Thursday, November 29, 2012

ကိုလိုနီခေတ်က အသုံးပြုခဲ့သော ဆာဘန်လေယာဉ်ကွင်း ပြန်လည် အသက်သွင်းမည်

ချင်းပြည်နယ်၊ မြောက်ပိုင်း၊ ဖလမ်းမြို့အနီး ဆာဘန်တောင်ပေါ်၌ ပို့ဆောင်ရေး ဝန်ကြီးဌာနမှ လေယာဉ်ကွင်းတည်ဆောက်ရန် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ချင်းပြည်နယ်အစိုးရ အဖွဲ့မှ သိရသည်။
 အဆိုပါ လေယာဉ်ကွင်းတည် ဆောက်မည့် နေရာသည် ဖလမ်း မြို့၏ ၁ဝ မိုင်ခန့်အကွာတွင် တည် ရှိပြီး ယခင်ကိုလိုနီခေတ်က ဗြိတိသျှ လေယာဉ်များ အရေးပေါ်ဆင်း သက်ခဲ့ဖူးသော နေရာဖြစ်သည့် အပြင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင်လည်း လေယာဉ် ကွင်း တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ဖူးကြောင်း ချင်းပြည် နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာ ငွန်ဆန်းအောင်က ပြောသည်။ယခုတည်ဆောက်မည့် လေ ယာဉ်ကွင်းသည် လေယာဉ်ပြေး လမ်း အရှည်ပေ ၈ဝဝဝ   နှင့် အနံ အကျယ်ပေ ၂ဝဝ ခန့် ကျယ်ဝန်း ကာ၊ ထိုလေယာဉ်ကွင်း တည် ဆောက်ရန်အတွက် အောက်တို ဘာလအတွင်းက လေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ
တာဝန်ရှိသူများ လာရောက်ကွင်းဆင်း တိုင်းတာမှုများ ပြုလုပ်ကြောင်း ၄င်းက ဆက်ပြောသည်။”ဒီနေရာကို ဟားခါး၊ ထန်တလန်အပြင် မြန်မာ-အိန္ဒိယနယ်စပ် တွေ ကနေ ကားနဲ့လာမယ်ဆိုရင် နှစ်နာရီခရီးပဲရှိတဲ့အပြင် လေယာဉ် ဆင်းတက်လုပ်ဖို့လည်း အကောင်း ဆုံးဖြစ်နေတဲ့အတွက် ဒီနေရာကို ရွေးချယ်ထားတာ။ လောလော ဆယ်တော့ကျွန်တော်ရယ်၊ ပြည် နယ်ဥပဒေချုပ်နဲ့ ဖလမ်းမြို့က လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လေယာဉ်ကွင်းဖြစ်မြောက် ရေးကော်မတီကိုလည်း ဖွဲ့ထားတယ်။ အဆင်ပြေရင်တော့ နောက် နှစ်အတွင်းမှာပဲ လေယာဉ်ကွင်းကို စပြီးတည်ဆောက်သွားဖို့ရှိတယ်”ဟု ၄င်းက ဆိုသည်။လက်ရှိအခြေအနေအရ ချင်း ပြည်နယ်အ တွင်း လေယာဉ်ကွင်း မရှိသည့်အတွက် ပြည်မသို့ လေကြောင်းခရီးဖြင့် သွားရောက်လိုသူ များမှာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ကလေးလေဆိပ်မှသာ တစ်ဆင့် သွားလာနေရကြောင်း ဆာဘန် လေယာဉ်ကွင်းတည် ဆောက်မှု ပြီးစီးသွားပါက ဒေသခံ များအနေဖြင့် သွားလာရေး ပိုမို လွယ်ကူလာစေနိုင်မည့်အပြင် ကမ္ဘာလှည့် ခရီးသည်များပါ လေ ကြောင်းခရီး အသုံးပြု၍ ချင်းပြည် နယ်အတွင်း လာရောက် လေ့လာ နိုင်မည်ဟု ၄င်းက ထပ်မံပြော သည်။

Source : Popular News

ပထမဆုံးသော Myanmar Travel & Trade Expo 2013 ကျင်းပမည်

Myanmar Tourism Federation (MTF) ၏ ဦးဆောင်မှုဖြင့် MTS Group မှ စုစည်းကျင်းပမည့် ပထမဆုံးသော Myanmar Travel & Trade Expo 2013 ကို ၁၁-၁-၂၀၁၃ ရက်မှ ၁၄-၁-၂၀၁၃ ရက်နေ့အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ Myanmar Convention Centre (MCC) ခန်းမတွင် နံနက် ၉း၀၀ နာရီမှ ညနေ ၈း၀၀ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ပြပွဲကြီးတွင် Travel Zone အနေဖြင့် ပြည်တွင်းပြည်ပသို့ ဝန်ဆောင်မှုပေးနေသော ခရီးသွားလုပ်ငန်းများ၊ ပြည်တွင်းပြည်ပ ဟိုတယ်များနှင့် Hotel Suppliers ကုမ္ပဏီများ၊ Bank ဝန်ဆောင်မှု လုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ စားသောက်ဆိုင်များ၊ သယ်ယူပို့ဆောင်ရေးကုမ္ပဏီများ၊ International School များ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ Training Centre များ၊ Spa ဝန်ဆောင်မှု လုပ်ငန်းများ၊ Souvenir Shop များ၊ Gems & Jewellery Shop များနှင့် Trade Zone အနေဖြင့် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့် ရရှိသူများနှင့် ကားကုမ္ပဏီကြီးများ၊ ကားအပိုပစ္စည်းများနှင့် အခြားဆက်စပ် ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် အိမ်ရာအရောင်းပြခန်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် အိမ်တွင်းအလှဆင် ပစ္စည်းများ၊ မြန်မာပရိဘောဂပစ္စည်းများ၊ လုံခြုံရေးသုံးပစ္စည်းများ၊ အီလက်ထရွန်နစ်နှင့် လျှပ်စစ်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အဝတ်အထည်များ၊ ဆေးဝါးများ၊ တိုင်းရင်းဆေးဝါးပစ္စည်းများ၊ စိုက်ပျိုးမွေးမြူရေး ပစ္စည်းများ၊ စာရေးကိရိယာများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ စက်မှုထုတ်ကုန်များနှင့် အခြားလူသုံးကုန် ပစ္စည်းများ စုံလင်စွာ ပါဝင်ပြသ ရောင်းချသွားမည်ဖြစ်သည်။ စိတ်ပါဝင်စားသည့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် Myanmar Tourism Services Co.,Ltd အခန်းအမှတ် (၁၀၁၀)၊ ၁၀လွှာ၊ ယုဇနတာဝါ၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း -၀၁ ၅၅၂၇၆၂၊ ၅၅၂၆၄၂၊ ၀၉-၇၃၂၁၆၀၁၀၊ ၀၉-၅၁၆၈၀၅၇၊ ၀၉-၄၉၃၀၁၇၂၄ သို့ ကြိုတင်ဆက်သွယ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်

Source : Khit Lu Nge 

Saturday, November 24, 2012

ကိုလိုနီခေတ် မြန်မာ့မီးရထားရုံး အဆောက်အအုံကို ကြယ်ငါးပွင့် ဟိုတယ်အဖြစ် ပြောင်းမည်

