Friday, March 29, 2013

ဖိုးကျား အပန်းဖြေ ဆင်စခန်းနှင့် ဆင်ပြကွက် ပြည်ပ ဧည့်သည်များ စိတ်ဝင်တစား လေ့လာ ကြည့်ရှု

ပဲခူးတိုင်း ဒေသကြီး ရေတာရှည် မြို့နယ် သာဂရမြို့ အနောက် ၁ဝ မိုင်ရှိ ဖိုးကျား အပန်းဖြေ ဆင်စခန်းသို့ယခုနှစ် ပွင့်လင်းရာသီကာလတွင် ကမ္ဘာလှည့် ခရီးသွားများမပြတ် လာရောက် လည်ပတ်လျက်ရှိကြောင်း သိရသည်။ ရန်ကုန်- နေပြည်တော် အမြန်လမ်းမှဆိုလျှင် ၃ မိုင်ခွဲခန့်သာ ကွာဝေးသဖြင့် ခရီးသွားများ ဝင်ရောက်လျက်ရှိခြင်း ဖြစ်သည်။

သဘာဝသစ်တောဖြင့် တည်ဆောက်ထားသည့် ဖိုးကျား အပန်းဖြေ ဆင်စခန်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့် အာရှဂရင်း ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း၍ ၂ဝဝ၅ ခုနှစ်က စတင် တည်ဆောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အဆိုပါ အပန်းဖြေစခန်းသို့ ဥရောပအလယ်ပိုင်းနိုင်ငံများ ဖြစ်သည့် ပြင်သစ်၊ စပိန်၊ဂျာမနီ၊ ပေါ်တူဂီနှင့် ရုရှားအရှေ့ဖျား အစရှိသည့် နိုင်ငံများမှ အများဆုံး လာရောက်သည်ဟု စခန်းတာဝန်ခံ မန်နေဂျာထံမှ သိရသည်။ ဆင်စခန်းသို့ ရောက်ရှိသည့် ပြည်ပဧည့်သည်များသည် တောတောင်များအတွင်း ဆင်စီးခြင်း၊ ဆင်ဖြင့် သစ်ဆွဲခြင်း၊ အစွယ်ဖြင့် သစ်တုံးကို မပြခြင်းနှင့် အခြားသော ဆင်ပြကွက်များကို စိတ်ဝင်တစား ကြည့်ရှု လေ့လာကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသွားများ ဝင်ရောက်ခြင်းမှာ ပိုမို များပြားလျက်ရှိရာ ရေမြေတောတောင် သဘာဝ အနေအထားအရ လှပသည့်    ဖိုးကျား ဆင်စခန်းအား တိုးချဲ့ တည်ဆောက်ခြင်းအပြင် ပတ်ဝန်းကျင် ဒေသခံများ၏ သဘာဝအလျောက် နေထိုင်မှုများကို တစ်ဆက်တစ်စပ်တည်း ထည့်သွင်း ပြသရန် လုပ်ဆောင်ပါက ပိုမို အကျိုး ရှိနိုင်ကြောင်း ဧည့်လမ်းညွှန် တစ်ဦးက သုံးသပ် ပြောဆိုခဲ့ကြောင်း သိရသည်။

