Saturday, November 24, 2012

ကိုလိုနီခေတ် မြန်မာ့မီးရထားရုံး အဆောက်အအုံကို ကြယ်ငါးပွင့် ဟိုတယ်အဖြစ် ပြောင်းမည်

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ မြန်မာ့မီးရထားရုံး အဆောက်အအုံဟောင်းကို မူလလက်ရာ မပျက်စေဘဲ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်အဖြစ် ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းကို လုပ်ဆောင်မည့် စင်ကာပူအခြေစိုက် Yoma Strategic Holdings ကုမ္ပဏီမှ ပြန်ကြားရေးတာဝန်ခံ ဒေါ်ခင်သူသူက နိုဝင်ဘာ ၂၀ ရက်နေ့က ပြောကြားခဲ့သည်။ ၁၈၇၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ရန်ကုန်မြို့လယ်ကောင်တွင် တည်ရှိကာ ကိုလိုနီခေတ် လက်ကျန်ရှေးဟောင်း အဆောက်အအုံဟောင်း ဖြစ်သည့် အဆိုပါ မြန်မာ့မီးရထားရုံးချုပ် အဆောက်အအုံဟောင်းကို စင်ကာပူရှိ Raffles ဟိုတယ်ပုံစံ ပြောင်းလဲပြင်ဆင်သွားမည်ဟု Yoma Strategic Holdings က နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဗိုလ်ချုပ်လမ်းမပေါ်ရှိ FMI အဆောက်အအုံ၊ ဂရင်းမီးရထားဟိုတယ်နှင့် မြန်မာ့မီးရထား အဆောက်အအုံများ ပါဝင်သော မြေဧရိယာ ၁၀ ဧကခန့် (စတုရန်းပေ နှစ်သန်းခန့်)ပေါ်တွင် ကြယ်ငါးပွင့်အဆင့်ရှိ ကွန်ဒိုမီနီယံနှင့် ဟိုတယ်၊ ကြယ်လေးပွင့် အဆင့်ရှိ ဟိုတယ်နှင့် လက်လီစတိုးဆိုင်၊ အခြားအထပ်မြင့် ရုံးအဆောက်အအုံနှစ်ခုတို့ ပါဝင်သော အမေရိကန်ဒေါ်လာ သန်း ၃၃၀ ခန့် ကုန်ကျမည့် စီမံကိန်းကြီးကို အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြပါရှိသည်။ အဆိုပါ နေရာများကို ပိုင်ဆိုင်သော SPA- Serge Pun & Associates (Myanmar) ကုမ္ပဏီ၏ လက်အောက်ခံ မီးရထားနိုင်ငံတကာ ဟိုတယ်လီမိတက် (Meeyahta International Hotel Ltd.) ၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်း (တန်ဖိုး အမေရိကန်ဒေါ်လာ ၈၁ သန်းခန့်) ကို ဝယ်ယူခဲ့ကြောင်း ဖော်ပြထားသည်။ “ဒီအဆောက်အအုံက ရန်ကုန်မှာ တော်တော်ရှားပါးတဲ့ ဂဝံအဆောက်အအုံဆိုတော့ သေသေချာချာ ထိန်းသိမ်းသင့်တယ်။ သူတို့ဘက်က သေချာပြင်မယ် ဆိုရင်တော့ ကောင်းတာပေါ့။ ဟိုတယ်လုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီေးတာ့ ဘာမှ မပြောလိုတော့ပါဘူး” ဟု သမိုင်းပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားသည်။ နိုင်ငံရေးအရ ပွင့်လင်းမြင်သာမှု ရှိလာခြင်းနှင့် နိုင်ငံတကာမှ အရေးယူပိတ်ဆို့မှုများ လျှော့ချလိုက်ခြင်းတို့ကြောင့် နိုင်ငံတကာမှ ဧည့်သည်များ ပိုမိုဝင်ရောက်လာသော်လည်း ရန်ကုန်မြို့တွင် ဟိုတယ်အခန်းပေါင်း ၈၀၀၀ ခန့်သာရှိပြီး နိုင်ငံတကာအဆင့်မီ အခန်းအရေအတွက် ၁၅၀၀ နှင့် ၂၅၀၀ ကြားသာ ရှိသောကြောင့် အဆင့်မြင့်ဟိုတယ်များ တည်ဆောက်၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သင့်ကြောင်း ကမ္ဘာကျော် Jones Lang LaSalle Hotels မှ သုတေသနပြု ထုတ်ပြန်သော Hotel Intelligence Report-Market Insight Yangon စာတမ်းတွင် ဖော်ပြထားသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.