Monday, December 23, 2013

အလောင်းတော် ကဿပသို့ ဘုရားဖူးယာဉ်များ ပြေးဆွဲ ပေးလျက်ရှိ

မုံရွာ   ဒီဇင်ဘာ  ၂၂ အလောင်းတော် ကဿပဘုရား သို့ မုံရွာမြို့မှ ဘုရားရင်ပြင်တော် အထိ ဘုရားဖူးလိုသူများ ကိုယ်ပိုင်ယာဉ်ငယ်များဖြင့် လာရောက် ဖူးမြော်နိုင်ပြီဖြစ်ကြောင်း  သိရသည်။
မုံရွာ-အလောင်းတော် ကဿပ  ဘုရားဖူး ခရီးစဉ်တွင်  ဒီဇင်ဘာ ၁၆ ရက်မှ စတင်၍ ယာဉ်လိုင်းများ နေ့စဉ် နံနက် ၄ နာရီတွင် မုံရွာမြို့မှ စတင်ထွက်ခွာပြီး ည ၇ နာရီတွင် မုံရွာမြို့သို့ ပြန်လည်ရောက်ရှိကာ တစ်ဦးလျှင် အသွားအပြန် ငွေကျပ် ၁ဝဝဝဝ ဖြင့် မှန်လုံယာဉ်ငယ်များ စတင်ပြေးဆွဲလျက် ရှိသည်။ အလောင်းတော် ကဿပ ဘုရားလမ်းတွင် မုံရွာမြို့မှ ကပိုင်ကျေးရွာ ယာဉ်ရပ်နားစခန်းအထိ ၂၁ မိုင်မှာ မြေပြန့်ခရီးစဉ် ဖြစ်ပြီး ကပိုင်စခန်းမှ ဘုရားရင်ပြင်တော် အထိ တောင်တက်တောင်ဆင်း တောလမ်းခရီးစဉ် ဖြစ်၍ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ကပိုင်စခန်း၌  ယာဉ်စစ်ဆေးရေး ဂိတ်တစ်ခု ဖွင့်လှစ် စစ်ဆေးသွားမည် ဖြစ်သည်။ ကပိုင်မှ အလောင်းတော် ကဿပ ဘုရားရင်ပြင်တော် အထိ မှန်လုံယာဉ်ကြီး တစ်စီးလျှင် ခရီးသည် ၄၅ ဦး၊ မှန်လုံယာဉ် ငယ်တစ်စီးလျှင် ၃၅ ဦး၊ လိုက် ထရပ်ယာဉ်ငယ် တစ်စီးလျှင် ၁၃ ဦး၊ ဆန်နီနှင့်ဂျစ်ယာဉ်ငယ် တစ်စီးလျှင် ခြောက်ဦး၊ စူပါကာစတန် တစ်စီးလျှင် ၁ဝ ဦး သတ်မှတ်ချက် နှင့်အညီ ခရီးသည်များ တင်ဆောင်   သွားလာခွင့် ရှိကြောင်း သိရသည်။
Source : Myawady

Friday, December 20, 2013

ရှေးဟောင်း ခေါင်းလောင်းတော်ကြီး တူးဖော်မည့် မြေနေရာကို ကွင်းဆင်း တိုင်းတာ

 ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ ရှင်စောပုရပ်ကွက် ဆိုရှယ်လစ် (၁) လမ်း ကသစ်မြောင်း ချောင်းရိုးဘေး
ကာလီမာ ဘုရားကျောင်းဝင်း အတွင်း၌ ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မုတ္တမတောင်တန်း မီးဆိုင်းတောင် ဆရာတော် ဘဒ္ဒန္တသုနန္ဒ၏ လမ်းညွှန်ချက်ဖြင့် တော်ဝင်ရဲထွဋ် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးရဲထွဋ်လင်း၊ ဦးမောင်မောင်သက်စိုး၊ ဦးကျော်လင်းဦးတို့ ဦးဆောင်ကာ ရှေးဟောင်း ခေါင်းလောင်းတော်ကြီး တူးဖော်မည့် မြေနေရာကို ကွင်းဆင်းစမ်းသပ် တိုင်းတာ ခဲ့ကြောင်း သိရသည်။
အဆိုပါ ခေါင်းလောင်းတော်ကြီးသည် ဘုရင်မကြီး ရှင်စောပု လက်ထက်တွင် သွန်းလုပ်သည်ဟု ယူဆ ရသော အချင်း ၁၅ ပေခန့်၊ ထုတစ်တောင်ခန့်ရှိ ရှေးဟောင်း ကြေးခေါင်းလောင်းတော်ကြီး တည်ရှိနိုင်သည့် နေရာကို ဒီဇင်ဘာ ၁၆ ရက်မှ စတင်စမ်းသပ် တိုင်းတာ တူးဖော်ရာ ဒီဇင်ဘာ ၁၇ ရက်တွင် ကာလီမာဘုရား ကျောင်းအောက် အနက် ပေ ၂ဝ ၌ သတ္တုဟု ယူဆရသော ပစ္စည်းအချို့ စမ်းသပ် တွေ့ရှိသည်။
ရှေးဟောင်း ခေါင်းလောင်းတော်ကြီး တူးဖော်ရာတွင် ဦးရဲထွဋ်လင်းနှင့် အဖွဲ့သည် မိမိတို့စရိတ်ဖြင့် တူးဖော် ကြမည် ဖြစ်ပြီး ခေါင်းလောင်းတော်ကြီး ရရှိပါက နိုင်ငံတော် အကြီးအကဲများထံ တင်ပြ၍ နိုင်ငံတော်သို့ လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

