Tuesday, July 03, 2012

ရှးဟောင်းပစ္စည်းကဲ့သို့ အသွင်သဏ္ဌာန်တူစေရန် ထင်ယောင်ထင်မှား ပြုလုပ်ထားသော ဝတ္ထုပစ္စည်းများအား ပြည်ပသို့ သယ်ဆောင်ခွင့်မပြု


ရှေးဟောင်းပစ္စည်းကဲ့သို့ အသွင်သဏ္ဌာန်တူစေရန် ထင်ယောင်ထင်မှား ပြုလုပ်ထားသော ဝတ္ထုပစ္စည်းများနှင့် ကိုယ်လက်အင်္ဂါ မစုံလင်သည့် အဂါရဝဖြစ်စေသော ဗုဒ္ဓဆင်းတုတော်များအား ပြည်ပသို့ သယ်ဆောင်ခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။ ယင်းကဲ့သို့ သောဝတ္ထုပစ္စည်းများနှင့် ရှေးဟောင်းပစ္စည်းများအား ပြည်ပသို့ သယ်ဆောင်ပါက ၁၉၅၇ ခုနှစ် ရှေးဟောင်းပစ္စည်း အက်ဥပဒေနှင့် ၁၉၆၂၊ ရှေးဟောင်း ပစ္စည်းများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ သိရသည်။ “ပြည်ပနိုင်ငံတွေကို ရှေးဟောင်းပစ္စည်း သယ်ဆောင်မှုမရှိအောင် ရန်ကုန်၊ မန္တလေးနဲ့ ပုဂံတို့မှာရှိတဲ့ ကျွန်တော်တို့ဌာနတွေမှာ စစ်ဆေးပြီး ရှေးဟောင်းပစ္စည်း မဟုတ်ကြောင်း ထောက်ခံချက် ပေးနေပါတယ်။ ဒါကို မသိကြတာတွေ ရှိနေတယ်။ လေဆိပ်ရောက်မှ စစ်ဆေးမှ သိကြရတာမျိုးတွေ ရှိတယ်။ ဒီထောက်ခံချက် ယူရမယ်ဆိုတာကို Awareness ပေးချင်ပါတယ်” ဟု ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောသည်။ မြန်မာ့ယာဉ်ကျေးမှု အနုပညာ လက်ရာပစ္စည်းများကို အချို့သော နိုင်ငံခြားသား ဧည့်သည်များက အမှတ်တရပစ္စည်းအဖြစ် သိမ်းဆည်းရန်နှင့် ပြည်ပသို့ သွားရောက်နေထိုင်မည့် မြန်မာလူမျိုးအများစုတို့က ဘာသာရေးအရ ကိုးကွယ်ရာအဖြစ် သယ်ဆောင်ကြသည်များ ရှိကြောင်းသိရသည်။ “ပုံမှန်အားဖြင့်တော့ ရှေးဟောင်းပစ္စည်း မဟုတ်ကြောင်း ထောက်ခံချက် မရှိဘူးဆိုရင် လေဆိပ်ပူးပေါင်းအဖွဲ့က စစ်ဆေးပြီး လုပ်ထုံးလုပ်နည်းတွေအရ အရေးယူတာမျိုးတွေ ရှိပါတယ်။ ဒီလိုမျိုး စစ်ဆေးတွေ့ရှိရင်တော့ များသောအားဖြင့် Custom က သိမ်းဆည်းတာ၊ အရေးယူတာမျိုးတွေ၊ ရဲလက်အထိ အပ်လိုက်တာမျိုးတွေ ရှိပါတယ်” ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ နိုင်ငံရပ်ခြားသို့ သယ်ဆောင်လိုသော မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာ ပစ္စည်းများအား သတ်မှတ်ပုံစံနှင့်အတူ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနသို့ လာရောက်တင်ပြပါက ဌာနမှစိစစ်ပြီး အထောက်အထား၊ မှတ်တမ်းနှင့်တကွ ရှေးဟောင်း ယဉ်ကျေးမှုဝတ္ထုပစ္စည်း မဟုတ်ကြောင်း ထောက်ခံချက် ပြန်လည်ထုတ်ပေးပြီး နိုင်ငံခြားသို့ သယ်ဆောင်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။ အဆိုပါ ထောက်ခံချက်ကို အမှတ် ၃၂-ဒီ၊ ခြောက်မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် လည်းကောင်း၊ အမှတ် ၉၀၂၊ သီတာအေးရပ်ကွက်၊ ပယ်ပုံတော်ကျောက် စာဝင်း၊ ချမ်းမြသာစည်မြို့နယ် မန္တလေးမြို့တွင် လည်းကောင်း၊ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (ပုဂံမြို့ဟောင်း) ညောင်ဦးခရိုင်တွင် လည်းကောင်း ရယူနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၃ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.