Friday, March 29, 2013

ဖိုးကျား အပန်းဖြေ ဆင်စခန်းနှင့် ဆင်ပြကွက် ပြည်ပ ဧည့်သည်များ စိတ်ဝင်တစား လေ့လာ ကြည့်ရှု

ပဲခူးတိုင်း ဒေသကြီး ရေတာရှည် မြို့နယ် သာဂရမြို့ အနောက် ၁ဝ မိုင်ရှိ ဖိုးကျား အပန်းဖြေ ဆင်စခန်းသို့ယခုနှစ် ပွင့်လင်းရာသီကာလတွင် ကမ္ဘာလှည့် ခရီးသွားများမပြတ် လာရောက် လည်ပတ်လျက်ရှိကြောင်း သိရသည်။ ရန်ကုန်- နေပြည်တော် အမြန်လမ်းမှဆိုလျှင် ၃ မိုင်ခွဲခန့်သာ ကွာဝေးသဖြင့် ခရီးသွားများ ဝင်ရောက်လျက်ရှိခြင်း ဖြစ်သည်။

သဘာဝသစ်တောဖြင့် တည်ဆောက်ထားသည့် ဖိုးကျား အပန်းဖြေ ဆင်စခန်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့် အာရှဂရင်း ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း၍ ၂ဝဝ၅ ခုနှစ်က စတင် တည်ဆောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အဆိုပါ အပန်းဖြေစခန်းသို့ ဥရောပအလယ်ပိုင်းနိုင်ငံများ ဖြစ်သည့် ပြင်သစ်၊ စပိန်၊ဂျာမနီ၊ ပေါ်တူဂီနှင့် ရုရှားအရှေ့ဖျား အစရှိသည့် နိုင်ငံများမှ အများဆုံး လာရောက်သည်ဟု စခန်းတာဝန်ခံ မန်နေဂျာထံမှ သိရသည်။ ဆင်စခန်းသို့ ရောက်ရှိသည့် ပြည်ပဧည့်သည်များသည် တောတောင်များအတွင်း ဆင်စီးခြင်း၊ ဆင်ဖြင့် သစ်ဆွဲခြင်း၊ အစွယ်ဖြင့် သစ်တုံးကို မပြခြင်းနှင့် အခြားသော ဆင်ပြကွက်များကို စိတ်ဝင်တစား ကြည့်ရှု လေ့လာကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသွားများ ဝင်ရောက်ခြင်းမှာ ပိုမို များပြားလျက်ရှိရာ ရေမြေတောတောင် သဘာဝ အနေအထားအရ လှပသည့်    ဖိုးကျား ဆင်စခန်းအား တိုးချဲ့ တည်ဆောက်ခြင်းအပြင် ပတ်ဝန်းကျင် ဒေသခံများ၏ သဘာဝအလျောက် နေထိုင်မှုများကို တစ်ဆက်တစ်စပ်တည်း ထည့်သွင်း ပြသရန် လုပ်ဆောင်ပါက ပိုမို အကျိုး ရှိနိုင်ကြောင်း ဧည့်လမ်းညွှန် တစ်ဦးက သုံးသပ် ပြောဆိုခဲ့ကြောင်း သိရသည်။

Source : Mya Waddi

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.