Thursday, December 13, 2012

မြန်မာ့လေကြောင်း လက်မှတ်ရောင်း စနစ်ချဲ့ထွင်မည်

မြန်မာ့လေကြောင်း၏ လက်မှတ်ရောင်းချမှု ပုံစံပြောင်းလဲရန်အတွက် ဘဏ်များနှင့် ချိတ်ဆက် လုပ်ကိုင်နေကြောင်း မြန်မာ့လေကြောင်းမှ သိရသည်။ e-Ticket စနစ်ဖြင့် ရောင်းချသွားနိုင်ရန် စီစဉ်နေခြင်း ဖြစ်ပြီး အဆိုပါ စနစ်အတွက် ဆော့ဖ်ဝဲများ ထည့်သွင်းခြင်းနှင့် နက်ဝပ်ချိတ်ဆက်ခြင်း များကို ဆောင်ရွက် ထားပြီး ဖြစ်ကြောင်း သိရသည်။ “ဘဏ်အကောင့်စနစ်နဲ့ ချိတ်လို့မရသေးလို့ မပြောင်းရသေးတာ။ ဘဏ်မှာဗီဇာကတ်၊ ခရက်ဒစ်ကတ်တွေ အသုံးပြုနိုင်ပြီး ဘဏ်တွေ လုပ်နိုင်ပြီဆိုရင် အီးတိကက်ရောင်းလို့ရပြီ” ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ငွေချေသည့် စနစ်မရရှိသေးခြင်းကြောင့် လက်မှတ်ရောင်းချမှုအား မြန်မာ့လေကြောင်း လက်မှတ်အရောင်း ဌာနများတွင် သာဝယ်ယူနိုင်သေးကြောင်း၊ အီးတိကက်စနစ် ဖြစ်ပေါ်လာပါက ပြင်ပ လေယာဉ်လက်မှတ် အရောင်းဌာနများတွင်ပါ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့လေကြောင်း၏ လက်မှတ်ခများကို ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်၍ ဈေးနှုန်းပြောင်းလဲ သတ်မှတ်ခဲ့ပြီး ခရီးစဉ်အလိုက် ကျပ် ၁၀၀၀ မှ ကျပ် ၅၀၀၀ အထိ မြင့်တက်သွားကြောင်း သိရသည်။ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်မှ စတင်ကာ အစိုးရဝန်ကြီးဌာနများ အနေဖြင့် ကိုယ့်ဝန်ကြီးဌာနအလိုက် ဝင်ငွေရှာဖွေသုံးစွဲရမည်ဟု သတ်မှတ်လိုက်ခြင်းကြောင့် မြန်မာ့လေကြောင်း အနေဖြင့် စီးပွားဖြစ်ဝင်ငွေ ရှာနိုင်သောလေကြောင်း တစ်ခုအဖြစ် ရပ်တည်သွားရန် ရှိကြောင်းသိရသည်။ ပုဂ္ဂလိက လေကြောင်း လိုင်းများသည် လေယာဉ်လက်မှတ် အရောင်းဌာနများနှင့်သာ ချိတ်ဆက်ရောင်းချ ကြပြီး ရောင်းချရသည့် ပမာဏအလိုက် အချိုးကျခွဲဝေပေးကြောင်း၊ မြန်မာ့လေကြောင်းသည် ကိုယ်ပိုင်လက်မှတ် အရောင်းဌာနဖြင့်သာ ရောင်း ချပြီး လေယာဉ်လက်မှတ် အရောင်းဌာနများနှင့် ချိတ်ဆက် ရောင်းချနိုင်ခြင်း မရှိသေးကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.