးက ပြောကြားခဲ့ပါသည်။ လက်ရှိကာလတွင် ခွင့်ပြုဒေသများထက် ကျော်လွန်သွားရောက်လိုသော နိုင်ငံခြားသား ခရီးသွားဧည့်သည် (Package Tour Group & F.I.T) များအတွက် ခရီးသွားလိုင်စင် ရယူထားသော ခရီးသွားကုမ္ပဏီများမှ တစ်ဆင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားရမည်ဖြစ်ပြီး စာရွက်စာတမ်းများ ပြည့်စုံပါက ငါးရက်မှ ခုနှစ်ရက်အတွင်း ခရီးစဉ်ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါခရီးစဉ် ခွင့်ပြုမိန့်ရရှိသည်နှင့် တပြိုင်နက် တယ်လီဖုန်းဖြင့်သော် လည်းကောင်း၊ ဖက်စ်ဖြင့်သော် လည်းကောင်း၊ လူဖြင့်လည်းကောင်း၊ ချောလမ်းကြောင်းဖြင့် လည်းကောင်း ပေးပို့ပေးမည် ဖြစ်ကြောင်းလည်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော နိုင်ငံခြားသားများ၏ လုံခြုံရေးအတွက်ဟုဆိုကာ ကန့်သတ်နယ်မြေများကို ပြည်ထဲရေးဝန်ကြီးဌာနမှ ၁၉၉၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ထပ်မံပြင်ဆင် ဖြည့်စွက် သတ်မှတ်ခဲ့ကြောင်းလည်း သိရှိရသည်။ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ မိုးကုတ်၊ ဖားကန့်၊ နေပြည်တော်(ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း)ဒေသများသို့ ကမ္ဘာလှည့်ခရီးသည်များ သွားလာခွင့်မပြုကြောင်း ၂၀၁၂ ခုနှစ် မေလ ၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.