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ မြန်မာ့မီးရထားရုံး အဆောက်အအုံဟောင်းကို မူလလက်ရာ မပျက်စေဘဲ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်အဖြစ် ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းကို လုပ်ဆောင်မည့် စင်ကာပူအခြေစိုက် Yoma Strategic Holdings ကုမ္ပဏီမှ ပြန်ကြားရေးတာဝန်ခံ ဒေါ်ခင်သူသူက နိုဝင်ဘာ ၂၀ ရက်နေ့က ပြောကြားခဲ့သည်။ ၁၈၇၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ရန်ကုန်မြို့လယ်ကောင်တွင် တည်ရှိကာ ကိုလိုနီခေတ် လက်ကျန်ရှေးဟောင်း အဆောက်အအုံဟောင်း ဖြစ်သည့် အဆိုပါ မြန်မာ့မီးရထားရုံးချုပ် အဆောက်အအုံဟောင်းကို စင်ကာပူရှိ Raffles ဟိုတယ်ပုံစံ ပြောင်းလဲပြင်ဆင်သွားမည်ဟု Yoma Strategic Holdings က နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဗိုလ်ချုပ်လမ်းမပေါ်ရှိ FMI အဆောက်အအုံ၊ ဂရင်းမီးရထားဟိုတယ်နှင့် မြန်မာ့မီးရထား အဆောက်အအုံများ ပါဝင်သော မြေဧရိယာ ၁၀ ဧကခန့် (စတုရန်းပေ နှစ်သန်းခန့်)ပေါ်တွင် ကြယ်ငါးပွင့်အဆင့်ရှိ ကွန်ဒိုမီနီယံနှင့် ဟိုတယ်၊ ကြယ်လေးပွင့် အဆင့်ရှိ ဟိုတယ်နှင့် လက်လီစတိုးဆိုင်၊ အခြားအထပ်မြင့် ရုံးအဆောက်အအုံနှစ်ခုတို့ ပါဝင်သော အမေရိကန်ဒေါ်လာ သန်း ၃၃၀ ခန့် ကုန်ကျမည့် စီမံကိန်းကြီးကို အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြပါရှိသည်။ အဆိုပါ နေရာများကို ပိုင်ဆိုင်သော SPA- Serge Pun & Associates (Myanmar) ကုမ္ပဏီ၏ လက်အောက်ခံ မီးရထားနိုင်ငံတကာ ဟိုတယ်လီမိတက် (Meeyahta International Hotel Ltd.) ၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်း (တန်ဖိုး အမေရိကန်ဒေါ်လာ ၈၁ သန်းခန့်) ကို ဝယ်ယူခဲ့ကြောင်း ဖော်ပြထားသည်။ “ဒီအဆောက်အအုံက ရန်ကုန်မှာ တော်တော်ရှားပါးတဲ့ ဂဝံအဆောက်အအုံဆိုတော့ သေသေချာချာ ထိန်းသိမ်းသင့်တယ်။ သူတို့ဘက်က သေချာပြင်မယ် ဆိုရင်တော့ ကောင်းတာပေါ့။ ဟိုတယ်လုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီေးတာ့ ဘာမှ မပြောလိုတော့ပါဘူး” ဟု သမိုင်းပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားသည်။ နိုင်ငံရေးအရ ပွင့်လင်းမြင်သာမှု ရှိလာခြင်းနှင့် နိုင်ငံတကာမှ အရေးယူပိတ်ဆို့မှုများ လျှော့ချလိုက်ခြင်းတို့ကြောင့် နိုင်ငံတကာမှ ဧည့်သည်များ ပိုမိုဝင်ရောက်လာသော်လည်း ရန်ကုန်မြို့တွင် ဟိုတယ်အခန်းပေါင်း ၈၀၀၀ ခန့်သာရှိပြီး နိုင်ငံတကာအဆင့်မီ အခန်းအရေအတွက် ၁၅၀၀ နှင့် ၂၅၀၀ ကြားသာ ရှိသောကြောင့် အဆင့်မြင့်ဟိုတယ်များ တည်ဆောက်၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သင့်ကြောင်း ကမ္ဘာကျော် Jones Lang LaSalle Hotels မှ သုတေသနပြု ထုတ်ပြန်သော Hotel Intelligence Report-Market Insight Yangon စာတမ်းတွင် ဖော်ပြထားသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Source : Khit Lu Nge

Friday, November 23, 2012

အင်းလေး တည်းခိုခ မြင့်တက်၊ နိုင်ငံခြားသားများ အခက်တွေ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် ဧည့်သည် ဝင်ရောက်မှု များပြားလာသည့် အလျောက် ဟိုတယ်တည်းခိုခများလည်း မျှော်မှန်းထားသည်ထက် မြင့်တက်ကုန် နိုင်ငံခြားသားများ အခက်တွေ့နေ ရကြောင်း သိရသည်။ “အင်းလေးဒေသမှာ ဧည့်သည်အဝင်များတာ လမ်းပေါ်မှာ နိုင်ငံခြားသားခရီးသည်တွေ ငုတ်တုပ်ထိုင်နေရတဲ့ အထိပါပဲ။ ဘာကြောင့်လဲဆိုရင် ဧည့်သည်က အခန်းခကို ၂၅ ဒေါ်လာလောက်ပဲ မှန်းထားတာ ဒီရောက်တော့
ဒေါ်လာ ၆ဝ-၇ဝ ပြောလာတဲ့ အနေအထားတွေ ကြုံကြရလို့လေ” ဟု ဒေသခံ ဦးမြမောင် က မဇ္ဈိမကို ပြောသည်။ ထိုအခက်အခဲများကို ဖြေရှင်းရန်အတွက် ကော်မတီတရပ်လည်း ဖွဲ့စည်းထားကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းက ဆိုသည်။

“ဒီလိုအနေအထားဟာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ခရီးသွား ဧည့်သည်
တွေ အမိုးအကာအောက် ရောက်ရှိရေးအတွက် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဒေသခံ အာဏာပိုင်အဖွဲ့ရယ်၊ ရပ်မိ ရပ်ဖတွေ၊ ဆရာတော်ကြီးတွေရယ်၊ ဟိုတယ်လုပ်ငန်းရှင်တွေရယ် စုပေါင်းပြီး ကမ္ဘာလှည့် ခရီးသွားများအား နေရာ ချထားပေးရေး ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်” ဟု တောင်ကြီးဟိုတယ်ဇုန်မှ အတွင်းရေးမှူး ဦးအောင်ကျော်မိုး က ပြောသည်။

တောင်ကြီး၊ တန်ဆောင်တိုင်ပွဲတော်နှင့် အတူ ညောင်ရွှေ၊ အင်းလေးဒေသတွင် နိုင်ငံခြားသား ခရီးသည် ဝင်ရောက်မှုမှာ ပိုမိုများပြားလျက်ရှိသည်။ ထိုသို့ ဧည့်အဝင် များပြားလှ၍ ဟိုတယ်များလည်း တိုးချဲ့တည်ဆောက်လာနေကြသည်။ “ဟိုတယ်တွေ တိုးချဲ့တယ်ဆိုတဲ့ နေရာမှာ လက်ရှိဟိုတယ် လုပ်ငန်းရှင်တွေက ရှိပြီးသား ဟိုတယ်တွေကို အခန်း တိုးချဲ့တာမျိုးနဲ့ ဟိုတယ်အသစ်တွေ ထပ်ပြီး တည်ဆောက်လာတာရယ် နှစ်ပိုင်းရှိပါတယ်” ဟု MAY GUEST HOUSE မှ လုပ်ငန်းရှင် ဦးညီညီတင် က မဇ္ဈိမကို ပြောသည်။


အင်းလေးဒေသတွင် အသစ်ဆောက်သည့် ဟိုတယ်ကြီး သုံးလုံးမှာ ပြီးစီးတော့မည်ဖြစ်ပြီး နောက်ထပ် ဟိုတယ် အသစ်များလည်း တည်ဆောက်ရန် ပြင်ဆင်နေကြောင်း သိရသည်


