Monday, December 23, 2013

အလောင်းတော် ကဿပသို့ ဘုရားဖူးယာဉ်များ ပြေးဆွဲ ပေးလျက်ရှိ

မုံရွာ   ဒီဇင်ဘာ  ၂၂ အလောင်းတော် ကဿပဘုရား သို့ မုံရွာမြို့မှ ဘုရားရင်ပြင်တော် အထိ ဘုရားဖူးလိုသူများ ကိုယ်ပိုင်ယာဉ်ငယ်များဖြင့် လာရောက် ဖူးမြော်နိုင်ပြီဖြစ်ကြောင်း  သိရသည်။
မုံရွာ-အလောင်းတော် ကဿပ  ဘုရားဖူး ခရီးစဉ်တွင်  ဒီဇင်ဘာ ၁၆ ရက်မှ စတင်၍ ယာဉ်လိုင်းများ နေ့စဉ် နံနက် ၄ နာရီတွင် မုံရွာမြို့မှ စတင်ထွက်ခွာပြီး ည ၇ နာရီတွင် မုံရွာမြို့သို့ ပြန်လည်ရောက်ရှိကာ တစ်ဦးလျှင် အသွားအပြန် ငွေကျပ် ၁ဝဝဝဝ ဖြင့် မှန်လုံယာဉ်ငယ်များ စတင်ပြေးဆွဲလျက် ရှိသည်။ အလောင်းတော် ကဿပ ဘုရားလမ်းတွင် မုံရွာမြို့မှ ကပိုင်ကျေးရွာ ယာဉ်ရပ်နားစခန်းအထိ ၂၁ မိုင်မှာ မြေပြန့်ခရီးစဉ် ဖြစ်ပြီး ကပိုင်စခန်းမှ ဘုရားရင်ပြင်တော် အထိ တောင်တက်တောင်ဆင်း တောလမ်းခရီးစဉ် ဖြစ်၍ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ကပိုင်စခန်း၌  ယာဉ်စစ်ဆေးရေး ဂိတ်တစ်ခု ဖွင့်လှစ် စစ်ဆေးသွားမည် ဖြစ်သည်။ ကပိုင်မှ အလောင်းတော် ကဿပ ဘုရားရင်ပြင်တော် အထိ မှန်လုံယာဉ်ကြီး တစ်စီးလျှင် ခရီးသည် ၄၅ ဦး၊ မှန်လုံယာဉ် ငယ်တစ်စီးလျှင် ၃၅ ဦး၊ လိုက် ထရပ်ယာဉ်ငယ် တစ်စီးလျှင် ၁၃ ဦး၊ ဆန်နီနှင့်ဂျစ်ယာဉ်ငယ် တစ်စီးလျှင် ခြောက်ဦး၊ စူပါကာစတန် တစ်စီးလျှင် ၁ဝ ဦး သတ်မှတ်ချက် နှင့်အညီ ခရီးသည်များ တင်ဆောင်   သွားလာခွင့် ရှိကြောင်း သိရသည်။
Source : Myawady

Friday, December 20, 2013

ရှေးဟောင်း ခေါင်းလောင်းတော်ကြီး တူးဖော်မည့် မြေနေရာကို ကွင်းဆင်း တိုင်းတာ

 ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ ရှင်စောပုရပ်ကွက် ဆိုရှယ်လစ် (၁) လမ်း ကသစ်မြောင်း ချောင်းရိုးဘေး
ကာလီမာ ဘုရားကျောင်းဝင်း အတွင်း၌ ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မုတ္တမတောင်တန်း မီးဆိုင်းတောင် ဆရာတော် ဘဒ္ဒန္တသုနန္ဒ၏ လမ်းညွှန်ချက်ဖြင့် တော်ဝင်ရဲထွဋ် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးရဲထွဋ်လင်း၊ ဦးမောင်မောင်သက်စိုး၊ ဦးကျော်လင်းဦးတို့ ဦးဆောင်ကာ ရှေးဟောင်း ခေါင်းလောင်းတော်ကြီး တူးဖော်မည့် မြေနေရာကို ကွင်းဆင်းစမ်းသပ် တိုင်းတာ ခဲ့ကြောင်း သိရသည်။
အဆိုပါ ခေါင်းလောင်းတော်ကြီးသည် ဘုရင်မကြီး ရှင်စောပု လက်ထက်တွင် သွန်းလုပ်သည်ဟု ယူဆ ရသော အချင်း ၁၅ ပေခန့်၊ ထုတစ်တောင်ခန့်ရှိ ရှေးဟောင်း ကြေးခေါင်းလောင်းတော်ကြီး တည်ရှိနိုင်သည့် နေရာကို ဒီဇင်ဘာ ၁၆ ရက်မှ စတင်စမ်းသပ် တိုင်းတာ တူးဖော်ရာ ဒီဇင်ဘာ ၁၇ ရက်တွင် ကာလီမာဘုရား ကျောင်းအောက် အနက် ပေ ၂ဝ ၌ သတ္တုဟု ယူဆရသော ပစ္စည်းအချို့ စမ်းသပ် တွေ့ရှိသည်။
ရှေးဟောင်း ခေါင်းလောင်းတော်ကြီး တူးဖော်ရာတွင် ဦးရဲထွဋ်လင်းနှင့် အဖွဲ့သည် မိမိတို့စရိတ်ဖြင့် တူးဖော် ကြမည် ဖြစ်ပြီး ခေါင်းလောင်းတော်ကြီး ရရှိပါက နိုင်ငံတော် အကြီးအကဲများထံ တင်ပြ၍ နိုင်ငံတော်သို့ လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

