Monday, July 08, 2013

လေဆိပ် ဝင်ပေါက်မှ ပြည်ပ ခရီးသွား ဝင်ရောက်မှု မြင့်တက်

ရန်ကုန် ဇူလိုင် ၇ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ဝင်ရောက်သည့် ဝင်ပေါက်များထဲမှ တစ်ခုဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံခြားသား ခရီးသွား ဧည့်သည် ဝင်ရောက်သည့် ဦးရေမှာ ယခုနှစ်ဝက် အတွင်း ယခင်နှစ် ကာလများနှင့် နှိုင်းယှဉ်ပါက ထက်ဝက် နီးပါးခန့် မြင့်တက် လာကြောင်း သိရသည်။
၂ဝ၁၂ ခုနှစ် ဇန်နဝါရီမှ ဇွန်အထိ ခြောက်လတာ ကာလအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်သည့် ဦးရေမှာ ၂၄၂၅၄၅ ဦးသာ ရှိခဲ့သည်။ ယခုနှစ်တွင် ပြည်ပ ခရီးသွား ဝင်ရောက်ခဲ့မှုနှုန်းမှာ ခြောက်လတာ ကာလအတွင်း ၃၄၄၈၃၂ ဦးအထိ မြင့်တက်လာသည့် အတွက် ယခင် နှစ်ထက် ၄၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြည်ပ ခရီးသွား ဝင်ရောက်မှုနှုန်းမှာ ၂ဝဝ၆ ခုနှစ်တွင် သိသာ ထင်ရှားစွာ တိုးမြင့် ဝင်ရောက်ခဲ့ သော်လည်း ၂ဝဝ၆ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ပြန်လည်ကျဆင်း သွားခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ပြည်ပ ခရီးသွားများ ဝင်ရောက်မှုနှုန်းမှာ တဖြည်းဖြည်း ပြန်လည်မြင့်တက် လာခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဝင်ရောက်မှု ပြန်လည်မြင့်တက် လာရခြင်းမှာ မြန်မာနိုင်ငံတွင် ပြုပြင် ပြောင်းလဲရေး စတင် ခဲ့သည့် ရွေးကောက်ပွဲ ကာလမှ စတင်ကာ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ အနေဖြင့် ယခင်ကာလ များထက် ပိုမိုစိတ်ဝင် စားစွာ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပြီး လာမည့် လများတွင်လည်း ခရီးသွားဧည့်သည် ဝင်ရောက်မှု အပိုင်းမှာ ယခုထက် ပိုမိုကာ စံချိန်တင် ဝင်ရောက် လာနိုင်ကြောင်း ပြည်တွင်းစီးပွားရေး သမားများက ခန့်မှန်းကြသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်များ အဝင်များ ရခြင်းမှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အတွက် လာရောက် လေ့လာသည့် သူများ များပြားစွာ ဝင်ရောက်ခဲ့ခြင်းနှင့် အတူ ပြည်ပခရီးသွားများ အနေဖြင့်လည်း ယခုမှသာ ခရီးသွား လာခွင့် ပိုမိုပွင့်လင်း လာမှုကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ရှုခင်းများကို လေ့လာ လိုသူများ ဝင်ရောက်မှု မြင့်တက် လာခဲ့ခြင်း တို့ကြောင့် ယခုခြောက်လတာ ကာလအတွင်း ခရီးသွား ဧည့်သည် ပိုမိုဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပရန် ရှိသည့် ဆီးဂိမ်းတွင်လည်း နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှုနှုန်းမှာ ယခု ခြောက်လထက် ပိုသွားနိုင်သည့် အတွက် မြန်မာနိုင်ငံတွင် ခရီးသွား ဝင်ရောက်မှု နှုန်းမှာ စံချိန်တင် မြင့်တက်လာနိုင်မည် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့် လက်ရှိ လိုအပ်နေသည့် ဟိုတယ်အခန်း လိုအပ်ချက်များကို ပြင်ဆင်ထားရန်လည်း လိုအပ်လျက် ရှိကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ် ထားသည်။

ကံထူး
Source : Myawady

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.