Source : Mizzima 

Monday, November 19, 2012

ကျားထိန်းသိန်းရေး အမေရိကန် ထောက်ပံ့ရေး ပြန်စဉ်းစားပေးရန် တောင်းဆို

ဟူးကောင်းဒေသရှိ ကျားထိန်းသိမ်းရေး စီမံကိန်းကို ခေတ္တရပ်ဆိုင်းပေးရန် အတွက် ကချင်ပြည်နယ် တိုင်းရင်းသား ဖွံ့ဖြိုးရေးအဖွဲ့ ( Kachin Ethnic Development Organization ) နှင့် ဟူးကောင်းဒေသ လယ်သမားများ လူမှုရေးကော်မတီ ( Hugawng Farmers Social Comitte ) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိနေသော အမေရိကန် သမ္မတ အိုဘားမားထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားကြောင်း သတင်းရရှိသည်။
အိတ်ဖွင့်ပေးစာတွင် အမေရိကန် အစိုးရ၏ ဟူးကောင်းဒေသအတွက် ထောက်ပံ့မှုများ အားလုံးကို ထုတ်ဖော်ရန်၊ သားရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ ( wild life conversation ) အဖွဲ့ နှင့် မြန်မာအစိုးရတို့၏ ဟူးကောင်း တောင်ကြားဒေသ အတွက် ထောက်ပံ့မှုများကို ပြန်လည်သုံးသပ်ရန် စသည်တို့ အပါအ၀င် အချက် ၇ ချက် ပါဝင်ကြောင်း တွေ့ရသည်။
“ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေဆိုပြီး လုပ်ထားတယ်။ အဲဒီဧရိယာထဲက ပဲ ယုဇနကို စိုက်ပျိုးရေး စီမံကိန်းတွေ လုပ်ခွင့်ပေးထားတယ်။
ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ တကယ်လုပ်မယ်ဆိုရင် သုတေသန ကောင်းကောင်းလုပ်ပြီးမှ စနစ်တကျ လုပ်ဖို့ အဆိုပြုထားတဲ့ သဘောပါ” ဟု ကချင်ပြည်နယ် ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးရှဂေါန်တန်ဂွန်းက ပြောသည်။
ဟူးကောင်း ကျားထိန်းသိမ်းရေး ဒေသသည် ကချင်ပြည်နယ်တွင် တည်ရှိပြီး ၂၁၈၀၀ ကီလိုမီတာ ကျယ်ဝန်းကာ ၂၀၀၁ ခုနှစ်မှ စတင်ပြီး ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေအဖြစ် မြန်မာအစိုးရနှင့် သားရိုင်း တိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ ( WCS ) တို့ကသတ်မှတ် ထိန်းသိမ်းခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ကျားထိန်းသိမ်းရေး ဒေသအတွင်းရှိ မြေဧက ၂ သိန်းကျော်ကို အကြီးစားစိုက်ပျိုးရေးစီမံကိန်းများပြုလုပ်ရန် ယုဇနကုမဏီအား လုပ်ပိုင်ခွင့်ပေးခဲ့ကြောင်း သိရသည်။
“ကျားထိန်းသိမ်းရေး နယ်မြေက မူ အရအရမ်းကောင်းတယ်။ လက်လည်း လက်ခံပါတယ်။ ဒါကို မကြိုက်တာ မဟုတ်ပါဘူး။ ကမ္ဘာ့ကြီးဆုံး ကြိုးဝိုင်းဆိုပြီးတော့ လုပ်ထားပြီးတော့ အဲလို ကုမဏီကြီးတွေကို ရွှေတွေထုတ်၊ ကျွန်းတွေ ထုတ်ခိုင်းတာ၊ စိုက်ပျိုးရေးစီမံကိန်း အကြီးစားတွေ အကောင်အထည်ဖော်နေတာတွေဟာ ဒေသခံတွေကို အကြီးအကျယ် နစ်နာစေတယ်။ ဒါကို ပြန်သုံးသပ်ပါ။ ဒေသခံများကို လျစ်လျူမရှုပါနဲ့” ဟု ဟူးကောင်းဒေသ လယ်သမားများ လူမှုရေးကော်မတီက ဦးလဂေါန် တန်ဂွန်းက ဧရာဝတီကို ပြောသည်။
ယုဇန ကုမဏီသည်ဒေသခံများ၏ လယ်မြေများ သိမ်းယူခြင်း၊ သစ်ထုတ်ခြင်း၊ ရွှေတူးဖော်ခြင်း အစရှိသည်တို့ကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး စိမံကိန်း အကောင်အထည်ပေါ်ရေးအတွက် စက်ကရိယာအကြီးစားများ အသုံးပြုနေသဖြင့် သဘာဝပတ်ဝန်းကျင်ကိုပါ အကြီးအကျယ် ထိခိုက်စေကြောင်း ပေးစာတွင် ဖော်ပြထားသည်။
၁၉၉၄ နောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်မတော် ( ကေအိုင်အေ ) နှင့်  အစိုးရ အပစ်အခတ်ရပ်ဆဲပြီးနောက် စနစ်မကျ သည့် ဖွံ့ဖြိုးရေးစီမံကိန်းကြီးများကြောင့် ဒေသခံများနစ်နာနေရကြောင်း ဦးလဂါန်တန်ဂွန်းက ဆိုသည်။
ဟူးကောင်း ကျားထိန်းသိမ်းရေး ဒေသ အိုဘားမားထံ အိတ်ဖွင့်ပေးစာနှင့် ပတ်သတ်ပြီး သားရိုင်း တိရိစ္ဆာန် ထိန်းသိမ်းအဖွဲ့ ( WCS ) သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေဆိုခြင်း မရှိပေ

Source :Irrawaddy

မြန်မာ့လေကြောင်း ခရီးစဉ်များအား တယ်လီဖုန်းဖြင့် ဆက်သွယ် စုံစမ်း မေးမြန်း နိုင်သည့် ၀န်ဆောင်မှု စတင်

မြန်မာ့ လေကြောင်းမှ ပြေးဆွဲ ပေးလျက် ရှိတဲ့ လေကြောင်း ခရီးစဉ်များနဲ့ လေယာဉ် ခနှုန်း ထားများနဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်း စုံစမ်းမှုများကို
ယခုလမှ စတင်ကာ ဆောင်ရွက် နိုင်ပြီ ဖြစ်တယ်လို့ မြန်မာ့ လေကြောင်းမှ သတင်းများ အရ သိရပါတယ်။ ဒီလို ဆောင်ရွက်မှု ကိုတော့ ယခင်က ဆောင်ရွက် ပေးခဲ့ခြင်း မရှိဘဲ ယခု နိုဝင်ဘာ လမှသာ စတင် တယ်လီဖုန်းနဲ့ဆက်သွယ် ၀န်ဆောင်မှု ဆောင်ရွက် ပေးတာ ဖြစ်ပါတယ်။

ဒီလို ဆက်သွယ် စုံစမ်းနိုင်တဲ့ ဖုန်းနံပါတ်များ ကတော့ ၃၇၈၆၀၃၊ ၃၇၈၆၀၄၊ ၃၇၈၆၀၆နဲ့ ၃၇၈၆၀၈ အစရှိတဲ့ ဖုန်းများကို ဆက်သွယ် စုံစမ်းနိုင် ပါတယ်။ ဒါ့အပြင် ၀၉ -၄၂၁၁၆၉၅၅၁ ကနေ ၀၉-၄၂၁၁၆၉၅၅၄ အထိ ဖုန်းနံပါတ်တွေ ကိုလည်း ဆက်သွယ် စုံစမ်း နိုင်ပါတယ်။ ဒီလို ခရီးစဉ်နဲ့ ဈေးနှုန်း တွေကို စုံစမ်းနိုင်တဲ့ အပြင် ခရီးစဉ် လက်မှတ် Booking ကြိုတင် ဖြတ်ခြင်း တို့ကိုပါ ဆောင်ရွက် နိုင်ပါတယ်။ ဒါ့အပြင် မြန်မာ့ လေကြောင်းရဲ့ စင်းလုံးငှား လေယာဉ် ခရီးစဉ်များ ကိုလည်း အဆိုပါ ဖုန်းနံပါတ် များသို့ ဆက်သွယ် စုံစမ်းနိုင် ပါတယ်။


အဆိုပါ ဆောင်ရွက်မှု ကိုတော့ နံနက် ၁၀ နာရီမှ စတင်ကာ ညနေ ၄ နာရီထိ နေ့စဉ် ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက် ရတာဟာ ပြည်တွင်းရှိ ပြည်သူများနဲ့ နိုင်ငံခြားသား ခရီးသွားများ မြန်မာ့ လေကြောင်းမှ လေယာဉ် များနဲ့ ခရီးသွား ရာမှာ လက်ရှိထက် ပိုမိုလွယ်ကူစွာ ဆောင်ရွက် နိုင်စေဖို့ ဆောင်ရွက် ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။


Source : MRTV4 

Friday, November 16, 2012

မြန်မာ့လေကြောင်း ခရီးစဉ်များ စုံစမ်းနိုင်

မြန်မာ့လေကြောင်းနှင့် သက်ဆိုင်သည့် လေယာဉ်ခရီးစဉ်၊ လေယာဉ်ခနှုန်းထား၊ စင်းလုံးငှားကိစ္စများကို ဖုန်း-၀၁-၃၇၈၆၀၃၊ ၀၁-၃၇၈၆၀၄၊ ၀၁-၃၇၈၆၀၈၊ ၀၁-၃၇၈၆၀၆၊ ၀၉-၄၂၁၁၆၉၅၅၁၊ ၀၉-၄၂၁၁၆၉၅၅၂၊ ၀၉-၄၂၁၁၆၉၅၅၃ နှင့် ၀၉-၄၂၁၁၆၉၅၅၄ တို့သို့ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း စုံစမ်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်

Source : Khit Lu Nge 

Saturday, November 10, 2012

ဧည့်အဝင်များသည့် ဒေသများတွင် ဟိုတယ်ခန်း မလုံလောက်သည့်အပြင် ဝန်ဆောင်မှုတချို့ ညံ့ဖျင်းသောကြောင့် တည်းခိုလိုသည့် ဧည့်သည်များ အခက်အခဲ တွေ့