Source : Mya Waddi

Thursday, March 07, 2013

ကမ္ဘာ့ရှားပါး စာရင်းဝင် ဧရာဝတီလင်းပိုင် မြန်မာတွင် ၅၁ ကောင်သာ ကျန်ရှိတော့

မြန်မာနိုင်ငံတွင် နောက်ဆုံးကွင်းဆင်း လေ့လာထားသော စာရင်းအရ ဧရာဝတီလင်းပိုင်ကောင်ရေ ၇ဝ ကျော်မှ ၅၁ ကောင်သာ ရှိတော့ကြောင်း ပတ်ဝန်းကျင်မျိုးသုဉ်း ရေနေသတ္တဝါများ ထိန်းသိမ်းရေးဌာနမှ သိရသည်။
”ဒေသခံတွေ ပြောစကားက တော့ ဘက်ထရီရှော့တိုက် ဖမ်းကြ တာအပြင် ငါးကြီးတွေနဲ့ လင်းပိုင် ကို မှားပြီး ဖမ်းကြတာလို့ ပြော တယ်။ အခြား ဘယ်လို အကြောင်း တွေကြောင့် လျော့ကျလဲဆိုတာ ကိုတော့ အခြေအနေပေးခဲ့ရင် နောက်ထပ်တစ်ခေါက် survey ဆင်းဖြစ်ရင် ထပ်လေ့လာဦးမှာပါ” ဟု ယင်းဌာနမှ တာဝန်ခံ ဦးဟန်ဝင်း က ပြောသည်။ ၄င်းတို့သည် တစ်လတွင် နှစ်ခေါက်ခန့် လင်းပိုင် ထိန်းသိမ်းရေး ဧရိယာတွင် လင်းပိုင်ကောင်ရေကို ကွင်းဆင်းစစ်ဆေးပြီး အပိုင်း ၃ ပိုင်း ခွဲခြားထားကာ စစ်ကိုင်းတိုင်း ဒေသကြီးမှ ကျောက်မြောင်းတွင် ယခင် ၂၂ ကောင်မှ ယခု ၁၉ ကောင်၊ သပိတ်ကျင်းမှ ရွှေကူမြို့ တွင်ယခင် ၃၇ ကောင်မှ ယခု ၂၇ ကောင်၊ ဗန်းမော်တွင် ယခင် ၈ ကောင် မှ ယခု ၅ ကောင်ပေါင်း ၅၁ ကောင်သာ ကျန်ရှိတော့ကြောင်း သိရသည်။
ယခုအခေါက်တွင် ဖေဖော်ဝါ ရီ ၈ ရက်မှ ၁၈ ရက်အထိ လေ့လာခဲ့ပြီးဆင့်ခမ်းရွာမှ ဗန်းမော်ကိုမူ တစ်နှစ်တစ်ခေါက်သာ လေ့လာသော်လည်း ယခုအခေါက်တွင် လုံခြုံရေး အခြေအနေအရ မြစ်ခွဲ များသို့ မဝင်နိုင်ခဲ့၍ အခြေအနေပေး ပါက ထပ်မံ လေ့လာမည်ဖြစ် ကြောင်း သိရသည်။
”လျော့ကျတဲ့ ကောင်ရေတွေကို သေဆုံးတာလား၊ ပျောက်နေတာလားဆိုတာကို မြစ်ခွဲတွေ မဝင် ခဲ့ရတော့ အတိအကျ ပြောရခက်တယ်” ဟု ဦးဟန်ဝင်းက ထပ်မံ ပြောသည်။
ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး နယ်မြေကို ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ပြီး ထိုထိန်းသိမ်းရေး နယ်မြေသည် စစ်ကိုင်းနှင့် မန္တလေး အကြား ဧရာဝတီမြစ် အစိတ် အပိုင်း၊ မင်းကွန်းနှင့် ကျောက် မြောင်းမြို့အကြား ၇၄ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိသည်။
ဧရာဝတီလင်းပိုင်မှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်စသော မဲခေါင်ဒေသအတွင်း၌ ရှင်သန်ကြပြီး မျိုးသုဉ်းပျောက် ကွယ်နိုင်သော အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။


