Thursday, December 20, 2012

ရန်ကုန်-နေပြည်တော်-ရန်ကုန် ပြေးဆွဲနေသော ညအမြန်ရထား ဒီဇင်ဘာ ၂၁ ရက်မှ စတင်၍ ပျဉ်းမနား ဘူတာတွင် ရပ်တန့်ပေးမည်

မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်-မန္တလေး ပြေးဆွဲနေသော အမှတ်(၅) အဆန်၊ (၆) အစုန်အမြန်ရထားများနှင့် ရန်ကုန်-နေပြည်တော် ပြေးဆွဲနေသော အမှတ်(၃၁)အဆန်၊ (၃၂) အစုန် အမြန်ရထားများကို ဖေဖော်ဝါရီ ၁ ရက်မှစ၍ လည်းကောင်း၊ နေပြည်တော်-ပုဂံ ပြေးဆွဲနေသော အမှတ်(၁ဝ၇) အဆန်၊ (၁ဝ၈) အစုန် အမြန်ရထားများကို ခရီးသွားများ ပိုမိုအဆင်ပြေစေရေးအတွက် ပျဉ်းမနားဘူတာတွင် ဒီဇင်ဘာ ၁၁ ရက်မှစ၍ လည်းကောင်း ရပ်တန့်ပေးလျက်ရှိသည်။ ယခုအခါ နေပြည်တော် ပျဉ်းမနားနှင့် နေပြည်တော် လယ်ဝေးမြို့နယ် များမှ ခရီးသွားပြည်သူများနှင့် ဝန်ထမ်းများ၏ တောင်းဆိုမှုများအရ ရန်ကုန်-နေပြည်တော်-ရန်ကုန် ညအမြန် ရထားဖြစ်သော အမှတ်(၇) အဆန်၊ (၈) အစုန်အမြန်ရထားများကိုပါ ဒီဇင်ဘာ ၂၁ ရက်မှစ၍ ပျဉ်းမနားဘူတာ၌ ထပ်မံ ရပ်တန့်ပေးသွားမည် ဖြစ်သည်။ အမှတ်(၇)အဆန် အမြန်ရထားသည် ရန်ကုန်ဘူတာမှ ည ၈ နာရီခွဲတွင် ထွက်ခွာပြီး ပျဉ်းမနားဘူတာသို့ နောက်တစ်နေ့ နံနက် ၅ နာရီ ၂၄ မိနစ်တွင် ရောက်ရှိကာ ၅ နာရီ ၂၆ မိနစ်တွင် ဆက်လက်ထွက်ခွာပြီး နေပြည်တော်ဘူတာသို့ နံနက် ၆ နာရီတွင် ရောက်ရှိမည် ဖြစ်သည်။ အလားတူ အမှတ်(၈) အစုန် အမြန်ရထားသည် နေပြည်တော်ဘူတာမှ ည ၈ နာရီတွင် ထွက်ခွာ၍ ပျဉ်းမနားဘူတာသို့ ည ၈ နာရီ ၃၂ မိနစ်တွင် ဆိုက်ရောက်ကာ ၈ နာရီ ၃၄ မိနစ်တွင် ဆက်လက်ထွက်ခွာပြီး ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၅ နာရီခွဲတွင် ရောက်ရှိမည် ဖြစ်သည်။ ပျဉ်းမနားဘူတာတွင် အမှတ်(၇) အဆန်၊ (၈)အစုန် အမြန်ရထား ရပ်တန့်ပေးမည့် အစီအစဉ်ကို ခရီးသွားပြည်သူများ အချိန်မီသိရှိစေရေးအတွက် မြန်မာ့မီးရထားမှ သက်ဆိုင်ရာ နယ်မြေ ဘူတာများတွင် ကြိုတင်အသိပေး ကြေညာထားကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.