ပြည်တွင်းပြည်ပ ဧည့်အဝင်များသည့် ဒေသများတွင် ဟိုတယ်ခန်း မလုံလောက်သည့်အပြင် ဝန်ဆောင်မှုတချို့ ညံ့ဖျင်းသောကြောင့် တည်းခိုလိုသည့် ဧည့်သည်များ အခက်အခဲ တွေ့နေသည့်အပြင် ရကြောင်း သိရသည်။
ရန်ကုန်တမြို့တည်း၌ပင် ၂၀၁၃ – ၁၄ ခုနှစ်တွင် ဟိုတယ်အခန်း ၄၀၀၀ ကျော် လိုအပ်မည်ဖြစ်ရာ ပြည်တွင်း ပုဂ္ဂလိကပိုင် ဟိုတယ်များ ဆောက်လုပ် ပြီးစီးခဲ့ပါက လာမည့် ၂၀၁၃ ခုနှစ်အတွင်း ဟိုတယ်အခန်း ၂၀၀၀ ကျော်အထိသာ ပြီးစီးနိုင်မည် ဖြစ်သောကြောင့် အခန်းလိုအပ်ချက်များ ရှိနိုင်သေးကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တဦးကဆိုသည်။
ဧည့်အဝင်များသည့် ဒေသများဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ကြီးများတွင် ဟိုတယ်အခန်း မှာယူပါက မိမိလည်ပတ်မည့် အချိန်ထက် လအနည်းငယ်စောပြီး ကြိုတင်မှာယူထားမှသာ အခန်းအဆင်ပြေနိုင်ကြောင်း၊ ဟိုတယ်ခန်း ချက်ချင်း ရချင်သူများအတွက် အလွယ်တကူ ငှားရမ်း မရနိုင်သည့် အခက်အခဲများ ရှိနေကြောင်း၊ ထို့အပြင် ကိုယ်တိုင် သွားရောက် တည်းခိုသည့် အခါတွင်လည်း  ကြိုတင် မှာယူစဉ်က ဈေးနှုန်း မဟုတ်တော့ဘဲ တိုးမြှင့်ပြောင်းလဲ သတ်မှတ် ခြင်းများ ရှိနေကြောင်း၊ ဝန်ဆောင်မှု ညံ့ဖျင်းခြင်းအပြင် ကြိုတင် မှာယူသည့်အခန်း မရသည့် ပြဿနာများလည်း ရှိနေကြောင်း ဧည့်သည်များနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများထံမှ သိရသည်။
ယခင်နှစ်များက ဆိုလျှင် ဟိုတယ်များအနေဖြင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်း လိုင်ကိုင်သည့် ကုမ္ပဏီများသို့ ပွင့်လင်းရာသီ မရောက်ခင် ကတည်းက ကြိုတင်လာရောက်၍ ၎င်းတို့ဟိုတယ်တွင် ဧည့်သည်များ တည်းခိုပါရန် တောင်းပန်ပြောဆိုလေ့ ရှိကြောင်း၊ ယခုနှစ်တွင်မူ ခရီးသွားကုမ္ပဏီများက လပေါင်းများစွာ ကြိုတင် ဘွတ်ကင်လုပ်သည့် တိုင်အောင် အမှန်တကယ် ဧည့်သည် တည်းခိုချိန်တွင် ပြောထားသည့် အခန်းမပေးကြောင်း အမည်မဖော်လိုသည့် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီကြီး တခုမှ တာဝန်ရှိသူ တဦးက ပြောသည်။
“၆ လလောက် ကြိုပြီး ဘွတ်ကင်လုပ်တာတောင် ပြောထားတဲ့အခန်းမရဘူး။ ဧည့်သည်က မကြိုက်လို့ ပြောင်းပေးပါ ဆိုတော့ နေချင်နေ မနေချင် မနေနဲ့ ဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောတယ်။ ဟိုတယ်တခုဆိုရင် နိုင်ငံခြား ဧည့်သည်က ရေချိုးခန်း ရေလျှံနေလို့ လုပ်ပေးပါဆိုတာ မလုပ်ပေးဘူး” ဟု သူကဆိုသည်။
အခန်းခများမှာ ရှိသင့်သည့် ဈေးနှုန်းထက် မြင့်နေသည့်အပြင် ဘွတ်ကင် စတင်လုပ်စဉ်က ပြောထားသည့် ဈေးထက် ပိုမို တောင်းခံကြောင်း၊ တခြားဟိုတယ်သို့ ပြောင်းရန် မဖြစ်နိုင်တော့သောကြောင့် အခက်အခဲဖြစ်နေသည့် အပေါ် အခွင့်အရေး ယူသည်ဟု ထင်မြင်ကြောင်း သူက ဆက်ပြောသည်။
“အဒီလိုတွေ ဖြစ်နေတော့ နိုင်ငံခြားသားတွေက တခါလာပြီးရင် မြန်မာနိုင်ငံအပေါ် စိတ်ပျက်သွားကြတယ်၊ ဒါက နိုင်ငံအတွက် ပုံရိပ် မကောင်းဘူး” ဟု အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန် ဦးညီညီက ဆိုသည်။
မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးအောင်ကျော်မိုးကမူ ပြောဆိုညှိနှိုင်းထားသည့် ဈေးနှုန်းကွာဟခြင်း ဝန်ဆောင်မှု ညံ့ဖျင်းခြင်းများ တွေ့ရှိပါက ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းသို့ တိုက်ရိုက် တိုင်းကြားနိုင်ကြောင်း ပြောသည်။
“ဟိုတယ်တွေမှာ ဒီလိုတွေ ဖြစ်နေတာတော့ မကောင်းဘူး။ အတ္တနဲ့ လုပ်နေတာ ဖြစ်တဲ့အတွက် ဒါမျိုးတွေကို ထိန်းသိမ်းရမယ်။ လိုအပ်ရင် တိုင်ကြားဖို့ကို ဝန်ကြီးကိုယ်တိုင်က လမ်းဖွင့်ပေးထားပါတယ်” ဟု သူက ဆိုသည်။
၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းမှ စတင်ကာ ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်နှုန်းသည် ၅၀ ရာခိုင်နှုန်းကျော် တိုးတက်လာသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး ဟိုတယ်ခန်းများ လုံလောက်စေရေးအတွက် ဆောင်ရွက်ထား သင့်ကြောင်း၊ ဟိုတယ်ဈေးနှုန်းများ မြင့်မားနေသည့် ပြဿနာကို ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း၊ နိုင်ငံခြားသား ဧည့်သည်များ အတွက် Home stay နေထိုင်ခွင့်ပြုနိုင်မည် ဆိုပါက ဟိုတယ်ခန်း မလုံလောက်သည့် ပြဿနာအပြင် ငွေကြေး မတတ်နိုင် သည့် ဧည့်သည်များအတွက်လည်း အဆင်ပြေသွား နိုင်ကြောင်း သူက ရှင်းပြသည်။
“ဟိုတယ်တွေက ပြန့်ကျဲနေတော့ ဘွတ်ကင်တင်လို့ မရတာနဲ့ အခန်း မရဘူးတော့ပြောလို့ မရဘူး။ တချို့ ဟိုတယ်တွေက ဖုန်းနဲ့ ဘွတ်ကင်လုပ်ရင် အာမခံချက် မရှိလို့ဆိုပြီး အခန်းမပေးတာမျိုးလည်း ရှိတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရန်နိုင်က ပြောသည်။
Myanmar Voyages Int’l Tourism ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက “လာမယ့် ၃ – ၄ နှစ် နောက်ပိုင်းမှာ ဟိုတယ်တွေ လုံလောက်လာပြီး ပုံမှန်အခြေအနေ ပြန်ရောက်လာဖို့ရှိပေမယ့် အဲဒီအချိန် မြန်မာနိုင်ငံရဲ့ ပြည်ပခရီးသွားဈေးကွက် လျော့နည်းသွားရင် ပြန်ကုစားဖို့ အချိန်ပြန်ယူရမယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ အနှံ့တွင် တိုင်းရင်းသားပိုင်နှင့် နိုင်ငံခြားသားပိုင် ဟိုတယ် စုစုပေါင်း ၇၄၆ လုံးရှိနေပြီး အခန်းပေါင်း ၂၇၀၀၀ ကျော်ရှိကာ ကြယ်ပွင့်အဆင့် သတ်မှတ်ထားသော ဟိုတယ် ၁၄၁ လုံးရှိကြောင်း၊ ထပ်မံဆောက်လုပ်ရန် လျှောက်လွှာ တင်ထားသည့် တိုင်းရင်းသားပိုင် ဟိုတယ် ၂ လုံး ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
နိုင်ငံခြားသားဧည့် ဝင်ရောက်မှုမှာ ၂၀၁၁ ခုနှစ်တွင် ၄၁၀၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် ၆၀၀၀၀၀ ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်ပေါက်တခုတည်းမှ ပြည်ပဧည့် ဝင်ရောက်နှုန်းမှာ တနေ့လျှင် ဦးရေ ၁၀၀၀ နှင့် ၁၅၀၀ ကြားရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

Source : Irrawaddy

Friday, November 09, 2012

ရွှေတိဂုံ စေတီတော် မသိုးသင်္ကန်း ရက်လုပ် ကပ်လှူပွဲနှင့် တန်ဆောင်တိုင် မီးထွန်း ပွဲတော် ကျင်းပမည်