Thursday, December 12, 2013

ထိုင်းနိုင်ငံ အတွင်း မငြိမ်သက်မှုများကြောင့် မြန်မာ့ ခရီးသွားလုပ်ငန်း ထိခိုက်လာမည်ကို စိုးရိမ်နေကြ

ရန်ကုန် ဒီဇင်ဘာ ၁ဝ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး
မြန်မာနိုင်ငံသို့ လာရောက်ကြသော ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် တချို့သည် ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက် လာတတ်ကြသည်။
ထို့အပြင် ၎င်း နိုင်ငံအတွင်းမှ ခရီးသွားဧည့်သည် အများစုမှာလည်း ခရီးသွား ရာသီသို့ ရောက်လာသောအခါ မြန်မာနိုင်ငံသို့ အများအပြား လာရောက် လည်ပတ်လေ့ ရှိကြသည်။ ယခုအခါ ထိုင်းနိုင်ငံ အတွင်း၌ နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပွားလျက်ရှိရာ အဆိုပါ မတည်ငြိမ်မှု များကြောင့် မြန်မာ့ ခရီးသွား လုပ်ငန်းအပေါ် အကျိုး သက်ရောက်မှုများ ရှိလာနိုင်ပြီး ယခုနှစ် ခရီးသွား ရာသီတွင် နိုင်ငံခြားသား ခရီးသွားဦးရေ ဝင်ရောက် မှုလျော့ကျသွားမည်ကို မြန်မာနိုင်ငံမှ ခရီးသွား လုပ်ငန်းရှင်တချို့က စိုးရိမ်လျက် ရှိကြသည်။
ထိုသို့ စိုးရိမ်ပူပန်မှုများ ရှိကြသော်လည်း လက်ရှိ အနေအထား အရ မြန်မာနိုင်ငံတွင် ခရီးသွား ရာသီ၌ ပုံမှန် ဝင်ရောက်လေ့ရှိသော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ၏ အရေအတွက်သည် ယခုနှစ်တွင်လည်း လျော့ကျသွားခြင်း မရှိ သည့်အပြင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ လာရောက်ကြသော နိုင်ငံခြား သားများစွာပင် ယခုရက်ပိုင်း၌ အဆက်မပြတ် ဝင်ရောက်လာလျက် ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသော နိုင်ငံရေး မတည်ငြိမ်မှုများ၊ ဆန္ဒပြမှုများသည် လအတန်ငယ် ကြာလာပြီ ဖြစ်သော်လည်း ယင်း အဖြစ်အပျက်များကြောင့် ယခုအချိန်အထိ မြန်မာ့ခရီးသွား လုပ်ငန်းအပေါ် များစွာ ထိခိုက်မှု မရှိသေးကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များတွင် ထိုင်းနိုင်ငံမှ တစ်ဆင့် ဝင်ရောက်လာသူများမှာ အများဆုံး ဖြစ်ကြောင်းနှင့် ယခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားများ အရေအတွက်ကို ၂ ဒသမ ၃ သန်းခန့် အထိ ခန့်မှန်း ထားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။
ဆောင်းဦး
Source : Myawady

Wednesday, December 11, 2013

မြန်မာ့ပင်မ ခရီးသွား စီမံကိန်းကို အာရှဖွံ့ ဖြိုးရေး ဘဏ်နှင့် နော်ဝေ အစိုးရတို့ ကူညီမည်