မိုးငယ်
Source : Popular Myanmar

မြန်မာပြည်တွင် Hilton ဟိုတယ် ဖွင့်မည်

ရန်ကုန်မြို့တွင် အခန်းပေါင်း ၃၀၀ ပါ အဆင့်မြင့် Hilton Yangon ဟိုတယ်ကို ၂၀၁၄ ခုနှစ်အမီ ဖွင့်လှစ်မည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။ ယင်းဟိုတယ်ကို LP Holding ကုမ္ပဏီလီမိတက်နှင့် ပူးတွဲတည်ဆောက်မည် ဖြစ်ပြီး၊ အထပ်ပေါင်း ၂၅ ထပ်ပါ Tower အဆောက်အဦမျိုး တည်ဆောက်ရန် မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် သဘောတူညီချက် ရရှိထားကြောင်း သိရသည်။ LP Holding ကုမ္ပဏီ လီမိတက်ကဲ့သို့ ခိုင်မာသည့် ကုမ္ပဏီနှင့် အတူတွဲကာ ရန်ကုန်တွင် နိုင်ငံတကာ အသိအမှတ်ပြု Hilton Yangon ဖွင့်လှစ်ရန် ယုံကြည်မှု အပြည့်ရှိကြောင်း၊ ပြည်တွင်းရော ပြည်ပခရီးသွားများအတွက်ပါ အရည်အသွေးမီ ကောင်းမွန်သည့် ဟိုတယ်ဖြစ်ရန် စီစဉ်ထားကြောင်း Hilton Worldwide ၏ ဒုတိယဥက္ကဋ္ဌ Andrew Clough က ပြောသည်။ လက်ရှိ ရန်ကုန်တွင် ဟိုတယ်ခန်း ၈၀၀၀ ခန့်ရှိကြောင်း၊ သို့သော် ထက်ဝက်ခန့်သာ နိုင်ငံတကာ အဆင့်မီကြောင်း၊ ယင်းဟိုတယ် လာရောက် ဖွင့်လှစ်ခြင်းအားဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ ၂၀၁၄ ခုနှစ် ရည်မှန်းချက်ဖြစ်သော ဟိုတယ်ခန်း ၁၅၀၀ ထပ်တိုးရေးကို အထောက်အကူ ဖြစ်စေမည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ထွန်းကို ကိုးကား၍ ဖော်ပြထားသည်။ နိုင်ငံခြားခရီးသွား ရောက်ရှိမှုသည် မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည့် ၂၀၁၁ မှစကာ တိုးတက်လာခြင်းဖြစ်ပြီး ၂၀၁၂ တွင် ၃၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။