 လေးဆူ ဓာတ်ပုံ ရွှေတိဂုံ စေတီတော် မြတ်ကြီး၏ (၂၈) ကြိမ်မြောက် မသိုး သင်္ကန်း ယှဉ်ပြိုင် ရက်လုပ် ကပ်လှူ ပူဇော်ပွဲကို နိုဝင်ဘာ ၂၈ ရက် (၁၃၇၄ ခုနှစ် တန်ဆောင်မုန်း လပြည့်) အရုဏ် တက်ချိန်တွင် အာရုံခံ တန်ဆောင်းများရှိ ဘုရား လေးဆူနှင့် တစ်ကွ အထက်ပစ္စယာ ပတ္တမြားမျက်ရှင် ရုပ်ပွားတော် ရင်ပြင်ပေါ်ရှိ ဘုရား ရုပ်ပွားတော်များကို မသိုးသင်္ကန်းတ်ာများ ဆက်ကပ် လှူဒါန်း ပူဇော်မည် ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၂၇ ရက် (တန်ဆောင်မုန်း လဆန်း ၁၄ ရက်) ညနေ ၄ နာရီမှ စတင်ကာ လှည့်လည် ပူဇော် ပွဲများ ကျင်းပပြီး စေတီတော် မြတ်ကြီး၏ ရာဟ ထောင့်ရှိ အောင်မြေ၌ မသိုး သင်္ကန်း တော်များ ယှဉ်ပြိုင် ရက်လုပ်ပွဲ အခမ်း အနားကို စတင်ဖွင့်လှစ် ကျင်းပမည် ဖြစ်သည်။ တန် ဆောင်တိုင် မီးထွန်း ပွဲတော်ကို ရာဟုထောင့်ရှိ ပြတိုက်၊ ပြခန်းရှေ့ မျက်နှာစာနှင့် အလယ်ပစ္စယာ ရာဟုထောင့် ပုံတော် စေတီ အနီးတစ်ဝိုက်တွင် ကျင်းပမည်ဖစ်ပြီး တန်ဆောင်မုန်း လပြည့်နေ့ နံနက် ၁ နာရီတွင် မသိုးသင်္ကန်း ရက်လုပ် ပြိုင်ပွဲ၌ ဆုရရှိသော အသင်းများနှင့် ပါဝင်ယှဉ်ပြိုင်သော အသင်းများကို ဆုချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

Source : Myawady

Thursday, November 08, 2012

မြန်မာ့ ခရီးသွား လုပ်ငန်း ထာဝစဉ် ရှင်သန် ဖွံ့ဖြိုး တိုးတက်ရေး (ဆောင်းပါး)

