Wednesday, March 06, 2013

ပြည်ပထွက်ခွာခွင့် D-Form စနစ် ဧပြီလတွင် ဖျက်သိမ်းမည်


၆၄ နှစ်ကျော်ကြာ ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြား ထွက်ခွာခွင့်ပုံစံ (က) (D-Form) ပြုလုပ်ရခြင်းကို ဧပြီလတွင်ပယ်ဖျက်မည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။ အစိုးရစရိတ်ဖြင့်ပြည်ပထွက်ခွာသူမှလွဲ၍ မည်သည့် ခရီးသည်မဆို မှတ်ပုံတင်အရာရှိထံ စာဖြင့် ပုံစံ(က)(D-Form) ကိုရယူ၍ ပြည်ပသို့ထွက်ခွာရမည်ဟု ၁၉၄၈ ခု နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားသားများ မှတ်ပုံတင်နည်းဥပဒေပုဒ်မ ၁၅/၆ ကို ပယ်ဖျက်ခြင်းဖြစ်သည်။ " (D-Form) လုပ်ရတာက ဘဏ်မှာချလံသွားသွင်း ရုံနဲ့တင် မပြီးသေးဘူး အင်တာနက်ကလည်း ဖောင်ဖြည့် ရသေးတယ်။ တစ်ခါတလေ ကော်နက်ရှင် မကောင်းရင် တော်တော်ဒုက္ခရောက်တာ။ ခုလိုဖြေလျှော့ပေးလိုက်တော့ အရမ်းကောင်းသွားပြီပေါ့''ဟု ပြည်ပခရီးသွားတစ်ဦးက ပြောသည်။
ပြည်ပထွက်ခွာကြမည့်သူများအပေါ် အစိုးရအဖွဲ့၏ ဖြေလျှော့မှုတစ်ခုဖြစ်သည်ဟု ဝန်ကြီးက ဆိုသည်။ ''တိုင်းရင်းသား လုပ်သားပြည်သူတွေ အလုပ်ရှုပ်သက်သာသွား တာပေါ့ဗျာ။ မဟုတ်ရင် ပြည်ပသွားတိုင်း (D-Form) ကိုလုပ်နေရတယ်။ အခုတော့ဒါတွေလုပ်စရာ မလိုတော့ဘူး။ အစိုးရသစ်ရဲ့မူဝါဒ ဖြစ်တဲ့ People Centre ကို ဝိုင်း အကောင်အထည် ဖော်သွားကြမှာပါ''ဟု ဝန်ကြီးဌာန တာဝန်ရှိသူကလည်းပြောသည်။
ဧပြီလတွင် (D-Form)စနစ် ပယ်ဖျက်ရာတွင် မြန်မာပြည် ရောက်နိုင်ငံခြားသားများပါ ပြည်ပသို့ ပြန်လည်ထွက်ခွာပါက (D-Form) ရယူစရာလိုတော့မည် မဟုတ်ဟု သိရသည်။ ယခင်ကရောက်ရှိသည့် ကာလတစ်လအတွင်းမှလွဲလျှင် တစ်လကျော်ပါက (D-Form) ကို ရယူပြီးမှသာ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့ သည်။ ပုံစံ(က) (D-Form) ပြုလုပ်ရာတွင် အစိုးရဘဏ်သို့ ငွေကျပ် ၂ဝဝ သာထွက်ခွာသူက ပေးသွင်းရသော်လည်း ပြင်ပတွင် အွန်လိုင်းဝန်ဆောင်မှုကြောင့် ဆောင်ရွက်ပေးသူကို ငွေကျပ် ၁ဝဝဝ၊ ၁၅ဝဝ အထိ ပြည်ပထွက်ခွာမည့်သူက ပေးဆောင်ခဲ့ရသည်။

 နိုင်ငံခြားသားများ မှတ်ပုံတင် နည်းဥပဒေပုဒ်မ ၁၅/၆မှာ ၁၉၄၉ ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင် အသက်ဝင်ခဲ့ပြီးပြည်ပသို့ ပုံစံ(က) (D-Form) ရယူ၍ထွက်ခွာသည့် စနစ်ကို ၁၉၅၈ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သည်။

Source : Popular Myanmar News Journal

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.