Saturday, July 13, 2013

ကလော၊ ပုဂံနှင့် ရန်ကုန်တို့တွင် ငှက်ကြည့် အခြေခံသင်တန်းများ ဖွင့်မည်

ကမ္ဘာလှည့် ခရီးသွားဧည့်သည် သိသိသာသာ ဝင်ရောက်မှု များပြားလာသော မြန်မာနိုင်ငံ၌ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်လျက် အဆိုပါ ခရီးသွားဧည့်သည်များ အများဆုံး သွားရောက် လည်ပတ်ရာ ကလော၊ ပုဂံနှင့် ရန်ကုန်မြို့တို့တွင် ဧည့်လမ်းညွှန်များကို ငှက်ကြည့်ခြင်း အခြေခံသင်တန်းများ မကြာမီ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းထံမှ သိရှိရသည်။ အဆိုပါ သင်တန်းကို မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း (ရှမ်းပြည်နယ် တောင်ပိုင်းဇုန်)နှင့် ပူးပေါင်းစီစဉ်မှုဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ မင်္ဂလာခန်းမတွင် ဇူလိုင်လ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ လည်းကောင်း၊ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း (ပုဂံဇုန်)နှင့် ပူးပေါင်းစီစဉ်မှုဖြင့် ပုဂံမြို့ လောကနန္ဒာဘုရား၌ ဇူလိုင်လ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ လည်းကောင်း၊ မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမနှင့် လှော်ကားဥယျာဉ်တို့၌ သြဂုတ်လ ၉ ရက်မှ ၁၁ ရက်နေ့အထိ လည်းကောင်း အသီးသီးဖွင့်လှစ် ပို့ချသွားမည် ဖြစ်ကြောင်း၊ သင်တန်းတွင် မြန်မာနိုင်ငံရှိ ငှက်မျိုးစိတ်များ၊ ငှက်ကြည့်လေ့လာနည်းများနှင့် ငှက်မျိုးစိတ် ခွဲခြားနည်း၊ ရာသီပြောင်း ဆောင်ခိုငှက်များနှင့် ၄င်းတို့ပျံသန်းရာ လမ်းကြောင်းများ၊ ငှက်ကြည့် မှန်ပြောင်းနှင့် Field Guide စာအုပ် အသုံးပြုနည်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့် ဘာသာရပ်များကို မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းနှင့် တက္ကသိုလ်များမှ ကျွမ်းကျင်ပညာရှင်များနှင့် ပါမောက္ခဆရာ၊ ဆရာမများက စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း အသင်းအမှုဆောင်တစ်ဦးက ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်၊။

Source : Khit Lu Nge

Monday, July 08, 2013

ဗုဒ္ဓဂါယာတိုက်ခိုက်မှု အိန္ဒိယအစိုးရအပြင်းအထန်ရှုတ်ချ


အိန္ဒိယနိုင်ငံအရှေ့ဘက် ဘီဟာပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ် ထားရာ ဗုဒ္ဓဂါယာမှာ တနင်္ဂနွေနေ့က ဗုံးတွေဆက်တိုက် ပေါက်ကွဲခဲ့တဲ့ အတွက် မြန်မာနိုင်ငံသား ရဟန်းတော် တပါး အပါအ၀င် ဘုရားဖူး ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ဖြစ်တဲ့ UNESCO က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တခုအဖြစ် သတ်မှတ်ထားတဲ့ နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ နောက်ထပ် တိဘက် သံဃာတော်ကတော့ ဒဏ်ရာ ပြင်းထန်ပုံ ရတယ်လို့လည်း မျက်မြင်တွေ့ခဲ့တဲ့ ဘုရားဖူးသံဃာတော် တပါးက မိန့်ပါတယ်။

