Friday, January 25, 2013

ဗုဒ္ဓဂယာဘုရားဖူး ခရီးစဉ်များအား သာသနာရေး ဝန်ကြီးဌာနမှ ခရီးသွားကုမ္ပဏီများသို့ တရားဝင်လုပ်ကိုင်ခွင့်ပေးပြီ

ဗုဒ္ဓဂယာဘုရားဖူး ခရီးစဉ်များအား သာသနာရေး ဝန်ကြီးဌာနမှ ခရီးသွားကုမ္ပဏီများသို့ တရားဝင် လုပ်ကိုင်ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်ကျော်က ပြောကြားလိုက်သည်။ ဗုဒ္ဓဂါယာ ခရီးစဉ်နှင့် ပတ်သက်ပြီး ယခင်က သာသနာရေး ဝန်ကြီးဌာနနှင့် တရားဝင် ခွင့်ပြုချက် ရထားသည့် ကုမ္ပဏီ ငါးခုသာရှိပြီး ယခုနှစ် ဇန်နဝါရီ ၃ ရက်မှ စတင်ကာ ခရီးသွားကုမ္ပဏီများကို တရားဝင် လုပ်ကိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ “ဘုရားဖူးလုပ်ငန်းက အခုကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်နေတာ ရှိပါတယ်။ လုပ်ငန်းလိုင်စင်နဲ့ လုပ်ဖို့ ဝန်ကြီးဌာနက သဘောထားရှိပြီးသား ဖြစ်ပါတယ်။ အားလုံးဟာ တရားဝင်လိုင်စင်နဲ့ လုပ်သွားမယ်ဆိုရင် ခရီးသွားများဟာ မိမိတို့ ရသင့်ရထိုက်တဲ့ အခွင့်အလမ်းများကို ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်း စည်းကမ်းတွေနဲ့အညီ ရရှိသွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အသင်းကလဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာအောင်မြတ်ကျော် က ပြောသည်။ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ အဆိုပါ ခရီးစဉ်အား လုပ်ကိုင်ခွင့်ပြုပါရန် ဒီဇင်ဘာလ ၁၈ ရက်က တောင်းဆိုခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှ ထပ်ဆင့်ထောက်ခံပေးခဲ့ကာ သာသနာရေးဝန်ကြီးဌာန အနေဖြင့် ယခုနှစ် ဇန်နဝါရီလတွင် ခွင့်ပြုလိုက်ကြောင်း သိရသည်။ “ဟိုအရင် ဘုရားဖူး ခရီးစဉ်တွေက နားလည်မှုနဲ့ လုပ်ကြတယ်။ သာသနာရေးဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ အဖွဲ့ငါးဖွဲ့ကပဲ ဗုဒ္ဓဂယာလို့ သတင်းစာမှာ ကြော်ငြာခွင့်ရှိတယ်။ ကျန်တာတွေက ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်လို့ ကြော်ငြာလို့ မရဘူး၊ အခုလက်ရှိ အဖွဲ့ပေါင်း ၇၂ ဖွဲ့ရှိတယ်။ ဒီလိုဖြစ်လာတဲ့အတွက် ဈေးပြိုင်စနစ်တွေ ဖြစ်လာတယ်။ တချို့အဖွဲ့တွေဆို ထွက်တောင် မထွက်နိုင်ဘူး။ ခရီးသွားပတ်စပို့ကလဲ လွယ်သွားပြီဆိုတော့ ခရီးသွားကြပါတယ်။ အခုဆို ဗုဒ္ဓဂယာမှာ နေထိုင်စရာတောင် မရှိတော့ဘူး၊ ဘုရားဖူးခရီးသည်တွေ ဘုရားဖူးခရီးစဉ်တွေကို မှန်ကန်အောင် ရွေးချယ်သင့်ပါတယ်” ဟု မဟာတိုးဗုဒ္ဓဂယာ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုနှစ်တွင် ဗုဒ္ဓဂယာဘုရားဖူး ခရီးသည် ၁၄၀၀၀ ကျော် မြင့်တက်လာပြီး ယမန်နှစ်က ခရီးသည် ၇၀၀၀ ဝန်းကျင်သာ ရှိကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.