Thursday, December 12, 2013

ထိုင်းနိုင်ငံ အတွင်း မငြိမ်သက်မှုများကြောင့် မြန်မာ့ ခရီးသွားလုပ်ငန်း ထိခိုက်လာမည်ကို စိုးရိမ်နေကြ

ရန်ကုန် ဒီဇင်ဘာ ၁ဝ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး
မြန်မာနိုင်ငံသို့ လာရောက်ကြသော ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် တချို့သည် ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက် လာတတ်ကြသည်။
ထို့အပြင် ၎င်း နိုင်ငံအတွင်းမှ ခရီးသွားဧည့်သည် အများစုမှာလည်း ခရီးသွား ရာသီသို့ ရောက်လာသောအခါ မြန်မာနိုင်ငံသို့ အများအပြား လာရောက် လည်ပတ်လေ့ ရှိကြသည်။ ယခုအခါ ထိုင်းနိုင်ငံ အတွင်း၌ နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပွားလျက်ရှိရာ အဆိုပါ မတည်ငြိမ်မှု များကြောင့် မြန်မာ့ ခရီးသွား လုပ်ငန်းအပေါ် အကျိုး သက်ရောက်မှုများ ရှိလာနိုင်ပြီး ယခုနှစ် ခရီးသွား ရာသီတွင် နိုင်ငံခြားသား ခရီးသွားဦးရေ ဝင်ရောက် မှုလျော့ကျသွားမည်ကို မြန်မာနိုင်ငံမှ ခရီးသွား လုပ်ငန်းရှင်တချို့က စိုးရိမ်လျက် ရှိကြသည်။
ထိုသို့ စိုးရိမ်ပူပန်မှုများ ရှိကြသော်လည်း လက်ရှိ အနေအထား အရ မြန်မာနိုင်ငံတွင် ခရီးသွား ရာသီ၌ ပုံမှန် ဝင်ရောက်လေ့ရှိသော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ၏ အရေအတွက်သည် ယခုနှစ်တွင်လည်း လျော့ကျသွားခြင်း မရှိ သည့်အပြင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ လာရောက်ကြသော နိုင်ငံခြား သားများစွာပင် ယခုရက်ပိုင်း၌ အဆက်မပြတ် ဝင်ရောက်လာလျက် ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသော နိုင်ငံရေး မတည်ငြိမ်မှုများ၊ ဆန္ဒပြမှုများသည် လအတန်ငယ် ကြာလာပြီ ဖြစ်သော်လည်း ယင်း အဖြစ်အပျက်များကြောင့် ယခုအချိန်အထိ မြန်မာ့ခရီးသွား လုပ်ငန်းအပေါ် များစွာ ထိခိုက်မှု မရှိသေးကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များတွင် ထိုင်းနိုင်ငံမှ တစ်ဆင့် ဝင်ရောက်လာသူများမှာ အများဆုံး ဖြစ်ကြောင်းနှင့် ယခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားများ အရေအတွက်ကို ၂ ဒသမ ၃ သန်းခန့် အထိ ခန့်မှန်း ထားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။
ဆောင်းဦး
Source : Myawady

Wednesday, December 11, 2013

မြန်မာ့ပင်မ ခရီးသွား စီမံကိန်းကို အာရှဖွံ့ ဖြိုးရေး ဘဏ်နှင့် နော်ဝေ အစိုးရတို့ ကူညီမည်

