Friday, April 26, 2013

ချင်းပြည်နယ်သို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်နှုန်း မြင့်တက်


မင်းတပ်မှ မတူပီသို့ သွားရာလမ်းတွင် တွေ့ရသည့် ချင်းတိုင်းရင်းသားရွာတရွာ (ဓာတ်ပုံ – မြတ်စုမွန် / ဧရာဝတီ)

ချင်းပြည်နယ်သို့ ယခုနှစ် ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုနှုန်းမှာ ယခင်နှစ်များကထက် မြင့်တက်လာပြီး အများစုမှာ သုတေသန ပညာရှင်များဖြစ်ကြောင်း ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှ ဟိုတယ်လုပ်ငန်း လုပ်ကိုင်နေသူများက ပြောကြသည်။
ယခုနှစ်အတွင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များသို့ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုနှုန်းမှာ ပျမ်းမျှ ၇၀၀ မှ ၈၀၀ အကြားတွင်ရှိကြောင်း သိရသည်။ “ဒီနှစ် ခရီးသွားတွေ များလာတယ်။ ဥရောပ နိုင်ငံသားတွေ များတယ်။ အရင်နှစ်တွေကထက် ထက်ဝက် ကျော်ကျော် ပိုများလာတယ်” ဟု နတ်မတောင် အမျိုးသားဥယျာဉ် စတင်တည်ထောင်သူ ဦးရှိန်းဂေငိုင်းက ဧရာဝတီသို့ ပြောသည်။

ချင်းပြည်နယ် အတွင်းသို့ ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်ခြင်းကို တရားဝင် ခွင့်ပြုလိုက်ခြင်းကြောင့် အဆင့်ဆင့် တင်ပြရခြင်းများ လျော့နည်းလာသော်လည်း တိကျသော ညွှန်ကြားချက်များ မရှိသေးခြင်းကြောင့် အောက်ခြေ ၀န်ထမ်းများနှင့် ဆက်ဆံရေး ခက်ခဲနေဆဲဖြစ်ကြောင်း မင်းတပ်မြို့နယ် အိုအေစစ်ရီဆို့မှ မန်နေဂျာ ဆလိုင်းအွမ်ခေါဂေက ဆိုသည်။ မတူပီ မြို့နယ်မှအပ ချင်းပြည်နယ်အနှံ့သို့ ကမ္ဘာလှည့်ခရီးသွားများ ခွင့်ပြုချက်မလိုအပ်ဘဲ လွတ်လပ်စွာ သွားရောက် လည်ပတ်ခွင့်ရှိသည် ဆိုသော်လည်း တိကျသော ညွှန်ကြားမှုအဆင့်ဆင့် ထုတ်ပြန်ပေးရန် လိုအပ်နေကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ သူက “အခုက စနစ်ပြောင်းလိုက်တယ် ဆိုပေမယ့် ဘာညွှန်ကြားချက်မှ မလာဘူး။ နိုင်ငံခြားသား ဧည့်သည် လာတည်းရင် ဘယ်ဋ္ဌာနကို အကြောင်းကြားရမယ် ဆိုတာ တိတိကျကျ သိချင်တယ်။ အခုက ခွင့်ပြုမိန့်မလိုတော့ဘူး၊ တရားဝင် သွားလာခွင့်ပြုလိုက်ပြီ ဆိုပေမယ့် အောက်ခြေမှာက ခွင့်ပြုမိန့် တောင်းနေတာတွေ ရှိနေတုန်းပဲ” ဟု ဆိုသည်။
ယခင်က ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များသို့ နိုင်ငံခြားသား ခရီးသွားများ လာရောက် လည်ပတ်ပါက စသုံးလုံး၊ လူဝင်မှုကြီးကြပ်ရေးဋ္ဌာန၊ ရဲစခန်း၊ ရဲအထူးအဖွဲ့၊ တပ်မတော် ထောက်လှမ်းရေးအဖွဲ့၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ရုံးများသို့ ခွင့်ပြုချက် မိတ္တူများကို ပေးပို့ရကြောင်း သူက ဆက်ပြောသည်။ “ဧည့်သည်ဆိုတာက အချိန်မရွေး ၀င်တတ်တာဆိုတော့ ခွင့်ပြုမိန့်ပို့ဖို့ နာရီပိုင်းလောက် နောက်ကျရင် ဘာလို့ နောက်ကျတာလဲ၊ ဘာအတွက် စောစောလာ အကြောင်းမကြားတာလဲ ဆိုတာမျိုး ပြောဆိုတာတွေ လုပ်တယ်။ ကျနော်တို့ သွားပို့တဲ့ အချိန်မှာ သူတို့ကရုံးမှာ ရှိမနေတာမျိုး၊ ခဏခဏ သွားရတာမျိုးတွေကြောင့် ဧည့်သည်ကို ၀န်ဆောင်မှုပေးရတာမှာ အခက်အခဲတွေ ရှိခဲ့တယ်” ဟု ယခင်ကြုံခဲ့ရသော အခြေအနေကို ဆလိုင်းအွမ်ခေါဂေက ပြန်လည်ရှင်းပြသည်။ ယခုနောက်ပိုင်း ကမ္ဘာလှည့်ခရီးသည်များကို လွတ်လပ်စွာ သွားလာခွင့်ပြုလိုက်ပြီဟု ဆိုသော်လည်း အောက်ခြေအဆင့် ၀န်ထမ်းများထံမှ ခွင့်ပြုမိန့် တောင်းခံနေရခြင်းသည် ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုကို ထိခိုက်စေသဖြင့် အောက်ခြေအထိ ကွင်းဆင်းလေ့လာကာ လိုအပ်ပါက လွှတ်တော်အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဟာရှိန်းဘွေက ပြောသည်။