ကျောင်းဝင်းထဲမှာ ဗုံးပေါက်ကွဲတော့ အထိတ်တလန့် ဖြစ်ကုန်ကြပါ တယ်။ မြန်မာဘုန်းကြီး တပါး ဒဏ်ရာရပါတယ်။ နောက်ပြီး တိဘက် ဘုန်းတော်ကြီး တပါးလည်း ဒဏ်ရာတော်တော် ပြင်းပြင်းထန်ထန် ရပြီး သွေးတွေလည်း အများကြီးထွက်တာ တွေ့ပါတယ်။”
ပထမဆုံးဗုံး ၄ လုံးဟာ မဟာဗောဓိဘုရားကျောင်းဝင်းထဲမှာ ပေါက်ကွဲ ခဲ့တာဖြစ်ပြီး၊ နောက်ဆက်တွဲ အနီးအနားက ဘုန်းတော်ကြီးကျောင်းဝင်း တခုထဲမှာလည်း ၃ လုံးပေါက်ကွဲခဲ့သလို၊ ဉာဏ်တော်အမြင့်ပေ ၈၀ ရှိတဲ့ မဟာဗောဓိစေတီတော်အနီးနားမှာလည်း  နောက်ထပ် ၁ လုံးထပ်ပြီးပေါက်ကွဲ ခဲ့တာ ဖြစ်တဲ့အကြောင်း အိန္ဒိယ အာဏာပိုင်တွေ ကပြောပါတယ်။ ထိခိုက်ဒဏ်ရာတွေ ရသွားတဲ့ သံဃာတော်တွေကတော့ မဟာဗောဓိ စေတီတော် အနီးအနားက ပေါက်ကွဲမှုကြောင့် ဖြစ်တယ်လို့လည်း မျက်မြင်တွေ့ခဲ့သူ သံဃာတော်က မိန့်ပါတယ်။

ဘုန်းကြီးတပါးရဲ့ ဒဏ်ရာက တော်တော်ပြင်းပါတယ်။ ဘွဲ့ကိုတော့ မသိပါဘူး။ မဟာဗောဓိပင်တံတား နောက်ဘက်မှာ အသံအကျယ်ကြီး ပေါက်ကွဲခဲ့တာပါ။ ကျနော်တို့ ကြားသလောက်ဆိုရင် ကျောင်းဝင်းထဲမှာတင် ၄ လုံး ပေါက်ခဲ့ ပါတယ်။”
တိုက်ခိုက်ခံခဲ့ရတဲ့ နေရာဟာဆိုရင်တော့ ဂေါတမ မြတ်စွာဘုရား သဗ္ဗေညုတ ရွှေဉာဏ်တော်ရရှိခဲ့တဲ့ မဟောဗောဓိ ညောင်ပင်ရှိရာ နေရာအဖြစ်၊ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့နေရာဖြစ် ပါတယ်။ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံသားတွေ အပါအ၀င် ဘုရားဖူးသူတွေ ထောင်သောင်းချီပြီး လာရောက် လည်ပတ်လေ့ရှိကြပါတယ်။ ဒီလိုဘာသာရေးအရ အထွဋ်အမြတ်ထားတဲ့နေရာတွေကို အခုလို ပစ်မှတ်ထားပြီး ဗုံးခွဲတိုက်ခိုက်တဲ့အပေါ် အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်းကတော့ အပြင်းအထန် ရှုတ်ချလိုက်ပြီး တိုက်ခိုက်မှုကိုလည်း သည်းခံမှာ မဟုတ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပက်သက်ပြီး ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဖြစ်တယ်ဆိုတာတော့ ချက်ချင်းမသိရသေးပါဘူး။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုဟာ မကြာသေးခင်က  အိမ်နီးချင်းမြန်မာနိုင်ငံ အတွင်း ဗုဒ္ဓဘာသာ နဲ့ မူဆလင်တွေအကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့၊ စစ်သွေးကြွတွေက ပြန်ပြီး တိုက်ခိုက်တာဖြစ်တယ်လို့ အိန္ဒိယရဲဌာန နဲ့၊ အတိုက်အခံပါတီခေါင်းဆောင် တချို့က စွပ်စွဲနေကြပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Salman Khurshid ကတော့ ဒီဗုံးတွေကို ဘယ်သူတွေဖောက်ခွဲတယ် ဆိုတာကို တိကျတဲ့ သတင်းအချက်အလက်တွေ မရမချင်း  တစုံတရာ မှတ်ချက်မပေးနိုင်သေးတဲ့အကြောင်း၊ အများပြည်သူ ငြိမ်းငြိမ်းချမ်းချမ်း ဆုတောင်းမေတ္တာပို့သတဲ့ ဘာသာရေးနယ်မြေမှာ အခုလို သူရဲဘောကြောင်တဲ့ လုပ်ရပ်မျိုးကို လုပ်ခဲ့တဲ့အတွက်ကြောင့် ဒီဖြစ်ရပ်အတွက် အတော်လေးကို ၀မ်းနည်းမိကြောင်း အိန္ဒိယနိုင်ငံအနောက်မြောက်ဘက် Rajastahn ပြည်နယ်၊ Jaipur မြို့တော်မှာ ပြာဆိုသွားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး သတင်းအချက်အလက်တွေ ပိုပြီးရလာတဲ့အခါ ဒီကိစ္စနဲ့ ပက်သက်ပြီး ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။ အိန္ဒိယ အမျိုးသားထောက်လှမ်းရေး အေဂျင်စီ (NIA) ကလည်း ဒီပေါက်ကွဲမှုတွေနဲ့ ပက်သက်ပြီး စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ် လို့ပြောပါတယ်။
တနင်္ဂနွေနေ့ အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေ နောက်ပိုင်းမှာတော့ ဗုဒ္ဓဂါယာ အနီးတ၀ိုက်မှာ လုံခြုံရေးတွေကို တိုးမြှင့်ချထားလိုက်ပြီး အာဏာပိုင်တွေက သတိပေး နှိုးဆော်ချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။ သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း ခရီးသွားတွေရဲ့ ခန္ဓာကိုယ်ပေါ်နဲ့ သူတို့နဲ့အတူပါလာတဲ့ ခရီးဆောင်အိပ်တွေကို ရဲတွေက ပိုက်စိပ်တိုက်ပြီး ရှာဖွေနေကြပါတယ်။ ဗုဒ္ဓဂါယာမှာ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အနီးအနား ပြည်နယ်တွေမှာလည်း လုံခြုံရေးအတွက် သတိထားကြဖို့နဲ့ မသင်္ကာသူတွေကို ရှာဖွေစစ်ဆေးဖို့လည်း အာဏာပိုင်တွေက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားလိုက်ကြပါတယ်။
Source : VOA (Burmese)