ရန်ကုန် ဒီဇင်ဘာ ၉ မြန်မာနိုင်ငံ အတွင်း၌ ဖော်ဆောင်မည့် ပင်မခရီးသွား စီမံကိန်းကို အာရှဖွံ့ဖြိုးရေး ဘဏ်နှင့် နော်ဝေ အစိုးရတို့က ထောက်ပံ့ကူညီ သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
အဆိုပါ စီမံကိန်း ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအား ကမ္ဘာပေါ်၌ ထင်ရှားသော ခရီးသွား နေရာသစ် တစ်ခုအဖြစ် မြှင့်တင်ခြင်း၊ နိုင်ငံသားများ အတွက် အခြေခံ အဆောက်အအုံ တိုးတက်လာစေရန်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်၊ အဆင့်အတန်းနှင့် အရည်အသွေး မြင့်သော ခရီးစဉ် ဒေသများ တိုးပွားလာစေရန်နှင့် အဖွဲ့အစည်းများ အင်အား တောင့်တင်းရန်၊ စီမံခန့်ခွဲမှုနှင့် စီမံကိန်းများ ရေးဆွဲရန်တို့ ပါဝင်ကြောင်း သိရသည်။ ယင်းအတွက် နိုင်ငံတကာမှ အကူအညီများ ရယူပြီး ဖော်ဆောင်သွား မည် ဖြစ်ကြောင်း သိရသည်။
''မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း ဖော်ဆောင်လို့ ရတဲ့နေရာတွေ အများကြီး ရှိပါတယ်။ အရင်ကလုပ်ဖို့ ကြိုးပမ်းခဲ့တာ မအောင်မြင် ခဲ့ပါဘူး။ အခုအကောင်အထည် ဖော်နိုင်တော့ မှာပါ။ ဒေသတွင်း ပြည်သူတွေ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးလာစေမှာ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
ထို့အပြင် မြိတ်ကျွန်းစုဒေသ၊ ပူတာအိုဒေသ၊ မောတောင်ဒေသ၊ လွိုင်ကော် ဒေသနှင့် နာဂ လမ်းများကို ယခင်ကထက် ပိုမိုသွားလာရ အဆင်ပြေစေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ခရီးသွား လုပ်ငန်း တိုးမြှင့်ရေး ပြုလုပ်မည့် ဇုန်ဒေသများကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံမှ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးတို့ ပူးပေါင်းပြီး ဒေသခံများနှင့် ဆွေးနွေးမှုများ အပြင် အချက်အလက် ကောက်ခံမှု များလည်း စတင်ပြုလုပ်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ပင်မခရီးသွား စီမံကိန်း အကောင်အထည် ဖော်ရာတွင် စီမံကိန်း ပရောဂျက် ၃၈ ခုရှိပြီး ကုန်ကျစရိတ် အနေဖြင့် အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ရှိမည်ဖြစ်ပြီး လက်ရှိလုပ်ကိုင်မည့် စီမံကိန်း ပရောဂျက် ၂၁ ခုအတွက် အမေရိကန် ဒေါ်လာ ၂၁၅ ဒသမ ၆သန်း ရရှိထားကြောင်း သိရသည်။
စိုးမိုး
Source : Myawady

Thursday, December 05, 2013

မြန်မာ-ဖိလစ်ပိုင် ဗီဇာကင်းလွတ်ခွင့် လက်မှတ်ရေးထိုးမည်

မြန်မာနဲ့ ဖိလစ်ပိုင် နိုင်ငံအကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ရေး သဘောတူစာချုပ်ကို မနက်ဖြန်မှာ သဘောတူလက်မှတ်ရေးမယ်လို့ ဖိလစ်ပိုင်အစိုးရက ဒီကနေ့ကြေညာပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မြန်မာ၊ ဖိလစ်ပိုင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒီကနေ့မှာ ဖိလစ်ပိုင်နိုင်ငံကိုရောက်ရှိခဲ့ပြီး မနက်ဖြန်မှာ ဒီသဘောတူစာချုပ် လက်မှတ်ထိုးပွဲကို တက်ရောက်မယ်လို့ ဖိလစ်ပိုင်သမ္မတ ပြန်ကြားရေးအတွင်းဝန် ဆန်နီကိုလိုမာက ပြောပါတယ်။

