Wednesday, January 09, 2013

နိုင်ငံတကာသုံး ငွေပေးချေကတ် VISA, Master အပြင် CUP နှင့် JCB ကတ်လေးမျိုးစလုံး ၂၀၁၃ မတ်လတွင် အသုံးပြုနိုင်တော့မည်

နိုင်ငံတကာသုံး ငွေပေးချေကတ်များဖြစ်သည့် VISA, Master အပြင် CUP နှင့် JCB ကတ်လေးမျိုးစလုံး ၂၀၁၃ မတ်လတွင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် VISA နှင့် Master ကတ်များကို ပြည်တွင်း ပုဂ္ဂလိကဘဏ် သုံးဘဏ်တွင် အသုံးပြုလျက်ရှိပြီး တရုတ်နိုင်ငံသုံး China Union Pay နှင့် ဂျပန်နိုင်ငံသုံး JCB ကတ်များကို မြန်မာပေးမန့်ယူနီယံ အဖွဲ့ဝင်ဘဏ်များတွင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ “အခု VISA နဲ့ Master ကတ်တွေ သုံးလို့ရနေပါပြီ။ ဒီလကုန်မှာ CUP ကို MPU ကတ်အဖွဲ့ဝင်ဘဏ် ၁၇ ခုလုံးမှာ သုံးနိုင်ပါမယ်။ JCB ကတ်ကတော့ မတ်လလောက်မှာ သုံးနိုင်ပါမယ်” ဟု မြန်မာပေးမန့်ယူနီယံ ကော်မတီ အတွင်းရေးမှူး ဦးရဲမင်းဦးက ပြောသည်။ လက်ရှိတွင် VISA ကတ်များကို သမဝါယမဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်နှင့် ကမ္ဘောဇဘဏ်များတွင် အသုံးပြုလျက်ရှိပြီး Master ကတ်များကို သမဝါယမဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ်တို့တွင် အသုံးပြုလျက်ရှိသည်။ MPU ကော်မတီ အဖွဲ့ဝင် ပြည်တွင်း ပုဂ္ဂလိကဘဏ် ၁၇ ဘဏ်တွင်မူ နိုင်ငံတကာသုံး ငွေပေးချေသုံးကတ်များ ဖြစ်သည့် CUP ကတ်နှင့် ဂျပန်နိုင်ငံသုံး ဂျပန်ခရက်ဒစ်ဗျူရို JCB ကတ်များ အသုံးပြုကာ မြန်မာကျပ်ငွေများ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါကတ်များဖြင့် မြန်မာပေးမန့်ယူနီယံ အဖွဲ့ဝင်ဘဏ်များဖြစ်သည့် ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၇ ဘဏ်ရှိ အေတီအမ်စက်များတွင် ငွေထုတ်ယူနိုင်မည်ဖြစ်ပြီး ဈေးဝယ်စင်တာများရှိ POS စနစ်များတွင်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာပေးမန့်ယူနီယံ ကော်မတီ အနေဖြင့် ပထမ အဆင့်တွင် နိုင်ငံတကာသုံး ကတ်များကို ပြည်တွင်း၌ အသုံးပြုနိုင်ရန်၊ ဒုတိယအဆင့်တွင် ပြည်တွင်းပုဂ္ဂလိက ဘဏ်များမှ အဆိုပါ နိုင်ငံတကာသုံး ကတ်များကို ထုတ်ပေးရန်နှင့် တတိယအဆင့်တွင် မြန်မာပေးမန့်ယူနီယံ ကတ်များကို နိုင်ငံတကာတွင် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာပေးမန့်ယူနီယံကတ် ကော်မတီအဖွဲ့တွင် ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၇ ဘဏ်မှာ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ သမဝါယမဘဏ်၊ မြန်မာအရှေ့တိုင်း ဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြဝတီဘဏ်၊ အင်းဝဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ စည်ပင်သာယာဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်တို့ ပါဝင်ပြီး မြန်မာအရှေ့တိုင်းဘဏ် ဥက္ကဋ္ဌ ဦးမြသန်းမှ ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက အတွင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.