Saturday, May 25, 2013

ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်း တစ်လမ်းမောင်း ဘတ်(စ်)ကားစနစ် Bus Rapid Transit ကျင့်သုံးမည်

ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ်တည်းမှု ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် အစီအစဉ်တစ်ခုအနေဖြင့် Bus Rapid Transit (BRT) တစ်လမ်းမောင်း ဘတ်စ်ကားစနစ်ကို မကြာမီ အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မေ ၂၁ ရက်က ပြောကြားသည်။ BRT စနစ်မှာ သတ်မှတ်ဘတ်စ်ကားလိုင်း တစ်ခုသာ ယင်းလမ်းကြောင်းတွင် မောင်းနှင်ခွင့်ရှိပြီး ၁၅ မိနစ် သို့မဟုတ် ၁၀ မိနစ်လျှင် တစ်ကြိမ်ချင်း ထွက်ခွာပြေးဆွဲပေးသော စနစ်ဖြစ်ပြီး နိုင်ငံတကာတွင် အောင်မြင်စွာ လုပ်ဆောင်နေခဲ့သည့် စနစ်ဖြစ်ကြောင်း သိရသည်။ “ပြည်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းမှာ ဖြစ်နိုင်ခြေရှိနိုင်တဲ့အပေါ် မူတည်ပြီး BRT စနစ်ကို ဦးစားပေး လုပ်ငန်းတစ်ရပ် အနေနဲ့ ပထမဆုံး အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်။ ဒီစနစ်က သူ့ရှေ့မှာ အခြားဘယ်ကားမှ မရှိသလို သူ့နောက်မှာလည်း သူ့လိုကားပဲ အချိန်ခွာပြီး ကပ်လိုက်လာမယ်။ ခရီးသည်ရှိရင် သတ်မှတ်ထားတဲ့ မှတ်တိုင်မှာ ရပ်ရုံပဲ။ နိုင်ငံခြားမှာဆို အဝါရောင်၊ အစိမ်းရောင်ဆိုပြီး သတ်မှတ်ထားတာ ရှိတယ်။ ဒီစနစ် အသုံးပြုတဲ့အတွက် ခရီးသည်တွေ ရှောရှောရှုရှုနဲ့ ကိုယ်လိုရာ သွားရောက်နိုင်စေမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ အဖွဲ့ဝင် ဦးခင်မောင်ဌေးက ပြောသည်။ ယင်းလုပ်ငန်း နှစ်ခုကို အကောင်အထည်ဖော်ပြီးပါက Intelligent Transport System ဟုခေါ်သော လမ်းပိုင်းဆိုင်ရာ ထိန်းချုပ်မှုစနစ်ကို ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။ ITS စနစ်မှာ ရန်ကုန်မြို့တွင် လမ်းမများ၏ အခြေအနေအား ထိန်းချုပ်ရေးစင်တာမှ အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နေတာ ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပေါ်ရာနေရာများ၊ ယာဉ်မတော်တဆမှု ဖစ်ပွားရာနေရာများအား စောင့်ကြည့်၍ ယာဉ်များ အခြားမည်သည့်လမ်းမှ ရှောင်ရှားမောင်းနှင်ပါဟူ၍ သတင်းပေးပို့ လမ်းညွှန်သည့် စနစ်တစ်ခုဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ၂၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.