ဦးသိန်းစိန်ရဲ့ ၂ ရက်ကြာ ဖိလစ်ပိုင်ခရီးစဉ်ဟာ သမ္မတဖြစ်အပြီး ပထမဆုံး ဖိလစ်ပိုင်ခရီးစဉ်ဖြစ်သလို နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။ သမ္မတဦးသိန်းစိန်ဟာ မနက်ဖြန်မနက်မှာ ဖိလစ်ပိုင် လွတ်လပ်ရေးခေါင်းဆောင် ဟိုဆေးရီဇော် အမှတ်တရရုပ်တုမှာ သွားရောက်အလေးပြုဖို့ရှိပြီး နေ့ခင်းမှာ ဖိလစ်ပိုင်သမ္မတက နေ့လည်စာ တည်ခင်းဧည့်ခံဖို့ရှိတယ်လို့ သိရပါတယ်။

ဒီခရီးစဉ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ခတ်ခဲ့တဲ့ ယိုလန်ဒါ တိုင်ဖွန်းမုန်တိုင်းနဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ ဖိလစ်ပိုင်ပြည်သူတွေအတွက် မြန်မာနိုင်ငံကအလှူကို ပေးအပ်လှူဒါန်းမယ်လို့လည်း ဖိလစ်ပိုင်သမ္မတနန်းတော်က သတင်းထုတ်ပြန်ပါတယ်။

Source : RFA Burmese

Wednesday, October 02, 2013

ဆီးဂိမ်းအတွက် ဗီဇာမလိုပဲ မြန်မာပြည် လာနိုင်

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပြိုင်ပွဲ အိမ်ရှင်အဖြစ်ကျင်းပမြန်မာနိုင်ငံက အားကစား တာဝန်ရှိသူ တွေ၊ နည်းပြတွေနဲ့ အားကစားသမားတွေအနေနဲ့ ဗီဇာ မလိုပဲ လာရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 
အားကစား ၀န်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကားပြီး ပြန်ကြားရေး ၀က်ဆိုက်မှာ ဗီဇာ မလိုပဲ လာနိုင် တာကို ဖော်ပြ ထားပါတယ်။ 

ဒီဇင်ဘာလ ဆီးဂိမ်းပြိုင်ပွဲမှာ ဆီးဂိမ်းပြိုင်ပွဲဝင် အဖွဲ့ဝင်နိုင်ငံများမှ အားကစား တာဝန်ရှိသူများ၊ နည်းပြ များနှင့် အားကစား သမားတွေအနေ နဲ့ ဗီဇာမလိုဘဲ လာရောက်နိုင်မှာ ဖြစ်ပါတယ်။ ဗီဇာအစား အသိ အမှတ်ပြု ကတ်ပြား (Accreditation Card) တွေနဲ့ ဝင်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ နိုင်ငံတကာဆက်ဆံရေး အတွင်းရေး မှူး ဒေါက်တာမြတ်သူရစိုးက ပြောထားပါတယ်။ 

အဲဒီလို ကတ်ပြားတွေနဲ့ လူပေါင်း ၁ သောင်းကျော်လာမှာဖြစ်ပြီး (Accreditation Card) ကတ်ပြားတွေကို အရောင် ၁၁ မျိုး နဲ့ သတ်မှတ်ထားပြီး မီဒီယာသမားတွေလည်း ဗီဇာ မလိုတဲ့ အထဲ ပါဝင်တယ် လို့ ပြန်ကြားရေး ၀က်ဆိုက်က ဖော်ပြထားပါတယ်။ 

“နိုင်ငံ့ အကြီးအကဲများ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် နိုင်ငံများ မှ နည်းပြနှင့် တာဝန်ရှိသူများ၊ အားကစားသမားများ၊ မီဒီယာ အဖွဲ့များ ပါဝင်ကြောင်း၊ ယင်းတို့သည် ဗီဇာမလိုဘဲ ကတ်ပြားများဖြင့် မြန်မာနိုင်ငံသို့ လာရောက် ကြမည်ဖြစ်ကြောင်း သိရသည်” လို့ ပြန်ကြားရေး ၀က်ဆိုက်က ဆိုပါတယ်။ 

ဆီးဂိမ်းအတွက် လာရောက်ကြမယ့်သူတွေဟာ လာမယ့် နိုဝင်ဘာလ ၂၄ ရက်က စပြီး လာရောက်ကြ မှာ ဖြစ် သလို မြန်မာဘက်ကတော့ အားကစားကွင်းတွေ၊ တည်းခိုမယ့် အားကစားရွာတွေလည်း အဆင်သင့် ဖြစ်နေပြီ ဖြစ်လို့ မကြာခင် ဖွင့်လှစ်တော့မယ်လို့ ဆိုပါတယ်။ 