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှု အနိမ့်ဆုံးပြည်နယ် တခုဖြစ်ရာ ခရီးသွားလုပ်ငန်းကို မှီခို၍ ဒေသဖွံ့ဖြိုးမှု ရရှိစေရန် ပြုလုပ် ရမည်ဖြစ်ကြောင်း သူက ဆက်လက်ပြောသည်။ သို့သော် ချင်းပြည်နယ်တွင် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ တိကျသောသတ်မှတ်ချက်၊ မူဝါဒ၊ စီမံခန့်ခွဲမှုနှင့် စည်းမျဉ်း စည်းကမ်းများ မရှိခြင်းက အခက်အခဲ တခုဖြစ်နေကြောင်း ဆလိုင်း အွမ်ခေါဂေက ပြောသည်။ ထို့အပြင် ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်တခုဖြစ်သည့် ဟိုတယ်လုပ်ငန်းများကို အစိုးရ၏ ရေနှင့် လျှပ်စစ်မီး ပံ့ပိုးမှု မရရှိဘဲ အခွန်ကောက်ခံနေမှုများ ရှိနေခြင်းကလည်း အခက်အခဲဖြစ်ကြောင်း သူကဆိုသည်။ လက်ရှိ အခြေအနေတွင် ချင်းပြည်နယ်သို့ ကမ္ဘာလှည့် ခရီးသွားများ လွတ်လပ်စွာ သွားလာခွင့် ပြုလိုက်ပြီဟု ဆိုသော်လည်း ဟိုတယ် လုပ်ငန်းများကို တရားဝင် လုပ်ကိုင်ခွင့်ပြုခြင်း မရှိသေးကြောင်း မင်းတပ်နှင့် ကန်ပက်လက်မြို့များမှ ဟိုတယ်လုပ်ငန်း လုပ်ကိုင်နေသူများ ထံမှ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဋ္ဌေးအောင်က ချင်းပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက် ကောင်းမွန်စေရေးတွင် ခရီးသွားလုပ်ငန်းသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်၍ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ဘေးထွက် ဆိုးကျိုးများလည်း ဖြစ်နိုင်သဖြင့် ကြိုတင်ကာကွယ် ထိန်းသိမ်းရန်လိုအပ်ကြောင်း ပြီးခဲ့သည့် မတ်လအတွင်း ချင်းပြည်နယ် ခရီးစဉ်တွင် ပြောခဲ့သည်။ ထို့အပြင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများအတွက် ၀န်ဆောင်မှုအရည်အသွေး ပြည့်ဝစေရန် လိုအပ်သည့် သင်တန်းများကို ချင်းပြည်နယ်တွင် ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့နယ်သည် ကမ္ဘာလှည့်ခရီးသွားများအတွက် လုံခြုံမှု အပြည့်အ၀ မပေးနိုင်သေးသဖြင့် တရားဝင် ခရီးသွားလာမှုကို ပိတ်ထားဆဲဖြစ်ပြီး ကုလသမဂ္ဂနှင့် ပြည်ပလူမှုရေးအဖွဲ့အစည်းများမှ ၀န်ထမ်းတချို့သာ ယာယီနေထိုင်ခွင့်ရှိကြောင်း မတူပီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အဆင့်မြင့်အရာရှိ တဦးထံမှ သိရသည်။

Source : Irrawaddy

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.