Source : Irrawaddy

မြဝတီဂိတ်မှ ကျိုက်ထီးရိုးအထိ ထိုင်းဧည့်များအား ဝင်ခွင့် ပြုတော့မည်

ထိုင်းနိုင်ငံသားများ မြဝတီဂိတ်မှတစ်ဆင့် ဝင်ရောက်ခွင့်ကို မိုင် ၁ဝဝ ကျော်အထိ တိုးမြှင့်သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောသည်။ ယခုနှစ် ဧပြီလပိုင်းတွင် ခွင့်ပြုနိုင်ရန် နှစ်နိုင်ငံ ဆက်သွယ်ဆောင် ရွက်နေပြီးမြဝတီမှဘားအံ- ကျိုက် ထို- သထုံ-ကျိုက်ထီးရိုး စေတီတ်ာအထိ သွားရောက်နိုင်မည် ဖြစ်သည်။ မြဝတီတွင်သာမက အခြား ထိုင်း-မြန်မာနယ်စပ်ဂိတ်များ ဖြစ်ကြသည့် တာချီလိတ်၊ ဘုရားသုံးဆူနှင့် ကော့သောင်း ဂိတ်များအားလုံး တွင်လည်း ဝင်ရောက်ခွင့်နယ်နိမိတ်များကို နှစ်နိုင်ငံစလုံးမှ ရှိရင်းစွဲထက် ပိုမိုချဲ့ထွင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ ဆက်လက်ညှိနှိုင်းနေကြပြီး မကြာမီတွင်ပင် အကောင်အထည် ဖ်ာနိုင်မည်ဟု သိရပါသည်။ ထို့ကြောင့် ကမ္ဘာလှည့်ခရီး သွားများသာမက နယ်စပ်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူများနှင့် ယာယီနယ်စပ်ဖြတ်ကျော်လက် မှတ်ကိုင်ဆောင်ထားသူများအတွက် ပိုမိုအဆင်ပြေသွားမည်ဖြစ်သည်။ ''ဝင်ရောက်ခွင့်နယ်နိမိတ် ပို သွားတာက အလုပ်လုပ်ခွင့်နယ်နိမိတ် ပိုကျယ်လာတယ်လို့ တစ်ထစ် ချပြောလို့မရသေးဘူး''ဟု မြန်မာရွှ့ပြောင်း လုပ်သားတစ်ဦးက ပြောသည်။ ''ပြည်ဝင်ခွင့် ဗီဇာနဲ့ ၃ ည အိပ် ၄ ရက်ခရီး၊ ဒါမှမဟုတ် ၅ ညအိပ် ၇ ရက်ခရီး ဒီလိုတော့ စီစဉ်နေတယ်။ ခွင့်ပြုပေးမယ့် ရက် အတိအကျ သတ်မှတ် ဖို့ ဆွေးနွေး နေဆဲပါပဲ''ဟု၎င်းဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။ ယခင်က ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် ငြိမ်းချမ်းမှု မရှိခြင်း ကြောင့်မြဝတီ နယ်စပ်ဂိတ်ပေါက် ဝမှ မြဝတီမြို့တွင်းသာ တစ်ဖက် နိုင်ငံသားများ နေ့ချင်းပြန် ခရီးသာ လူဝင်မှုကြီးကြပ်ရေးနှ င့် ပြည်သူ့ အင်အားဦးစီးဌာနက ခွင့်ပြုခဲ့သည်။ ''ဒီလိုခွင့်ပြုဖို့ စီစဉ်နေတာက ငြိမ်းချမ်းရေးရဲ့အသီးအပွင့်ကို စပြီး ခံစားရမှုပဲ။ အရင်က အခြေအနေ အကြောင်းကြောင်းတွေကြောင့်ခွင့် မပြုပေးနိုင်ခဲ့ ဘူး''ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ ယခုကဲ့သို့ ဧပြီတွင်ထိုင်းဘက် မှ ခရီးသည်များကို ခွင့်ပြုပေးလိုက် မှုကြောင့် ကျိုက်ထီးရိုး၊ ကျိုက်ထို သို့ လာရောက်ချင်ကြသူများ အ နေဖြင့် ယခင်ကထက် မြန်ဆန် သွားခြင်း၊ အချိန်ကုန်၊ လူပန်း သက်သာသွားခြင်းတို့ ခံစားရမည့် အပြင် မြန်မာဘက်ရှိ ထိုဒေသတို့ မှာလည်း ပြည်ပခရီးသွားများ ပိုမို များပြားလာခြင်းကြောင့် ဝင်ငွေတိုး ကာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာမည် ဟု ဝန်ကြီးဌာနမှ သုံးသပ်သည်။ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ''ဒီလိုဖွင့်ပေးရင် ကျိုက်ထီးရိုး ကျိုက်ထို ပိုစည်မှာပေါ့။ အရင်က ထိုင်းကနေ ကျိုက်ထီးရိုးဖူးချင်ရင် ဘန်ကောက်ကိုသွား၊ အဲဒီကနေ ရန်ကုန်၊ ရန်ကုန်ကနေ ကျိုက်ထိုဆိုတော့ လာချင်ကြတာတာင် အကုန်မလာနိုင်ဘူး'' ဟု ပြောသည်။ မြဝတီနယ်စပ်ဂိတ်မှ ပြည်တွင်းသို့ ခရီးသွားယာဉ်တန်းများ၊ ဆိုင်ကယ်ယာဉ်တန်းများဖြင့် သတ် မှတ်ပုံစံအတိုင်း ဝင်ရောက်ခွင့်ကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ခွင့်ပြုပေးနေခဲ့သော်လည်း ယခုကဲ့သို့သီးခြားခွင့်ပြုမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပထမဦးဆုံး ခွင့်ပြုပးခြင်း ဖြစ်သည်။ ကျိုက်ထီးရိုးသို့ လာရောက် ဖူးမြော်ကြသည့် နိုင်ငံခြားဧည့်များထဲ တွင် ထိုင်းလူမျိုးမှာ အများဆုံးဖြစ် ပြီး ၇ဝ ရာခိုင်နှုန်းခန့်ရှိသည်ဟု ကျိုက်ထီးရိုး ဂေါပကအဖွဲ့မှ သိရသည်။

