ဆရာ လူထု စိန်ဝင်းကို ၁၉၄ဝ ပြည့်နှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ မန္တလေး လဖုန်း အထိမ်းအမှတ် အထက်တန်းကျောင်း (Lafon Memorial High School) တွင် ပညာ ဆည်းပူးခဲ့သည်။ ၁၉၅၆ ခုနှစ် မှ ၁၉၅၉ ခုနှစ် အထိ မန္တလေးတက္ကသိုလ်တွင် ပညာ ဆက်လက် ဆည်းပူးခဲ့ပြီး ၁၉၆ဝ ပြည့်နှစ် မှ ၁၉၆၂ ခုနှစ် အထိ ရန်ကုန် တက္ကသိုလ်ကို ပြောင်းရွှေ့ ပညာ သင်ယူခဲ့သည်။

ကျောင်းသား ဘဝ ကတည်းမှစ၍ လူထု သတင်းစာတိုက်တွင် ဝင်ထွက်၊ သွားလာနေခဲ့ပြီး၊ လုပ်အားပေး သဘောမျိုး၊ ဝင်ရောက် ကူညီလုပ်ကိုင် ပေးခဲ့သည်။ ၁၉၆၂ ခုနှစ်မှစ၍ အချိန်ပြည့် ဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ လူထု သတင်းစာတိုက် မန္တလေးနှင့်ရန်ကုန် တိုက်ခွဲတို့တွင် အယ်ဒီတာ အဖွဲ့ဝင်တစ်ဦး အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ လူထု သတင်းစာတိုက် အပိတ် ခံရချိန်အထိ လူထု သတင်းစာတိုက်တွင် လုပ်ကိုင်ခဲ့သည်။

၁၉၆၉ ခုနှစ်တွင် စစ်အစိုးရ (အာဏာသိမ်း တော်လှန်ရေး ကောင်စီ)၏ ဖမ်းဆီးခြင်းကို ခံရပြီး ကိုကိုးကျွန်းသို့ ပို့ဆောင် ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၇၂-နှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

၁၉၈ဝ ပြည့်နှစ်တွင် လေဖြတ် ဝေဒနာကြောင့် ခန္ဓာကိုယ် ညာဘက် တခြမ်း သေသွားခဲ့ရာ၊ ဘဝကို အရှုံးမပေး လက်မလျှော့ဘဲ ဘယ်လက်ဖြင့် စာရေး လေ့ကျင့်ကာ စာပေများ ရေးသားနေဆဲ ဖြစ်သည်။ လူငယ် လူရွယ်များ အတွက်လည်း အင်္ဂလိပ် စကားပြော သင်တန်း ဖွင့်လှစ်ကာ ပညာအမွေ လက်ဆင့်ကမ်း ပေးနေဆဲ ဖြစ်သည်။

ဆရာ လူထု စိန်ဝင်းသည် ဝင်းဇော်၊ ဇာမဏီ စသော ကလောင် ခွဲပေါင်း ၁၅ ခုခန့်ဖြင့် လူငယ် လူရွယ်များ၊ အမျိုးသမီးများ အတွက် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံနှင့် ပတ်သက်သော အကြောင်းရာများ၊ ဘဝ အားမာန် ဖြစ်စေသော အကြောင်းအရာများ၊ နိုင်ငံတကာရေးရာများကို ရေးသားလျက် ရှိသည်။ဘာသာပြန်နှင့် ပင်ကိုယ်ရေး အပါအဝင် စာအုပ်ပေါင်း ၂ဝ ကျော် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ပင်ကိုယ်ရေး စောမိုးခမ်း ဝတ္ထုမှာ သူ၏ ထင်ရှားသော လက်ရာ တစ်ခု ဖြစ်သည်။

ဆရာ လူထု စိန်ဝင်းဟာ ယနေ့ခေတ် ထုတ်ဝေနေသာ ဂျာနယ်၊ မဂ္ဂဇင်း အများအပြားတွင် သတင်းစာပညာနှင့် ပတ်သတ်သော အကြောင်းအရာ မျိုးစုံကို အများဆုံး ရေးနေသူ တစ်ဦး ဖြစ်သည်။ ယခုကဲ့သို့ သတင်းစာပညာနှင့် ပတ်သက်သော အကြောင်းအရာများ အများအပြား ရေးနေရခြင်း၏ ရည်ရွယ်ချက်ကို ဂျာနယ်တစ်စောင်နှင့် တွေ့ဆုံ မေးမြန်းခန်း တခုတွင် ယခုကဲ့သို့ ပြောပြခဲ့သည်။

