Friday, December 07, 2012

မြန်မာ့ပထမဦးဆုံး သန့်စင်ခန်းပါ ရွှေနန်းတော် အဝေးပြေး ကားသစ်များ ပြေးဆွဲတော့မည်

ရွှေနန်းတော် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းမှ မြန်မာ့ခရီးသွား ဧည့်သည်များ သက်သာလွယ်ကူ အဆင်ပြေစွာဖြင့် ခရီးသွားလာနိုင်ရေးအတွက် နိုင်ငံတကာအဆင့်မီ အဝေးပြေးကားများဖြင့် ရန်ကုန်-မန္တလေး ခရီးစဉ်ကို မေလတွင် စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အသုံးပြုထားသော ကားများမှာ Young Man Company ၏ ဂျာမနီနည်းပညာဖြင့် ထုတ်လုပ်ထားသော ကားသစ်များ ဖြစ်သည့်အပြင် မြန်မာ့ပထမဦးဆုံး သန့်စင်ခန်း ပါဝင်သောကားများ ဖြစ်သောကြောင့် ခရီးသည်များသည် ကျန်းမာရေးအတွက် အဆင်ပြေစေနိုင်သည်။ ကားအတွင်းတွင်လည်း လေယာဉ်ထိုင်ခုံများကဲ့သို့ ကျယ်ဝန်းပြီး သက်သောင့်သက်သာ ရှိစေသည့် ထိုင်ခုံများကို ထည့်သွင်း တပ်ဆင်ထားသည်။ ခရီးသည်များ စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုက်ပါစီးနင်းနိုင်မည် ဖြစ်သည်။ ထို့အပြင် ခရီးသည်များ အဆာပြေ စားနိုင်ရန်အတွက် ကော်ဖီ၊ အအေးနှင့် မုန့်များစသော အစားအသောက်များကိုလည်း ပြည့်စုံစွာ စီစဉ်ပေးထားပါသည်။ အအေးမခံနိုင်သော ခရီးသည်များအတွက် စောင်များထားရှိပေးခြင်း၊ လူခေါ်ဘဲလ်များ တပ်ဆင်ထားခြင်းကြောင့် လိုအပ်ပါက ဘဲလ်တစ်ချက်နှိပ်ရုံဖြင့် အဆင်ပြေစေနိုင်သည်။ ကျွမ်းကျင်သော ယာဉ်မောင်းများ ငှားရမ်းထားရှိခြင်း၊ ယာဉ်မထွက်ခင် ယာဉ်မောင်းများ အရက်သေစာ သောက်စားထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ ကား၏ ခိုင်ခံ့စွာ တည်ဆောက်ထားခြင်းတို့ကြောင့် ခရီးသည်များအား လုံခြုံမှုကို ပေးနိုင်သည်။ လက်မှတ်များ မှာယူရာတွင် နောက်ဆုံးပေါ် နည်းပညာများ အသုံးပြုရေးဆွဲထားသော Central Ticketing System ကို အသုံးပြုသွားမည်ဖြစ်သည်။ ၎င်း System မှာ မြန်မာနိုင်ငံ အဝေးပြေးလမ်းမကြီးများရှိ တိုးဂိတ်နှင့် အခြားအစိုးရ စီမံကိန်းများအတွက် Software များ ရေးဆွဲပေးသော ထိပ်တန်း Programmer ရေးဆွဲပေးထားသောကြောင့် ယုံကြည်စိတ်ချနိုင်သည်။ မကြာမီ အချိန်အတွင်းတွင် Online Ticketing System ကို အသုံးပြုကာ လက်မှတ်များကို တစ်ဆင့်မှာယူနိုင်ရန် စီစဉ်ထားသည်။ ခရီးသည်များကို ကျေးဇူးတုံ့ပြန်သောအားဖြင့် Reward Card Program ကို စီစဉ်ထားသည်။ ၎င်းအစီအစဉ်တွင် ခရီးသည်များ အနေဖြင့် ခရီးသည်၏ အမည်နှင့် ခရီးသွား အကြိမ်အရေအတွက်ကို Points များဖြင့် မှတ်ထားပေးမည့် Card တစ်ခု ရယူခြင်းအားဖြင့် အဖွဲ့ဝင်ဖြစ်လာပြီး တစ်ကြိမ် စီးနင်းလိုက်ပါတိုင်း လက်မှတ်အရောင်းဌာနတွင် ပြကာ 10 Points ရယူနိုင်ပါသည်။ မိမိရရှိထားသော Points များဖြင့် ipod, Note book, LCD TV နှင့် ထိုင်းနိုင်ငံသို့ အလည်အပတ် ခရီးစဉ် အစရှိသော လက်ဆောင်ပစ္စည်းများဖြင့် လဲလှယ်သွားနိုင်မည်။ လက်ဆောင် လဲလှယ်နိုင်သည့် သူများကို ‘ရွှေနန်းတော်’ Facebook နှင့် Website တွင် လစဉ်ကြော်ငြာ ပေးသွားမည်။ ခရီးသည်များအတွက် Member card များမှာ Silver Membership Card နှင့် Gold Membership Card ဟု နှစ်မျိုးခွဲထားပြီး အရေအတွက် များလာသည့် ခရီးသည်များကို Gold Membership အဖြစ် ပြောင်းလဲ ပေးသွားမည်။ ယင်းကတ်ကို ရယူခြင်းအားဖြင့် လက်မှတ်ကို ကိုယ်တိုင်သွားရောက် ဝယ်ယူရန် မလိုဘဲ ကြိုတင်မှာယူနိုင်ခြင်း၊ အခါအားလျော်စွာ အထူးဈေးနှုန်းဖြင့် လိုက်ပါစီးနင်းနိုင်ခြင်း စသော အကျိုးခံစားခွင့်များ ရရှိနိုင်သည်။ ဝန်ထမ်းများကိုလည်း ကျန်းမာရေး၊ ပညာရေးနှင့် ငွေကြေးအစရှိသော လိုအပ်သော အကူအညီများ ပေးထားသည်။ မိမိ၏ ခရီးသွားဧည့်သည်များနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များကို အစဉ်တစိုက် ကူညီဖြည့်ဆည်း ပေးခြင်းအားဖြင့် မိမိ၏ လုပ်ငန်းအပေါ်တွင်လည်း ယုံကြည်အားထားကာ အစဉ်လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ ယဉ်ကျေးသော ဝန်ထမ်းများဖြင့် ခရီးသွားများကို ဆက်ဆံရေးကအစ ပြေပြစ်ချောမွေ့စွာ ဆောင်ရွက်ပေးသွားမည်ဟု သိရှိရကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်

Source : Khit Lu Nge 

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.