Friday, June 14, 2013

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်မှုများ ပြုလုပ်နေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ခရီးသည်များ ဝင်ထွက်သွားလာမှု တဖြည်းဖြည်း များပြားလာလျက် ရှိသဖြင့် အဆင့်မြှင့်တင်မှုနှင့် တိုးချဲ့မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မကြာမီ ဂျပန်ကုမ္ပဏီတစ်ခုက တာဝန်ယူ လုပ်ကိုင်တော့မည် ဖြစ်သည်။ လောလောဆယ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ပြည်တွင်းခရီးသည် နားနေဆောင်ကို ဖြိုချမှုများ ပြုလုပ်လျက်ရှိပြီး အဆင့်မြှင့်တင်မှု ပြုလုပ်ရန် စီစဉ်နေသည်။ အဆိုပါ ခရီးသည်နားနေဆောင်ကို နှစ်ထပ်ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။ ထို့အတူ လေယာဉ် ရပ်နားရာ ဧရိယာတစ်ခုကိုလည်း လေယာဉ်ပြေးလမ်း၏ တောင်ဘက်တွင် တိုးချဲ့ပြုလုပ်လျက် ရှိသည်။ အဆိုပါ လုပ်ငန်းများကို လောလောဆယ်တွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။ ထိုသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် လုပ်ငန်းများကို မကြာမီ ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ရာ နိုင်ငံတကာ လေဆိပ်များအတိုင်း အရည်အသွေး စံချိန်မီ ဖြစ်စေရန် စီစဉ်လုပ်ကိုင်သွားမည် ဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် ဝင်ထွက်သွားလာမှု ဦးရေ ၂ ဒသမ ၇ သန်းခန့် ရှိနေရာ လာမည့် ၂ဝ၁၅ ခုနှစ်တွင် နှစ်စဉ် ခရီးသည် အဝင်အထွက် ၅ ဒသမ ၅ သန်းအထိ ဝင်ထွက်သွားလာနိုင်ရေး မျှော်မှန်းပြီး လေဆိပ်လုပ်ငန်းများကို အဆင့်မြှင့်တင်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ စီးပွားရေးသမားများ၊ ကုမ္ပဏီများ၊ ကမ္ဘာလှည့်များနှင့် အခြားသော ကိစ္စရပ်အမျိုးမျိုးဖြင့် လာရောက်ကြသူ ပြည်ပမှ ဧည့်သည်များအတွက် ပိုမိုအဆင်ပြေစွာ လာရောက်နိုင်ရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.