Wednesday, December 11, 2013

မြန်မာ့ပင်မ ခရီးသွား စီမံကိန်းကို အာရှဖွံ့ ဖြိုးရေး ဘဏ်နှင့် နော်ဝေ အစိုးရတို့ ကူညီမည်

ရန်ကုန် ဒီဇင်ဘာ ၉ မြန်မာနိုင်ငံ အတွင်း၌ ဖော်ဆောင်မည့် ပင်မခရီးသွား စီမံကိန်းကို အာရှဖွံ့ဖြိုးရေး ဘဏ်နှင့် နော်ဝေ အစိုးရတို့က ထောက်ပံ့ကူညီ သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
အဆိုပါ စီမံကိန်း ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအား ကမ္ဘာပေါ်၌ ထင်ရှားသော ခရီးသွား နေရာသစ် တစ်ခုအဖြစ် မြှင့်တင်ခြင်း၊ နိုင်ငံသားများ အတွက် အခြေခံ အဆောက်အအုံ တိုးတက်လာစေရန်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်၊ အဆင့်အတန်းနှင့် အရည်အသွေး မြင့်သော ခရီးစဉ် ဒေသများ တိုးပွားလာစေရန်နှင့် အဖွဲ့အစည်းများ အင်အား တောင့်တင်းရန်၊ စီမံခန့်ခွဲမှုနှင့် စီမံကိန်းများ ရေးဆွဲရန်တို့ ပါဝင်ကြောင်း သိရသည်။ ယင်းအတွက် နိုင်ငံတကာမှ အကူအညီများ ရယူပြီး ဖော်ဆောင်သွား မည် ဖြစ်ကြောင်း သိရသည်။
''မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း ဖော်ဆောင်လို့ ရတဲ့နေရာတွေ အများကြီး ရှိပါတယ်။ အရင်ကလုပ်ဖို့ ကြိုးပမ်းခဲ့တာ မအောင်မြင် ခဲ့ပါဘူး။ အခုအကောင်အထည် ဖော်နိုင်တော့ မှာပါ။ ဒေသတွင်း ပြည်သူတွေ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးလာစေမှာ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
ထို့အပြင် မြိတ်ကျွန်းစုဒေသ၊ ပူတာအိုဒေသ၊ မောတောင်ဒေသ၊ လွိုင်ကော် ဒေသနှင့် နာဂ လမ်းများကို ယခင်ကထက် ပိုမိုသွားလာရ အဆင်ပြေစေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ခရီးသွား လုပ်ငန်း တိုးမြှင့်ရေး ပြုလုပ်မည့် ဇုန်ဒေသများကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံမှ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးတို့ ပူးပေါင်းပြီး ဒေသခံများနှင့် ဆွေးနွေးမှုများ အပြင် အချက်အလက် ကောက်ခံမှု များလည်း စတင်ပြုလုပ်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ပင်မခရီးသွား စီမံကိန်း အကောင်အထည် ဖော်ရာတွင် စီမံကိန်း ပရောဂျက် ၃၈ ခုရှိပြီး ကုန်ကျစရိတ် အနေဖြင့် အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ရှိမည်ဖြစ်ပြီး လက်ရှိလုပ်ကိုင်မည့် စီမံကိန်း ပရောဂျက် ၂၁ ခုအတွက် အမေရိကန် ဒေါ်လာ ၂၁၅ ဒသမ ၆သန်း ရရှိထားကြောင်း သိရသည်။
စိုးမိုး
Source : Myawady

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.