ဗုဒ္ဓဂါယာပေါက်ကွဲမှု အကြမ်းဖက်တိုက်ခိုက်မှုဟု ပြည်နယ် ပြည်ထဲရေးဝန်ကြီးပြော

အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်ရှိ ဗုဒ္ဓဂါယာအရပ် မဟာဗောဓိစေတီတော်၌ တနင်္ဂနွေနေ့နံနက်၌ ဗုံး ၉လုံး ဖောက်ခွဲရန် အကြမ်းဖက်သမားများက ကြံစည်ခဲ့ပြီး ဗုံး ၄လုံးမှာ စေတီတော်အတွင်း၌ ပေါက်ကွဲခဲ့သည်ဟု Times of India သတင်းစာက ဆိုသည်။
မပေါက်ကွဲသေးသော ဗုံး ၃လုံးကို ကာမပ ဘုန်းကြီးကျောင်းအတွင်း ထောင်ထားခြင်းဖြစ်ပြီး ဥာဏ်တော်အမြင့်ပေ ၈ဝရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်အနီး နောက်ထပ် ၂လုံးကိုမူ မပေါက်ခွဲခင် ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ပေါက်ကွဲမှုမှာ နံနက် ၅နာရီခွဲနှင့် ၆နာရီအတွင်း ဖြစ်ပွားခဲ့ပြီး ခရီးသွားတိုးရစ် ၂ဦး၊ မြန်မာတစ်ဦးနှင့် တိဘက်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု ဆိုသည်။
ပြည်နယ် ပြည်ထဲရေးဝန်ကြီး အာနေးလ် ဂေါ့စ်ဝါမီက ဗုဒ္ဓဂါယာပေါက်ကွဲမှုသည် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေးအပေါ် အခြေခံသည့် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများပေါ်ပေါက်ပြီးနောက်ပိုင်း ဗုဒ္ဓဂါယာမှာ ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်သည်ဆိုသည့် ထောက်လှမ်းရေးသတင်းများ ရရှိခဲ့ခြင်းကြောင့် ပြည်နယ်လုံခြုံရေးများ စောင့်ကြည့်နေဆဲမှာပင် ဗုံးခွဲမှုပေါ်ပေါက်ခြင်းဖြစ်သည်ဟု ရဲချုပ်က ဆိုသည်။