အိမ့်သံစဉ်~
Source : The Irrawaddy

Monday, September 30, 2013

မြန်မာ- ဗီယက်နမ် ၂ နိုင်ငံဗီဇာကင်းလွတ်ခွင့်စာချုပ် လက်မှတ်ထိုး

မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ ဗီဇာ ကင်းလွတ်ခွင့် သဘောတူ စာချုပ်ကို ၂ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေက လက်မှတ်ရေးထိုးလိုက်ကြပါပြီ။

“နှစ်နိုင်ငံ အစိုးရတို့အကြား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအား ဗီဇာ ကင်းလွတ်ခွင့် ပြုရေး ဆိုင်ရာ သဘောတူ စာချုပ် ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာန 
ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီး H.E. Pham Binh Minh တို့က စက်တင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ လက်မှတ်ရေးထိုး၍ ချုပ်ဆိုခဲ့ကြောင်း” လို့ ပြန်ကြားရေး ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

အခုလို မြန်မာ - ဗီယက်နမ် ၂ နိုင်ငံ ဗီဇာ ကင်းလွတ်ခွင့်ရှိလာတာကြောင့် ၂ နိုင်ငံ နိုင်ငံသားတွေဟာ သက်ဆိုင်ရာ သံရုံးမှာ ဗီဇာ လျှောက်ထားစရာမလိုပဲ အပြန်အလှန် လွတ်လပ်စွာ ခရီးသွားနိုင်တော့မှာ ဖြစ်ပါတယ်။ 

အခုလို ပွင့်လင်း လွတ်လပ်စ ပြုလာတဲ့ မြန်မာနိုင်ငံမှာလည်း ဗီယက်နမ် ကုမ္ပဏီတွေက လာရောက် ရင်းနှီးမြှုပ်နှံတာတွေလည်း လုပ်နေသလို တချို့လည်း လာဖို့ ပြင်ဆင်နေတာတွေလည်း ရှိတယ်လို့ သတင်းတွေက ဆိုကြပါတယ်။ 

အာဆီယမ်အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း ဗီဇာ ကင်းလွတ်ခွင့်ရည်မှန်းချက် ထားလုပ်ဆောင်နေတာလည်း ရှိပြီး ဒါကတော့ တနိုင်ငံချင်းစီအလိုက် ဗီဇာ ကင်းလွတ်ခွင့် သဘောတူစာချုပ် ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။ 

အိမ့်သံစဉ် ~ 
Source : The Irrawaddy

Sunday, September 29, 2013

ဆီဒိုးနား ဟိုတယ်၌ ရုပ်သေးကြိုးဆွဲ ပညာရှင်တစ်ဦး ရုတ်တရက်သေဆုံး

ရန်ကုန် စက်တင်ဘာ ၂၈ ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းရှိ ဆီးဒိုးနား ဟိုတယ် ပထမထပ် မင်းတုန်းခန်းမ၌ စက်တင်ဘာ ၂၇ ရက် ညပိုင်းက ရုပ်သေးကြိုးဆွဲ ပညာရှင် တစ်ဦးသေဆုံး ခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ဦးကြည်မြင့် ၆၉ နှစ် ရုပ်သေးကြိုးဆွဲ ပညာရှင် ဇေယျသုခလမ်း  မေတ္တာညွန့် ရပ်ကွက်  တာမွေမြို့ နယ်နေသူ ဖြစ်ပြီး ၎င်းသည် ယင်းနေ့ည ၇ နာရီမှ ၇ နာရီခွဲ အထိ ဆီဒိုးနားဟိုတယ် မင်းတုန်းခန်းမ၌ ပြုလုပ်သည့် ထိုင်း-မြန်မာ ခရီးသွားလာရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး တွေ့ဆုံပွဲတွင် ''ထွေးဦး'' မြန်မာ့ရုပ်သေး အဖွဲ့နှင့်အတူ ကပြ ဖျော်ဖြေပြီး၍ ပစ္စည်းများ သိမ်းဆည်းနေစဉ်  ခေါင်းမူး၍  ရင်ဘတ်အောင့်နေကြောင်း ပြောကာ လဲကျသေ ဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ဦးကြည်မြင့်တွင် ပြင်ပ ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိဘဲ ၎င်းသည် နှလုံးရောဂါ၊ သွေးတိုးရောဂါများ ခံစား နေရသူဖြစ်ကြောင်း သိရသည်။