Source : Popular News

Wednesday, March 06, 2013

ပြည်ပထွက်ခွာခွင့် D-Form စနစ် ဧပြီလတွင် ဖျက်သိမ်းမည်


၆၄ နှစ်ကျော်ကြာ ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြား ထွက်ခွာခွင့်ပုံစံ (က) (D-Form) ပြုလုပ်ရခြင်းကို ဧပြီလတွင်ပယ်ဖျက်မည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။ အစိုးရစရိတ်ဖြင့်ပြည်ပထွက်ခွာသူမှလွဲ၍ မည်သည့် ခရီးသည်မဆို မှတ်ပုံတင်အရာရှိထံ စာဖြင့် ပုံစံ(က)(D-Form) ကိုရယူ၍ ပြည်ပသို့ထွက်ခွာရမည်ဟု ၁၉၄၈ ခု နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားသားများ မှတ်ပုံတင်နည်းဥပဒေပုဒ်မ ၁၅/၆ ကို ပယ်ဖျက်ခြင်းဖြစ်သည်။ " (D-Form) လုပ်ရတာက ဘဏ်မှာချလံသွားသွင်း ရုံနဲ့တင် မပြီးသေးဘူး အင်တာနက်ကလည်း ဖောင်ဖြည့် ရသေးတယ်။ တစ်ခါတလေ ကော်နက်ရှင် မကောင်းရင် တော်တော်ဒုက္ခရောက်တာ။ ခုလိုဖြေလျှော့ပေးလိုက်တော့ အရမ်းကောင်းသွားပြီပေါ့''ဟု ပြည်ပခရီးသွားတစ်ဦးက ပြောသည်။
ပြည်ပထွက်ခွာကြမည့်သူများအပေါ် အစိုးရအဖွဲ့၏ ဖြေလျှော့မှုတစ်ခုဖြစ်သည်ဟု ဝန်ကြီးက ဆိုသည်။ ''တိုင်းရင်းသား လုပ်သားပြည်သူတွေ အလုပ်ရှုပ်သက်သာသွား တာပေါ့ဗျာ။ မဟုတ်ရင် ပြည်ပသွားတိုင်း (D-Form) ကိုလုပ်နေရတယ်။ အခုတော့ဒါတွေလုပ်စရာ မလိုတော့ဘူး။ အစိုးရသစ်ရဲ့မူဝါဒ ဖြစ်တဲ့ People Centre ကို ဝိုင်း အကောင်အထည် ဖော်သွားကြမှာပါ''ဟု ဝန်ကြီးဌာန တာဝန်ရှိသူကလည်းပြောသည်။
ဧပြီလတွင် (D-Form)စနစ် ပယ်ဖျက်ရာတွင် မြန်မာပြည် ရောက်နိုင်ငံခြားသားများပါ ပြည်ပသို့ ပြန်လည်ထွက်ခွာပါက (D-Form) ရယူစရာလိုတော့မည် မဟုတ်ဟု သိရသည်။ ယခင်ကရောက်ရှိသည့် ကာလတစ်လအတွင်းမှလွဲလျှင် တစ်လကျော်ပါက (D-Form) ကို ရယူပြီးမှသာ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့ သည်။ ပုံစံ(က) (D-Form) ပြုလုပ်ရာတွင် အစိုးရဘဏ်သို့ ငွေကျပ် ၂ဝဝ သာထွက်ခွာသူက ပေးသွင်းရသော်လည်း ပြင်ပတွင် အွန်လိုင်းဝန်ဆောင်မှုကြောင့် ဆောင်ရွက်ပေးသူကို ငွေကျပ် ၁ဝဝဝ၊ ၁၅ဝဝ အထိ ပြည်ပထွက်ခွာမည့်သူက ပေးဆောင်ခဲ့ရသည်။

 နိုင်ငံခြားသားများ မှတ်ပုံတင် နည်းဥပဒေပုဒ်မ ၁၅/၆မှာ ၁၉၄၉ ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင် အသက်ဝင်ခဲ့ပြီးပြည်ပသို့ ပုံစံ(က) (D-Form) ရယူ၍ထွက်ခွာသည့် စနစ်ကို ၁၉၅၈ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သည်။

Source : Popular Myanmar News Journal