ဗုံးခွဲမှုကြောင့် မဟာဗောဓိစေတီတော်လည်း ထိခိုက်မှုမရှိဘဲ ပရိဘောဂများသာ ပျက်စီးခဲ့ကြောင်းနှင့် ဗုဒ္ဓမြတ်စွာ သဗ္ဗညုတဥာဏ်တော်ရရှိခဲ့ရာ မဟာဗောဓိညောင်ပင်လည်း ထိခိုက်မှုလုံးဝမရှိခဲ့ကြောင်း ပြည်နယ်အရာရှိများက ဆိုသည်။

Source : Kamayut Media

လေဆိပ် ဝင်ပေါက်မှ ပြည်ပ ခရီးသွား ဝင်ရောက်မှု မြင့်တက်

ရန်ကုန် ဇူလိုင် ၇ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ဝင်ရောက်သည့် ဝင်ပေါက်များထဲမှ တစ်ခုဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံခြားသား ခရီးသွား ဧည့်သည် ဝင်ရောက်သည့် ဦးရေမှာ ယခုနှစ်ဝက် အတွင်း ယခင်နှစ် ကာလများနှင့် နှိုင်းယှဉ်ပါက ထက်ဝက် နီးပါးခန့် မြင့်တက် လာကြောင်း သိရသည်။
၂ဝ၁၂ ခုနှစ် ဇန်နဝါရီမှ ဇွန်အထိ ခြောက်လတာ ကာလအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်သည့် ဦးရေမှာ ၂၄၂၅၄၅ ဦးသာ ရှိခဲ့သည်။ ယခုနှစ်တွင် ပြည်ပ ခရီးသွား ဝင်ရောက်ခဲ့မှုနှုန်းမှာ ခြောက်လတာ ကာလအတွင်း ၃၄၄၈၃၂ ဦးအထိ မြင့်တက်လာသည့် အတွက် ယခင် နှစ်ထက် ၄၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြည်ပ ခရီးသွား ဝင်ရောက်မှုနှုန်းမှာ ၂ဝဝ၆ ခုနှစ်တွင် သိသာ ထင်ရှားစွာ တိုးမြင့် ဝင်ရောက်ခဲ့ သော်လည်း ၂ဝဝ၆ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ပြန်လည်ကျဆင်း သွားခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ပြည်ပ ခရီးသွားများ ဝင်ရောက်မှုနှုန်းမှာ တဖြည်းဖြည်း ပြန်လည်မြင့်တက် လာခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဝင်ရောက်မှု ပြန်လည်မြင့်တက် လာရခြင်းမှာ မြန်မာနိုင်ငံတွင် ပြုပြင် ပြောင်းလဲရေး စတင် ခဲ့သည့် ရွေးကောက်ပွဲ ကာလမှ စတင်ကာ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ အနေဖြင့် ယခင်ကာလ များထက် ပိုမိုစိတ်ဝင် စားစွာ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပြီး လာမည့် လများတွင်လည်း ခရီးသွားဧည့်သည် ဝင်ရောက်မှု အပိုင်းမှာ ယခုထက် ပိုမိုကာ စံချိန်တင် ဝင်ရောက် လာနိုင်ကြောင်း ပြည်တွင်းစီးပွားရေး သမားများက ခန့်မှန်းကြသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်များ အဝင်များ ရခြင်းမှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အတွက် လာရောက် လေ့လာသည့် သူများ များပြားစွာ ဝင်ရောက်ခဲ့ခြင်းနှင့် အတူ ပြည်ပခရီးသွားများ အနေဖြင့်လည်း ယခုမှသာ ခရီးသွား လာခွင့် ပိုမိုပွင့်လင်း လာမှုကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ရှုခင်းများကို လေ့လာ လိုသူများ ဝင်ရောက်မှု မြင့်တက် လာခဲ့ခြင်း တို့ကြောင့် ယခုခြောက်လတာ ကာလအတွင်း ခရီးသွား ဧည့်သည် ပိုမိုဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပရန် ရှိသည့် ဆီးဂိမ်းတွင်လည်း နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှုနှုန်းမှာ ယခု ခြောက်လထက် ပိုသွားနိုင်သည့် အတွက် မြန်မာနိုင်ငံတွင် ခရီးသွား ဝင်ရောက်မှု နှုန်းမှာ စံချိန်တင် မြင့်တက်လာနိုင်မည် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့် လက်ရှိ လိုအပ်နေသည့် ဟိုတယ်အခန်း လိုအပ်ချက်များကို ပြင်ဆင်ထားရန်လည်း လိုအပ်လျက် ရှိကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ် ထားသည်။

ကံထူး
Source : Myawady