Source : Myawaddy News

Saturday, September 28, 2013

ပဲခူး ရွှေမောဓော စေတီတော်မြတ်ကြီးသို့ ပြည်ပ ခရီးသွားများ ပိုမိုလာရောက်

ပဲခူး  စက်တင်ဘာ ၂၆ နိုင်ငံတော်တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာသည်နှင့် အမျှ သမိုင်းဝင် ပဲခူး ရွှေမောဓော စေတီတော်မြတ်ကြီးသို့ ပြည်ပ ခရီးသွားများ လာရောက်မှုသည် ယခင်နှစ်များကထက် ပိုမိုများပြားလာကြောင်း သိရသည်။ ဘုရားဖူးများတွင် ဗုဒ္ဓဘာသာဝင် ထိုင်း၊ တရုတ်နှင့် ကိုရီးယားများ အများဆုံး လာရောက်လေ့ ရှိရာ အထူးသဖြင့် ယခု ရက်ပိုင်းအတွင်း ကိုရီးယား လူမျိုးများ မပြတ် လာရောက်လျက်ရှိသည်။ ပြည်ပဘုရားဖူး အများစုသည် စေတီတော် ရင်ပြင် အရှေ့ဘက်မုခ် အနီးရှိ ၁၉၁၇ ခုနှစ် မြေငလျင်တွင် မြေခခဲ့သော ငှက်ပျောဖူးတော်ပေါ်တွင် ပြန်လည်တည်ထားသည့် စေတီတော်ကို စိတ်ဝင်စားကြောင်း သိရသည်။

Source : Myawaddy News

Tuesday, August 27, 2013

ဂျပန်ကုမ္ပဏီ ဝင်ရောက်မှု ပြည်တွင်း လေကြောင်းလိုင်းများ ဂယက်ရိုက်

Asia Wing Air မှ လေယာဉ် တစီး (ဓာတ်ပုံ – AWA)
ပြည်တွင်း ပုဂ္ဂလိကလေကြောင်းလိုင်း Asia Wing Air (AWA) ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ဂျပန် လေကြောင်းလိုင်းကြီး တခုဖြစ်သည့် All Nippon Airways (ANA) သို့ ရောင်းချရန် စီစဉ်နေခြင်းကို လေကြောင်းလိုင်း အသိုင်းအ၀န်းမှ ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။
AWA ၏ ရှယ်ယာများကို ဝယ်ယူရန် ANA က အမေရိကန်ဒေါ်လာ ၃၀.၄၅ သန်း ပေးဖွယ်ရှိကြောင်း Nikkei စီးပွားရေး နေ့စဉ် သတင်းက အစောပိုင်းတွင် ရေးသားခဲ့သည်။
ပြည်တွင်းလေကြောင်းလိုင်းများ အကြား နိုင်ငံခြား လေကြောင်းလိုင်းများနှင့် ဖက်စက်လုပ်ကိုင်ရေးတွင် အကန့်အသတ်များ ထားရှိရေးကို မူအားဖြင့် သဘောတူထားခဲ့သော်လည်း AWA က ချိုးဖောက်ခြင်းကြောင်း ယင်းသို့ ဝေဖန်မှုများ ရှိနေခြင်း ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းလိုင်း တခုမှ အကြီးတန်းအရာရှိတဦးက ပြောသည်။
AWA လေကြောင်းလိုင်း အစုရှယ်ယာများ ဝယ်ယူရန် စီစဉ်ခြင်းသည် နိုင်ငံခြား လေကြောင်းလိုင်းတခု အနေဖြင့် မြန်မာပြည် အခြေစိုက် လေကြောင်းလိုင်း တခုမှ ပထမဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဂျပန်လေကြောင်းလိုင်း ANA က ဆိုသည်။
“လျင်မြန်စွာ ကြီးထွားလာနေတဲ့ အာရှ လေကြောင်းလိုင်း ဈေးကွက်ရဲ့ တိုးပွားလာနေတဲ့ အစုရှယ်ယာတွေကို ANA က အမိအရ ဖမ်းဆုပ်နိုင်ဖို့ ရည်ရွယ်ပါတယ်၊ နောက်ပြီး AWA မှာ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် မဟာဗျူဟာမြောက် ရည်မှန်းချက်ကို ထောက်ကူ ပေးနိုင်ပါလိမ့်မယ်” ဟု ANA က ပြောသည်။
AWA လေကြောင်းလိုင်းသည် စစ်အစိုးရလက်ထက် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ စတင် ထူထောင်သည့် လေကြောင်းလိုင်းဖြစ်ပြီး ထိုစဉ်က စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇနှင့် Sun Far Travels & Tours Co., Ltd ကုမ္ပဏီတို့ ပူးပေါင်းကာ ပြည်တွင်း၌ ပြေးဆွဲပျံသန်းရန် ထူထောင်ခဲ့သည်ဟု ပြည်တွင်းစီးပွားရေး အသိုင်းအဝိုင်းမှ သိရသည်။
ဦးတေဇသည် စစ်အစိုးရနှင့် နီးစပ်ခဲ့သူဖြစ်ပြီး အမေရိကန်နိုင်ငံနှင့် အနောက်နိုင်ငံများမှ စီးပွာေးရးပိတ်ဆို့မှု စာရင်းထဲတွင် ရှိနေဆဲဖြစ်သည်။
သို့သော် ANA က AWA လေကြောင်းလိုင်း၏ အစုရှယ်ယာကို ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ်လာချိန်တွင် AWA ကို မည်သည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်က ပိုင်ဆိုင်ကြောင်း သတင်းဌာနများက ဖော်ပြခြင်းမရှိပေ။
AWA လေကြောင်းလိုင်းသည် ပြီးခဲ့သည့် သြဂုတ်လက ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ အပတ်စဉ်ပြေးဆွဲရန် စီစဉ်ခဲ့သော်လည်း လတ်တလောတွင်မူ အစီအစဉ်ကို ဖျက်သိမ်းထားသည်ဟု သိရသည်။
လက်ရှိ ရန်ကုန်- ချင်းမိုင် တပတ်နှစ်ကြိမ် ခရီးစဉ်ကို ဦးတေဇပိုင် Air Bagan လေကြောင်းလိုင်းမှ ပြေးဆွဲလျက်ရှိသည်။