ရန်ကုန် ဒီဇင်ဘာ ၉ မြန်မာနိုင်ငံ အတွင်း၌ ဖော်ဆောင်မည့် ပင်မခရီးသွား စီမံကိန်းကို အာရှဖွံ့ဖြိုးရေး ဘဏ်နှင့် နော်ဝေ အစိုးရတို့က ထောက်ပံ့ကူညီ သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
အဆိုပါ စီမံကိန်း ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအား ကမ္ဘာပေါ်၌ ထင်ရှားသော ခရီးသွား နေရာသစ် တစ်ခုအဖြစ် မြှင့်တင်ခြင်း၊ နိုင်ငံသားများ အတွက် အခြေခံ အဆောက်အအုံ တိုးတက်လာစေရန်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်၊ အဆင့်အတန်းနှင့် အရည်အသွေး မြင့်သော ခရီးစဉ် ဒေသများ တိုးပွားလာစေရန်နှင့် အဖွဲ့အစည်းများ အင်အား တောင့်တင်းရန်၊ စီမံခန့်ခွဲမှုနှင့် စီမံကိန်းများ ရေးဆွဲရန်တို့ ပါဝင်ကြောင်း သိရသည်။ ယင်းအတွက် နိုင်ငံတကာမှ အကူအညီများ ရယူပြီး ဖော်ဆောင်သွား မည် ဖြစ်ကြောင်း သိရသည်။
''မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း ဖော်ဆောင်လို့ ရတဲ့နေရာတွေ အများကြီး ရှိပါတယ်။ အရင်ကလုပ်ဖို့ ကြိုးပမ်းခဲ့တာ မအောင်မြင် ခဲ့ပါဘူး။ အခုအကောင်အထည် ဖော်နိုင်တော့ မှာပါ။ ဒေသတွင်း ပြည်သူတွေ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးလာစေမှာ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
ထို့အပြင် မြိတ်ကျွန်းစုဒေသ၊ ပူတာအိုဒေသ၊ မောတောင်ဒေသ၊ လွိုင်ကော် ဒေသနှင့် နာဂ လမ်းများကို ယခင်ကထက် ပိုမိုသွားလာရ အဆင်ပြေစေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ခရီးသွား လုပ်ငန်း တိုးမြှင့်ရေး ပြုလုပ်မည့် ဇုန်ဒေသများကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံမှ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးတို့ ပူးပေါင်းပြီး ဒေသခံများနှင့် ဆွေးနွေးမှုများ အပြင် အချက်အလက် ကောက်ခံမှု များလည်း စတင်ပြုလုပ်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ပင်မခရီးသွား စီမံကိန်း အကောင်အထည် ဖော်ရာတွင် စီမံကိန်း ပရောဂျက် ၃၈ ခုရှိပြီး ကုန်ကျစရိတ် အနေဖြင့် အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ရှိမည်ဖြစ်ပြီး လက်ရှိလုပ်ကိုင်မည့် စီမံကိန်း ပရောဂျက် ၂၁ ခုအတွက် အမေရိကန် ဒေါ်လာ ၂၁၅ ဒသမ ၆သန်း ရရှိထားကြောင်း သိရသည်။
စိုးမိုး
Source : Myawady

Thursday, December 05, 2013

မြန်မာ-ဖိလစ်ပိုင် ဗီဇာကင်းလွတ်ခွင့် လက်မှတ်ရေးထိုးမည်

မြန်မာနဲ့ ဖိလစ်ပိုင် နိုင်ငံအကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ရေး သဘောတူစာချုပ်ကို မနက်ဖြန်မှာ သဘောတူလက်မှတ်ရေးမယ်လို့ ဖိလစ်ပိုင်အစိုးရက ဒီကနေ့ကြေညာပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မြန်မာ၊ ဖိလစ်ပိုင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒီကနေ့မှာ ဖိလစ်ပိုင်နိုင်ငံကိုရောက်ရှိခဲ့ပြီး မနက်ဖြန်မှာ ဒီသဘောတူစာချုပ် လက်မှတ်ထိုးပွဲကို တက်ရောက်မယ်လို့ ဖိလစ်ပိုင်သမ္မတ ပြန်ကြားရေးအတွင်းဝန် ဆန်နီကိုလိုမာက ပြောပါတယ်။

ဦးသိန်းစိန်ရဲ့ ၂ ရက်ကြာ ဖိလစ်ပိုင်ခရီးစဉ်ဟာ သမ္မတဖြစ်အပြီး ပထမဆုံး ဖိလစ်ပိုင်ခရီးစဉ်ဖြစ်သလို နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။ သမ္မတဦးသိန်းစိန်ဟာ မနက်ဖြန်မနက်မှာ ဖိလစ်ပိုင် လွတ်လပ်ရေးခေါင်းဆောင် ဟိုဆေးရီဇော် အမှတ်တရရုပ်တုမှာ သွားရောက်အလေးပြုဖို့ရှိပြီး နေ့ခင်းမှာ ဖိလစ်ပိုင်သမ္မတက နေ့လည်စာ တည်ခင်းဧည့်ခံဖို့ရှိတယ်လို့ သိရပါတယ်။

ဒီခရီးစဉ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ခတ်ခဲ့တဲ့ ယိုလန်ဒါ တိုင်ဖွန်းမုန်တိုင်းနဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ ဖိလစ်ပိုင်ပြည်သူတွေအတွက် မြန်မာနိုင်ငံကအလှူကို ပေးအပ်လှူဒါန်းမယ်လို့လည်း ဖိလစ်ပိုင်သမ္မတနန်းတော်က သတင်းထုတ်ပြန်ပါတယ်။

Source : RFA Burmese