ကမ္ဘာ့ ခရီးသွား လုပ်ငန်း အဖွဲ့အစည်း (World Tourism Organization- W.T.O) ၏ စစ်တမ်း ကောက်ယူ ထားချက်အရ ၂ဝ၁၁ ခုနှစ်တွင် တစ်ကမ္ဘာလုံး ခရီးသွားလာသူ ဦးရေ သန်း ၉၈ဝ ရှိပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် ခရီးသွားလာသူ ဦးရေသန်း ၁၈ဝဝ ဖြစ်မည်ဟု မျှော်မှန်း ထားကြောင်း သိရသည်။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှ ရရှိခဲ့သော ဝင်ငွေ ပမာဏမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၇ဝဝ ကျော်အထိ ရရှိခဲ့ကြောင်း ကိုလည်း အဆိုပါ ကမ္ဘာ့ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းက ထုတ်ပြန်ထားသည်။ အထူးသဖြင့် ကမ္ဘာ့ ခရီးသွား လုပ်ငန်းကြောင့် အလုပ်အကိုင်ပေါင်း ၂၃၅သန်း ရရှိ ခဲ့သည်။ ကမ္ဘာ့ ခရီးသွားလုပ်ငန်းသည် တစ် ကမ္ဘာလုံး ဂျီဒီပီ၌ ၅ ရာခိုင်နှုန်း ပါဝင် ခဲ့ သည့် အပြင် ဝန်ဆောင်မှု ကဏ္ဍ ပြည်ပ ပို့ကုန် တန်ဖိုး၏ ၃ဝ ရာခိုင် နှုန်းရှိနေသောကြောင့် ကမ္ဘာ့ခရီးသွား လုပ်ငန်းမှာ စီးပွားရေးကဏ္ဍ၌ အကြီးမားဆုံးနှင့် အရှိန်အဟုန် မြင့်မားစွာဖြင့် တိုးတက် ဖွံ့ဖြိုး နေသော လုပ်ငန်း တစ်ရပ်ဖြစ်နေသည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ ကြီး၏ အတွင်း ရေးမှူးချုပ် မစ္စတာ တီလတ်ရီ ဖာအီ Dr. Taleb Rifai ၏ ခရီးစဉ်က ရရှိခဲ့သည့် အကျိုးရလဒ် အဖြစ် ယခုနှစ် ဇွန်လတွင် ကုလ သမဂ္ဂ ကမ္ဘာ့ ခရီးသွား လုပ်ငန်း အဖွဲ့သို့ ဝင်ရောက် ခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတကြီးအား ကမ္ဘာ့ ခရီးသွားလုပ်ငန်း အဖွဲ့ကြီး၏ အတွင်းရေး မှူးချုပ်က ၎င်း၏ ခရီးစဉ်တွင် တွေ့ဆုံ ဂါရဝပြု ခဲ့ရာ၌ မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်း အလားအလာ များသည် အားသာ ချက်များနှင့် ပြီးစုံနေသည်  ကို ထောက်ခံပြောဆိုခဲ့သည်။
ကမ္ဘာပေါ်တွင် ခရီးသွား လုပ်ငန်း Tourism သည် လျင်မြန်စွာ တိုးတက်နေသည့် စီးပွားရေး လုပ်ငန်း များထဲမှ တစ်ခု အပါအဝင် ဖြစ်သည့်အပြင် အကျိုး သက်ရောက် မှုများပြားစွာ ရရှိ နေသဖြင့် ဆင်းရဲ နွမ်းပါးမှု များကို လျှော့ချ နိုင်သည့် အပြင် အလုပ်အကိုင် အခွင့် အလမ်း များကို တိုးတက်စေသည် သာမက နိုင်ငံခြား ဝင်ငွေများ ပိုမိုရရှိ နိုင်ရန် နည်းလမ်း များရှာဖွေနေသည့် ဖွံ့ဖြိုးဆဲ နိုင်ငံ များအတွက် အလွန် အရေးပါလျက် ရှိသည်။ ထို့ကြောင့် ခရီးသွား လုပ်ငန်းကို မီးခိုးမထွက်သော စက်ရုံဟု တင်စား ထားသည့် အပြင် ယင်းလုပ်ငန်းသည် သဘာဝ အရင်းအမြစ်များကို ထုတ်ယူ သုံးစွဲခြင်း မပြုဘဲ နိုင်ငံသူ၊ နိုင်ငံ သားတို့၏ ဝင်ငွေကို တိုက်ရိုက် သာမက သွယ်ဝိုက်၍ တိုးတက် စေသည်။ မြန်မာ နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြသော ထိုင်း နိုင်ငံသည် တစ်နှစ် ပျမ်းမျှ ကမ္ဘာလှည့် ခရီးသည် ၁၂ သန်း၊ စင်ကာပူနိင်ငံသည် နှစ်စဉ် ပျမ်းမျှ ကမ္ဘာလှည့် ခရီးသည် ၅ သန်းနှင့် မလေး ရှား နိုင်ငံသည် နှစ်စဉ် ပျမ်းမျှ ကမ္ဘာလှည့် ခရီးသည် ၃ သန်း အသီးသီး ရရှိခဲ့ မှုကြောင့် နိုင်ငံခြား ဝင်ငွေ တိုးတက် ရရှိနေသည်။
ခရီးသွား လုပ်ငန်း Tourism သည် ဝန်ဆောင်မှု Service ပေးရသော လုပ်ငန်း ဖြစ်သည့် အလျောက် အခြား လုပ်ငန်း ဌာနများ နှင့်ပါ ပူးပေါင်း ဆောင်ရွက် ရသော လုပ်ငန်း ဖြစ်သည်။ အထူး သဖြင့် ခရီးသွား လုပ်ငန်းမှ ရရှိနေသော ဝင်ငွေသည်ပင်လျှင် ဟိုတယ်၊ မိုတယ်၊ ပို့ဆောင်ရေး၊ ဧည့်လမ်းညွှန်၊ အစားအသောက်နှင့် အဖျော် ယမကာ၊ ရိုးရာ အက၊ တေးဂီတ ဖျော်ဖြေ တင်ဆက်မှု၊ ဒေသ ထွက်ကုန် ပစ္စည်း အမှတ်တရ အရောင်းဆိုင်၊ ဒေသထွက် ရိုးရာ အစားအစာ အစရှိသည့် ဆက်စပ် လုပ်ငန်းများမှ ရရှိခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက် လာပါက ဒေသခံ လုပ်သား ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည် ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော် အစိုးရသည် မြန်မာနိုင်ငံ၌ ခရီးသွား လုပ်ငန်း တိုးတက်စေရန် ၁၉၉ဝ ပြည့်နှစ် က လည်း ဆောင်ရွက် ခဲ့သည့်အပြင် ၁၉၉၂ ခုနှစ်တွင် ခရီးသွား လုပ်ငန်း၌ ပုဂ္ဂလိက ကဏ္ဍ ပါဝင် လာခဲ့မှု အပေါ်တွင် လည်း နိုင်ငံတော် အစိုးရက တွန်းအား ပေးခဲ့သည်။ ထို့နောက် မြန်မာ နိုင်ငံတွင် ၁၉၉၆ ခုနှစ်ကို မြန်မာ့ ခရီးသွားနှစ် အဖြစ် သတ်မှတ်၍ ဟိုတယ်နှင့် ခရီးသွား ဆိုင်ရာ မြှင့်တင်ရေး လုပ်ငန်း အစီအစဉ် များကို ဆောင်ရွက် ခဲ့ သဖြင့် မြန်မာ နိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည်များ ဝင်ရောက်ခဲ့ရာ နှစ်စဉ် နိုင်ငံခြား ဝင်ငွေ ရရှိခဲ့သည်။ မြန် မာ နိုင်ငံသို့ ၂ဝဝဝ ပြည့်နှစ်တွင် ကမ္ဘာလှည့် ခရီးသည် ဦးရေ ၄၁၆၃၄၄ ရှိခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ အမေ ရိကန် ဒေါ်လာ ၈၄ သန်း ရရှိခဲ့ရာမှ ၂ဝ၁ဝ ပြည့်နှစ်၌ ကမ္ဘာ လှည့် ခရီးသည် ဦးရေ ၇၉၁၅ဝ၅ ထိ လာရောက် ကြသဖြင့် ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီး ဌာန အနေဖြင့် အမေ ရိကန် ဒေါ်လာ ၂၅၄ သန်း ရရှိခဲ့သည်။ ယခင်နှစ် ၂ဝ၁၁ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသည် ဦးရေ ၈၁၆၃၆၉ လာရောက် ခဲ့၍ အမေရိကန် ဒေါ်လာ ၃၁၉ သန်း ဝင်ငွေ ရရှိခဲ့သည်။
ယနေ့ ကမ္ဘာပေါ်တွင် မီးခိုး မထွက်သော စက်ရုံဟု တင်စား ထားသော ခရီးသွား လုပ်ငန်းသည် စဉ်ဆက် မပြတ် စွမ်းအင်၏ လုပ်ဆောင်မှုများ အများဆုံးထဲက အရေးပါသည့် နည်းလမ်းတစ်ခု ဖြစ်လာ ခဲ့မှုကြောင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ တော်သို့ ကမ္ဘာ လှည့်ခရီး သည်များ ဝင်ရောက် လာမှု ပိုမို တိုးမြင့် လာစေ ရန်နှင့် မြန်မာ နိုင်ငံ အတွင်း  ခရီးသွား လာလည် ပတ်မှု ပိုမို အဆင်ပြေ ချောမွေ့ စေရန် တို့ကို ရည်ရွယ်ပြီး ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီး ဌာနက ဦးဆောင်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန များက ခရီးသွား လုပ်ငန်း ဆိုင်ရာ မူဝါဒ များကို ညှိနှိုင်း ပြင်ဆင် ပြဋ္ဌာန်းပေးရန် ကိစ္စနှင့် စပ်လျဉ်း၍ ဝန်ကြီး ဌာန ၁၃ခု၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များမှ ကိုယ်စား လှယ်များ ပါဝင်သော နိုင်ငံခြား ဧည့်သည် ဝင်ရောက်မှု အဆင်ပြေ လွယ်ကူရေး ကော်မတီကို ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်၌ ပြည်ထောင်စု အစိုးရ အဖွဲ့၏ အမိန့် ကြော်ငြာစာ အမှတ် ၃၇/ ၂ဝ၁၁ ဖြင့် ဖွဲ့စည်း တာဝန် ပေးခဲ့သည်။ မြန်မာ နိုင်ငံတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ဆောင်ရွက် ရာ၌ ၁၉၉ဝ- ၉၁ ခုနှစ်နှင့် ၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းချက်များ အတိုင်း လက်ရှိ ကျင့်သုံး ဆောင်ရွက် လျက်ရှိ၍ ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ဝန်ကြီး ဌာနသည် ပြောင်းလဲ တိုးတက်လာ သော အခြေ အနေများနှင့် အညီ ပြဋ္ဌာန်းချက် များကို ပြင်ဆင်ရန် ကြိုးပမ်းလျက် ရှိသည်။
မြန်မာ့ ခရီးသွား လုပ်ငန်း ထာဝစဉ် ရှင်သန်ဖွံ့ဖြိုး တိုးတက် စေရန် ခရီးသွား လုပ်ငန်းကို ပြည်ထောင်စု သမ္မတ မြန် မာ နိုင်ငံတော် တစ်ဝန်းရှိ တော၊ တောင်၊ ရေ၊ မြေ သဘာဝ အလှ အပများ၊ သမိုင်း ယဉ်ကျေးမှု အမွေ အနှစ် များ၊ ဖော်ရွေ ပျူငှာ ရိုးသားသော တိုင်းရင်းသား လူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှု၊ အလုပ်အကိုင်များကို စနစ်တကျ စီမံ အသုံးပြု သင့်သည်။ တိုင်းရင်းသား လူမျိုး အသီးသီး၏ ဝတ်စားဆင် ယင်မှု၊ အသုံးအဆောင် ပစ္စည်း များ၊ ဒေသထွက် သဘာဝ အသီးအရွက် အမြစ် အပွင့် ဆေးဖက်ဝင် ပစ္စည်းများ၊ ဥပမာ အားဖြင့် ကချင် ပြည်နယ်မှ မရှော့ရွက်၊ ရှီးဗရီး စသည်များ၊ ကရင်ပြည်နယ် သံတောင်ကြီး ဒေသမှ ပန်းခါးပင်ကဲ့သို့ တိုင်း ရင်းဆေး များ၊ အလားတူ တိုင်းဒေသ ကြီးနှင့် ပြည်နယ် အသီးသီးရှိ တော တောင်များမှ ရရှိသော ဆေးဖက်ဝင် ပစ္စည်း များသည် ကမ္ဘာလှည့် ခရီးသည် များကို ဆွဲဆောင်နိုင်သည်။ လက်ရှိ ကမ္ဘာလှည့် ခရီးသွားများ သွားရောက် လေ့လာ လည်ပတ် လျက်ရှိ သော ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် ဟိုတယ် လုပ်ငန်းရှင်များသည် တိုးတက် လာ ရောက်လည်ပတ် လေ့လာမည့် ကမ္ဘာလှည့် ခရီးသည် များအတွက် ဟိုတယ် များကို အပြိုင် အဆိုင် အခန်းများ တိုးချဲ့ကြခြင်း၊ ပြန်လည် တည်ဆောက် ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနမှလည်း ပုဂံဇုန် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း၏ ဦးဆောင်မှုဖြင့် ဟိုတယ် ဝန်ဆောင်မှု သင်တန်း အမှတ်စဉ် (၂/ ၂ဝ၁၂)ကို ပုဂံရှိ ဧရာ ဟိုတယ်၌ ဖွင့်လှစ်ပြီး Waiter သင်တန်း၊ အစား အသောက်နှင့် အဖျော်ယမကာ သင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေး သင်တန်း၊ ဧည့်ကြို သင်တန်းများ တစ်လကြာ ဖွင့်လှစ် ပို့ချခဲ့ရာ ယင်း သင်တန်းသို့ သင်တန်းသား၊ သင်တန်း သူပေါင်း ၂၂ဝ ကျော် တက်ရောက် ခဲ့သည်။ ထို့အတူ မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် မြို့၌ ပြင်ဦးလွင် ဒေသ ဟိုတယ် ဆိုင်ရာ ဧည့်ဝန် ဆောင်မှုသင်တန်း အမှတ်စဉ် (၁)ကို ဆုလာဘ် သခင် ဟိုတယ်၌ ဖွင့်လှစ်ခဲ့ရာ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင် ကိုယ်တိုင် တက်ရောက် အမှာစကား ပြောကြား ခဲ့သည်။ ယင်းသင်တန်းတွင် ဧည့်ကြို သင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းခြင်း သင်တန်း၊ အစား အစာနှင့် အဖျော် ယမကာ ထုတ်လုပ်မှု သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဧည့်ခံ ကျွေးမွေးမှုသင်တန်းများကို အဓိကထား သင်ကြား ပေးခဲ့ပြီး ယင်းသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၃၂ ဦး တက်ရောက် ခဲ့ကြသည်။
မြန်မာ့ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက် လာသည်နှင့် အမျှ ဟိုတယ်အခန်း လိုအပ်ချက်များ  ပြည့်စုံရန် လိုအပ်သည်။ ပုဂံ ဒေသတွင် ဟိုတယ် အဆင့် မြှင့်တင်မှု ဆောင်ရွက်သည့် နည်းတူ ဟိုတယ်ဇုန် အသစ်များ ထပ်မံ ဖော်ထုတ် ရမည် ဖြစ်သည်။ ရှမ်းပြည်နယ် အစိုးရ အဖွဲ့က ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီး ဌာန၏ လုပ်ထုံး လုပ်နည်းများနှင့် အညီ ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးကန်၏ အရှေ့ တောင်ဘက် ခြမ်း၌ တည် ရှိသော အင်ကြင်း ကုန်းကို ဟိုတယ်ဇုန် အဖြစ် ဆောင်ရွက် သွားမည် ဖြစ်ပြီး ယင်း အင်းလေးတွင် အသစ်ဖော် ထုတ် မည့် ဟိုတယ် ဇုန်ကို ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာနက မြေငှားစနစ် ဖြင့် နှစ် ၆ဝ ငှားရမ်း လုပ်ကိုင်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
ယခုအခါ မြန်မာ့ ခရီးသွား လုပ်ငန်း ထာဝစဉ် ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ယခုနှစ် စက်တင်ဘာ ၂၇ ရက် က နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟို ဌာန MICC တွင် ၂ဝ၁၂ ခုနှစ် ကမ္ဘာ့ ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်း အနားကို ''ရေရှည် ဖွံ့ဖြိုးမှု မြှင့်တင်ဖို့၊ ခရီးသွားနှင့် စဉ်ဆက်မပြတ် စွမ်းအင် ကဏ္ဍ ပေါင်းစည်းစို့'' Tourism of Sustainable Energy Powering Sustainable Development ဟူသော ဆောင် ပုဒ်ဖြင့် ကျင်းပပြုလုပ် ခဲ့သည်။ ယင်းအခမ်း အနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက တက်ရောက် အမှာစကား ပြောကြား ခဲ့ရာတွင် များပြားလှသည့် ကြွယ်ဝမှုများ၊ ယဉ်ကျေးမှုနှင့် သဘာဝ အမွေ အနှစ်များ၊ စစ်မှန်သည့် ဧည့်ဝတ်ကျေပွန်မှု များနှင့် စိတ်ပိုင်း ဆိုင်ရာ တန်ဖိုးထားမှု များကို ထိတွေ့ မြည်းစမ်းရန် မြန်မာနိုင်ငံသည် ကမ္ဘာလှည့် ခရီးသွားများအတွက် စိတ်ဝင်စားစရာ ကောင်းသည့် နေရာ တစ်ခုပင် ဖြစ်ကြောင်းကို ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ကြောင့် မြန်မာ့ ခရီးသွား လုပ်ငန်း ထာဝစဉ် ရှင်သန် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လက်ရှိ အခြေအနေ များနှင့် လိုက်လျော ညီထွေ ဖြစ်စေမည့် ဟိုတယ်နှင့် ခရီးသွား ဆိုင်ရာ မူဝါဒများ၊ ပြဋ္ဌာန်း ချက်များကို တိုးမြှင့် သတ် မှတ် ပေးပြီး ပုဂံဒေသရှိ ဟိုတယ် ဇုန်များ၊  ပြင်ဦးလွင် ဒေသများကို အဆင့်မြှင့်တင် ပေးခြင်းအပြင် အင်းလေးဒေသ ဟိုတယ်ဇုန် အသစ်နေရာ၊ ပုပ္ပါးဒေသ ဟိုတယ်ဇုန် အသစ်နေရာ များကို အမြန်ဆုံး အကောင် အထည် ဖော်ရန် လိုအပ်သကဲ့သို့ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ တောင်ငူခရိုင် တောင်ငူ မြို့သည် ကရင်ပြည်နယ် သံတောင်ကြီး မြို့နှင့် မိုင် ၃ဝ ခန့် ကွာဝေးသဖြင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များကို ကရင်ပြည်နယ်၏ သဘာဝ အလှအပများ ပေါကြွယ်ဝသော သံတောင်ကြီး မြို့နယ်သို့ ပို့ပေးနိုင်ရန် တောင်ငူဒေသ ဟိုတယ်ဇုန် အသစ် တိုးမြှင့် ဖော်ထုတ်ခြင်း စသည်တို့ကို ဆောင်ရွက် သင့်ပါကြောင်း တိုက်တွန်း ရေးသား ဖော်ပြအပ်ပါသည်။
ဆောင်းပါးရှင်- တက္ကသိုလ် ပွင့်သူအောင်
Source : Myawady