Source : Irrawaddy

Monday, August 05, 2013

ရန်ကုန် ဟိုတယ်ဇုန် အစီအစဉ် ဖျက်သိမ်း

ဒီနှစ် အစပိုင်းက ရန်ကုန် တိုင်း ဟိုတယ် ဇုန် ဆောက် မယ့် အစီ အစဉ် အတွက် မြေ နေရာ ရှာ မရလို့ ဖျက်သိမ်း လိုက်ပြီလို့ ရန်ကုန်တိုင်း ဟိုတယ် လုပ်ငန်းရှင်များ အသင်းက ပြောပါတယ် ။

ရန်ကုန် ဟိုတယ်ဇုန် ဆောက်ဖို့ လျာထား ခဲ့တဲ့ နေရာတွေက ရန်ကုန် - နေပြည်တော် အမြန် လမ်းမကြီး အစ လှည်းကူး မြို့နယ်က နေရာ၊ မှော်ဘီ မြို့နယ် ညောင်နှစ်ပင် အနီးနဲ့ မင်္ဂလာဒုံ မြို့နယ်ထဲက နေရာတွေ ပါပါတယ် ။

ဒါပေမဲ့ ဒီနေရာ တွေကို ဟိုတယ်ဇုန် ဆောက်ဖို့ သွား ကြည့်ပြီး နောက်ပိုင်း ဈေးတွေ ထိုးတက်လာပြီး စစ်တပ်ပိုင်မြေ တွေလည်း ပါနေလို့ မ,စနိုင် တာ ဖြစ်ပါတယ် ။

မြန်မာနိုင်ငံမှာ ဟိုတယ်ဇုန် ဆောက်မယ် ဆိုပြီး မြေ သိမ်းမှုတွေ ၂ဝဝဝ ပြည့်နှစ် ဝန်းကျင်က စလို့ အထူး များပြား လာပါတယ် ။

အထင်ရှားဆုံး ဥပမာကတော့ (၁၃) နှစ် လောက် ကြာတဲ့အထိ ဟိုတယ်တွေ မဆောက်နိုင် သေးတဲ့ ငွေဆောင် ကမ်းခြေ ဟိုတယ်ဇုန် စီမံကိန်း ၂ ဖြစ်ပါတယ် ။

လက်ရှိ ဟိုတယ်ဇုန်တွေ အသစ် ဖော်တဲ့ နေရာမှာ မြေယာ အငြင်းပွား မှု ပြဿနာ တွေ ရှိနေလို့ ဒီလို စီမံကိန်းတွေကို ချိန်ဆလာတဲ့ သဘော ရှိပါတယ် ။

ဒီလို စီမံကိန်းတွေ ဖြစ်မယ်လို့ သတင်းတွေမှာ ဖော်ပြပြီးမှ ပျက်သွားတာမျိုးဟာ နိုင်ငံတကာ ရင်းနှီး မြုပ်နှံသူ တွေရဲ့ စိတ်ဝင်စားမှုကို လျော့ကျစေပါတယ် ။