“သတင်းစာ ပညာနဲ့ ပတ်သက်တဲ့ ဆောင်းပါး တွေကို စိုက်လိုက် မတ်တတ် ရေးခဲ့ရတဲ့ အကြောင်းရင်းက သတင်းထောက်၊ သတင်းစာ အယ်ဒီတာ ဆိုတဲ့ မျိုးဆက် ပြတ်သွားမှာ စိုးလို့ပဲ။ ၁၉၈ဝ နောက်ပိုင်း ဆရာ ထောင်က လွတ်လာတော့ ကျောင်းဖွင့်တဲ့ အခါ ဆရာ့ဆီ ကျောင်းသားတွေ လာကြတယ်။ လာကြတဲ့ ကျောင်းသား တွေက ဘွဲ့ရပြီးသား လူငယ်တွေ များပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ ဆိုတဲ့ လူငယ်တွေက လူထု သတင်းစာ ဆိုတာ မကြားဖူးဘူး။ အဲဒီလို သတင်းစာ တွေကို မမြင်ဖူးဘူး။ အဲဒီအခါ ခံစား ခဲ့ရတယ်။ ဒါကြောင့် လူငယ်တွေကို သတင်းစာ အကြောင်း သိရအောင် သတင်းစာ ပညာ သောင်းပြောင်း ထွေလာ ဆိုတာ အရင်ဆုံး စရေး ခဲ့တာပဲ။ ဒါဟာ အင်မတန် အရေးကြီး တယ်လို့ ခံယူ ထားတာပါ။ သတင်း စာတစောင်ဟာ တိုင်းပြည်မှာ စတုတ္ထ မဏ္ဍိုင်လို့ ခေါ်ကြတဲ့ အတိုင်းပေါ့။ တိုင်းပြည် တပြည်မှာ အလွန် အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်ပါတယ်။ ဒါကြောင့် ဒီသတင်းစာ အလုပ်ကို ဆရာတကယ် မြတ်နိုး ပါတယ်။ တသက်လုံး ဒီအလုပ်က လွဲလို့ ဘယ်အလုပ်မှ မလုပ်ခဲ့ ဖူးပါဘူး။ အခု ထက်ထိလည်း ဒီစာရေးတဲ့ အလုပ်ပဲ လုပ်နေဆဲပါ။ ပျမ်းမျှ တနေ့ကို နှစ်ပုဒ်လောက် ရေးနေ တာပါ။ ရေးသမျှရဲ့ More than 50 Percent ဟာ Journalism နဲ့ ပတ်သက်တာတွေ ချည်းပါပဲ။” 

ရေးသားထုတ်ဝေခဲ့တဲ့စာအုပ်တချို့  

- စကား မာရသွန် - ၁၊ ပင်ဝါးရုံ စာပေ၊ ပ - အကြိမ်၊ ၂ဝဝ၇ ခုနှစ်၊
- စကား မာရသွန် - ၂၊ ပင်ဝါးရုံ စာပေ၊ ပ - အကြိမ်၊ ၂ဝဝ၇ ခုနှစ်၊ 
- စာနယ်ဇင်း အရေးအသား ပုံစံသစ်
- စီးပွားရေး လုပ်ငန်းများနှင့် ကြော်ငြာ အတတ်ပညာ
- စောမိုးခမ်း
- ဆာယိုနာရာ
- တောင်ဗီယက်နမ်မှ ငရဲခန်းများ
- နန်းစကား၊ မန်းစကား၊ မြန်မာတို့ရဲ့ မြန်မာစကား
- ပထမ အမျိုးသမီး လမ်းထွင်သူများ
- ဖတ်စရာ၊ ပင်ဝါးရုံ စာပေ၊ မေလ၊ ၂ဝဝ၇။။
- မသန်ပေမဲ့ စွမ်းသူများ၊ ပင်ဝါးရုံ စာပေ။
- မူပိုင်ခွင့်၊ ပင်ဝါးရုံ စာပေ၊ ၂ဝဝ၅။
- မော်ဒန် လက်ဖက်ရည် ပန်းကန်ထဲက မုန်တိုင်းငယ်
- လူငယ်နဲ့ တာဝန် ယူစိတ် (လူငယ် လမ်းညွှန် စာစုများ)၊ ၂ဝဝ၄ ခုနှစ်။
- လူငယ်နှင့် အချစ်၊ ၁၉၉၈။
-လူငယ်များသို့ ကဗျာလက်ဆောင်
-ရှက်စိတ်၊ ယနေ့ မန္ဈလေး စာအုပ်တိုက်။
-သတင်းစာပညာ သောင်းပြောင်းထွေလာ
-အဖြူနဲ့ အမည်း
- အဖြူနဲ့ အဝါ
- အလံ မလှဲစတမ်း၊ လင်းဦးတာရာ စာပေ၊ ပ - အကြိမ်၊ ၂ဝဝ၆။
-အရှက်နှင့်တန်ဖိုး 

SOURCE: wikimyanmar

http://feeds.feedburner.com/thithtoolwin/yIWV

0 Comments:

Post a Comment



Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.

Creative Commons License