မြန်မာပိုင် Rv Thurgau Exotic အပျော်စီးသင်္ဘော ရန်ကုန်-ပုဂံ-မန္တလေး ပထမဆုံခရီးစဉ်စတင်ပြေးဆွဲမည်

ရန်ကုန်-ပုဂံ-မန္တလးခရီးစဉ်သို့ နိုင်ငံခြားသားခရီးသွားများ သီးသန့် ပို့ဆောင်ပေးရန် အတွက် မြန်မာနိုင်ငံကုမ္ပဏီတစ်ခုဖြစ်သော Upland Travels & Tour Co. Ltd မှ တည်ဆောက်ခဲ့သော Rv Thurgau Exotic အပျော်စီးသင်္ဘောကြီးမှာ နိုဝင်ဘာ (၇)  ရက်နေ့မှစတင်၍ ရန်ကုန်မြို့ ဗိုလ်တထောင် ဆိပ်ကမ်းမှ ပထမဦးဆုံးခရီးစဉ် အဖြစ်စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးစဉ်၌ ရန်ကုန်- ပုဂံ-မန္တလေးမြို့များအပြင်အခြား မြို့ဆိပ်ကမ်းသို့လည်း ဆိုက်ကပ်၍ ခရီးသည်များ ၀င်ရောက်လေ့လာနိုင်ရန် စီစဉ်ပေးထားသည့်ပြင် ရေလမ်းကြောင်း ကျွမ်းကျင်သော အငြိမ်းစား ရေယာဉ်မှူးကြီးများ ကိုယ်တိုင်မောင်းနှင့်သွားမည်ဖြစ်ကြောင်း၊ ဆွစ်ဇာလန်နိုင်ငံThur gau Travel A အဖွဲ့နှင့် ချိတ်ဆက် ပြီး ဂျာမန်ခရီးသည်အများစုပါဝင် မှာဖြစ်ကြောင်း၊ ခရီးစဉ်၌ခရီးသည်   (၂၈) ဦးပါဝင်ကာသင်္ဘောတွင် အိပ်ခန်း (၁၅) ခန်းပါဝင်ကြောင်း နှင့် အသွား (၁၅) ရက်၊ အပြန် (၁၅) ရက် စုစုပေါင်းရက်ပေါင်း (၃၀) ကြာမှာဖြစ်ပြီး ခရီးသွားများသင်္ဘောပေါ်တွင် စားသောက်  နေထိုင်ရေးနှင့် ရောက်ရှိသော မြို့ကြီးများတွင် တည်းခိုးရေး၊ ပို့ဆောင်ရေးကိစ္စများအတွက် Thurgau Travel A အဖွဲ့မှ စီစဉ် ပေးသွားမှာဖြစ်ကြောင်း နိုင်ငံခြား သားခရီးသည်များကိုသာ စီးနင်း ခွင့်ပြုမည်ဖြစ်ရာလိုက်ပါလိုသော နိုင်ငံခြားသားခရီးသွားများအနေ  ဖြင့် ဆွစ်ဇာလန်နိုင်ငံရှိ Thurgau Travel A သို့ www.Thurgautra velch နှင့် Email- Uplandtours @wimaxmail.net.mm သို့မဟုတ်Tel + ၄၁ (0) ၇၁၆၂၆၅၅၀၀ သို့ ဆက်သွယ်နိုင်ကြောင့်း Upland Travels & Tours Co.Ltd မှ ဒါရိုက်တာဦးမျိုးအောင်ထံမှ သိရှိ ရသည်။

ရွှေတိဂုံ စေတီတော်၌ နိုင်ငံခြားသား ဧည့်သည်များ အပြင် ပြည်တွင်း ဘုရားဖူး များပါ ဝိုင်ဖိုင် အခမဲ့ အသုံးပြု နိုင်ရန် ညှိနှိုင်း ဆောင်ရွက်မည်

ရွှေတိဂုံ စေတီတော်တွင် သြဂုတ် ၁၅ ရက်မှစ၍ ဘုရားဖူး လာရင်း အင်တာနက် အသုံးပြုလိုသည့် နိုင်ငံခြားသား များ အတွက် အသုံးပြု နိုင်အောင် ဝါယာလက် ဝိုင်ဖိုင် အင်တာနက် တပ်ဆင် ဆောင်ရွက်ပေးထားကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်ချက်သည် နိုင်ငံခြားသားများအတွက် ဝန်ဆောင်မှုအသစ်ဖြစ်ကာ အခမဲ့ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားခြင်းမျိုး ဖြစ်သည်။ အခမဲ့ အသုံးပြုခွင့် ပေးသည် ဆိုသော်လည်း ကန့်သတ် ချက် အနေဖြင့် နာရီဝက်သာ အသုံးပြုခွင့် ရမည်ဖြစ်ပြီး နာရီဝက်ပြည့်လျှင် အော်တို ရပ်ဆိုင်း သွားရန် စီမံ ဆောင်ရွက် ထားသည်။ ယင်းကန့်သတ်ချက်သည် အစပိုင်း ဖြစ်၍ စမ်းသပ်သည့် သဘော ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝါယာလက် ဝိုင်ဖိုင်အား Crystal Shine ကုမ္ပဏီက လှူဒါန်းခြင်း ဖြစ်ပြီး Acer Product ကွန် ပျူတာ များကို ရွှေလမင်း နဂါး ကုမ္ပဏီက လှူဒါန်းခြင်း ဖြစ်သည်။ ဘုရား တံခါးဖွင့်ချိန်မှ ပိတ်ချိန် အထိ သုံး စွဲနိုင်အောင် တောင်ဘက်မုခ်တွင် ပထမ ဦးစွာ တပ်ဆင် ထားပေးသည်။ တပ်ဆင်ခြင်းကြောင့် ပေါ်ပေါက် လာသော အကျိုးအပြစ်များ အပေါ် မူတည်ပြီး ဘုရားဖူးလာ တိုင်းရင်းသား ပြည်သူများ သုံး စွဲ နိုင်အောင်ပါ ဆောင်ရွက်လျက် ရှိကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်း ပြော ကြားသည်။

Wednesday, November 07, 2012

အောက်တိုဘာလ အတွင်း ရန်ကုန် လေဆိပ်မှ ပြည်ပ ခရီးသွား နှစ်သောင်း နီးပါး ပိုမိုဝင်ရောက်ခဲ့

အောက်တိုဘာ လအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပခရီးသွား ၀င်ရောက်ခဲ့ မှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထက် လူဦးရေ နှစ်သောင်းနီးပါး ပိုမိုများပြား လာတယ်လို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ပြီးခဲ့တဲ့ စက်တင်ဘာ လအတွင်း ပြည်ပခရီးသွား လူဦးရေ သုံးသောင်း ရှစ်ထောင် ကျော်သာ ၀င်ရောက်ခဲ့ပြီး အောက်တိုဘာလမှာတော့ ပြည်ပခရီးသွား ငါးသောင်း ခုနှစ်ထောင် ကျော်အထိ တိုးတက်ဝင်ရောက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ၀င်ရောက်ခဲ့တဲ့ ပြည်ပခရီးသွားများတွေထဲမှာ ထိုင်းနိုင်ငံမှ ခရီးသွားများဟာ အများဆုံး ဖြစ်ပြီး လူဦးရေ တစ်သောင်းကျော်အထိ ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ ၀င်ရောက်မှု အများဆုံးကတော့ ဂျပန်နိုင်ငံမှ ခရီးသွားများဖြစ်ပြီး ခရီးသွား လေးထောင့် သုံးရာ ကိုးဆယ့်ခြောက် ဦးရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် အာရှနိုင်ငံများဖြစ်တဲ့ တရုတ်၊ ကိုရီးယား၊ မလေး၊ စင်္ကာပူ အစရှိတဲ့ နိုင်ငံများမှလည်း ခရီးသွားဝင်ရောက်မှုများ ရှိဖြစ်ပါတယ်။

ဒါ့အပြင် အနောက်ဥရောပ နိုင်ငံများက ခရီးသွားဝင်ရောက်မှုမှာတော့ အမေရိကန် နိုင်ငံမှ အများဆုံး ဖြစ်ပြီး သုံးထောင့် ရှစ်ရာ သုံးဆယ့် ခုနှစ်ဦးနဲ့ အခြားနိုင်ငံ တွေဖြစ်တဲ့ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန် အစရှိတဲ့ နိုင်ငံများမှလည်း ခရီးသွား ၀င်ရောက်မှုများ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလို ပြည်ပ ခရီးသွား ၀င်ရောက်မှု တွေမှာ ကမ္ဘာလှည့် ဗီဇာနဲ့ လာရောက်သူ သုံးသောင်း ခုနှစ်ထောင့် လေးရာကျော် ရှိပြီး ကျန်တဲ့လူဦးရေ ကတော့ အခြားဗီဇာများနဲ့ လာရောက်သူများ ဖြစ်တယ်လို့ သိရပါတယ်။

Source : MRTV4

Thursday, November 01, 2012

မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစားခုနစ်မျိုးကို သက်တမ်းသုံးနှစ်မှ ငါးနှစ်အထိတိုးမြှင့်

မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစားခုနစ်မျိုးကို ယခင်သက်တမ်းသုံးနှစ်သာပေးရာမှ ယခုအခါတွင် ငါးနှစ်အထိတိုးမြှင့်ပြီး နိုဝင်ဘာလ ၁ ရက်နေ့လျှောက်ထားသူများမှစ၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေး ရေးရုံး(ရန်ကုန်)မှ ဌာနခွဲမှူး ရဲမှူး စိုးထွန်းအောင်ထံမှ သိရှိရသည်။ ''ကျွန်တော်တို့ကတော့ သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးပါတယ်။ အဲဒီမှာ သင်္ဘောသား၊ အလုပ်၊စီးပွားရေး၊ ကျောင်းသား၊ ဘာသာရေး၊ အလည်နဲ့ မှီခိုဆိုပြီး အမျိုးအစားခုနစ်မျိုး ထုတ်ပေးပါတယ်။ အဲဒီခုနစ်မျိုးစလုံးကို အရင်သုံးနှစ်သက်တမ်းပေးရာကနေ အခုငါးနှစ်သက်တမ်း တိုးပေးသွားမှာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့မှာ လာလျှောက်တဲ့သူတွေကစပြီး ငါးနှစ်သက်တမ်းရှိတဲ့  နိုင်ငံကူးလက်မှတ်ကို ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။အရင်ကတော့ သင်္ဘောသားပတ်စပို့ကိုပဲ ငါးနှစ်သက်တမ်းပေးခဲ့တာဖြစ်ပါတယ်'' ဟု ရဲမှူးစိုးထွန်းအောင်က ပြောကြားခဲ့သည်။ နိုင်င်ငံကူးလက်မှတ် သက်တမ်းကို ငါးနှစ်တိုးမြှင့်ပေးသော်လည်း   နိုင်ငံကူးလက်မှတ်လုပ်ထုံးလုပ်နည်းများ ပြောင်းလဲခြင်း၊ ငွေကြေးပေးသွင်းမှုများ ပြောင်းလဲခြင်းများမရှိဘဲ ယခင်နှုန်းအတိုင်းသာ ကျသင့်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ''သက်တမ်းကို ငါးနှစ်တိုးပေးပေမယ့် အရင်အတိုင်းပဲ ကုန်ကျမှာ ဖြစ်ပါတယ်။ စာအုပ်သက်တမ်းတိုးလို့ ကျန်တာဘာမှတိုးတောင်းတာ မရှိပါဘူး။ စာအုပ်ဖိုးလည်း အရင်အတိုင်းပါပဲ '' ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

ယခုကဲ့သို့ နိုင်ငံကူးလက်မှတ် တိုးမြှင့်ပေးရခြင်းမှာ ပြည်သူများ အဆင်ပြေစေရန်အတွက် ဖြစ်ကြာင်းကိုလည်း '' ဒီလိုသက်တမ်းတိုးမြှင့်ပေးရတာက ပြည်သူတွေအဆင်ပြေအောင်ဖြစ်ပါတယ်။ အရင်က သုံးနှစ်ပေးတယ်။ ဒါပေမယ့် ဗီဇာလျှောက်ရင် ခြောက်လ သက်တမ်းရှိရမယ်ဆိုလို့ လက်ထဲမှာ  နှစ်နှစ်ခွဲပဲကိုင်ရမယ်။ အခုလက်ထဲမှာ လေးနှစ်ခွဲကိုင်လို့ရတယ်ဆိုတော့ ပိုအဆင်ပြေမှာဖြစ်ပါတယ်'' ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
ယခုကဲ့သို့ နိုင်ငံကူးလက်မှတ် သက်တမ်းကို ငါးနှစ်သို့ တိုးမြှင့်ပေးခြင်းကိုအကြောင်းပြု၍ ကြားခံ ဆောင်ရွက်ပေးသူများက အခြားလုပ်ဆောင်ရမည့်အချက်များ၊ စာအုပ်ဖိုးပေးသွင်းရာတွင် ယခင်ပေးသွင်းရသည့်နှုန်းထက် ပိုမိုပေးသွင်းရသည်ဟု ပြောဆိုမှုများကိုလည်း    နိုင်ငံကူးလက်မှတ် လျောက်ထားသူများ အနေဖြင့် သတိထားရန်လိုအပ်ပြီး     နိုင်ငံကူးလက်မှတ် လုပ်ဆောင်ရာတွင် လိုအပ်သည့်အချက်များ၊ ပေးသွင်းရသည့် ငွေကြေးကုန်ကျမှုများကိုလည်း အများပြည်သူများ သိရှိနိုင်ရန် ဆောင်ရွက်ပေးထားသည်ဟု သိရှိရသည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ  ဇူလိုင်လကုန်အထိ ခုနစ်လတာကာလအတွင်း နိုင်ငံကူးလက်မှတ် တစ်သိန်း နှစ်သောင်းကျော် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

Source : News Eleven