ကမ္ဘာလှည့် ခရီးသွားတွေ လာတာများလို့ မြန်မာနိုင်ငံအနှံ့ ဟိုတယ်ဇုန် စီမံကိန်း (၁၁) ခုထိ ဖော်ထုတ်ဖို့ ဟိုတယ် လုပ်ငန်းရှင်တွေက အဆိုပြု ခဲ့ပြီး မန္တလေး၊ ပုဂံ ၊ အင်းလေး စတဲ့ ဒေသတွေမှာ စီမံကိန်း တွေ စနိုင်နေပြီ ဖြစ်ပါတယ်။

Source : BBC Burmese

Saturday, August 03, 2013

အပူပိုင်း မုန်တိုင်း ချီဘီကြောင့် ဟိုင်နန်လေဆိပ်၌ ခရီးသည်ပေါင်း ၅ဝဝဝ ကျော်သောင်တင်

အပူပိုင်းမုန်တိုင်း ချီဘီသည် သြဂုတ် ၂ ရက် ညနေပိုင်းက ကုန်းတွင်း ပိုင်းသို့ ဝင်ရောက် လာသောကြောင့် တရုတ် နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် လေဆိပ်ရှိ ခရီးသည်ပေါင်း ၅ဝဝဝ ကျော် မှာ ဆန်ညာ ဖို့ခွမ် လေဆိပ်၌သောင်တင် ခဲ့ရကြောင်း သိရသည်။

ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် မုန်တိုင်းမှာ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ရန် နီးကပ် လာပြီ ဖြစ်သောကြောင့် အဆိုပါ လေဆိပ်ရှိ လေယာဉ် ခရီးစဉ် ၁ဝဝ ခန့်အား ဖျက်သိမ်း ခဲ့ ရကြောင်း သိရသည်။ ထိုလေယာဉ် ခရီးစဉ်များမှာ ပြည်တွင်း ဝင်ရောက် လေယာဉ် ခရီး စဉ်ပေါင်း ၅၆ ခုနှင့် ပြည်ပ ထွက်ခွာ လေယာဉ် ခရီးစဉ်ပေါင်း ၄၃ ခုတို့ ဖြစ်သည်။ လေကြောင်း လိုင်း တာဝန် ရှိသူ များနှင့် လေဆိပ် တာဝန် ရှိသူ များသည် အဆိုပါ ခရီးသည်များ အတွက် နေရာ ထိုင်ခင်းများ စီစဉ် ပေးခဲ့ ရကြောင်း။
 Source : Myawady News

Saturday, July 13, 2013

ကလော၊ ပုဂံနှင့် ရန်ကုန်တို့တွင် ငှက်ကြည့် အခြေခံသင်တန်းများ ဖွင့်မည်

ကမ္ဘာလှည့် ခရီးသွားဧည့်သည် သိသိသာသာ ဝင်ရောက်မှု များပြားလာသော မြန်မာနိုင်ငံ၌ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်လျက် အဆိုပါ ခရီးသွားဧည့်သည်များ အများဆုံး သွားရောက် လည်ပတ်ရာ ကလော၊ ပုဂံနှင့် ရန်ကုန်မြို့တို့တွင် ဧည့်လမ်းညွှန်များကို ငှက်ကြည့်ခြင်း အခြေခံသင်တန်းများ မကြာမီ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းထံမှ သိရှိရသည်။ အဆိုပါ သင်တန်းကို မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း (ရှမ်းပြည်နယ် တောင်ပိုင်းဇုန်)နှင့် ပူးပေါင်းစီစဉ်မှုဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ မင်္ဂလာခန်းမတွင် ဇူလိုင်လ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ လည်းကောင်း၊ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း (ပုဂံဇုန်)နှင့် ပူးပေါင်းစီစဉ်မှုဖြင့် ပုဂံမြို့ လောကနန္ဒာဘုရား၌ ဇူလိုင်လ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ လည်းကောင်း၊ မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမနှင့် လှော်ကားဥယျာဉ်တို့၌ သြဂုတ်လ ၉ ရက်မှ ၁၁ ရက်နေ့အထိ လည်းကောင်း အသီးသီးဖွင့်လှစ် ပို့ချသွားမည် ဖြစ်ကြောင်း၊ သင်တန်းတွင် မြန်မာနိုင်ငံရှိ ငှက်မျိုးစိတ်များ၊ ငှက်ကြည့်လေ့လာနည်းများနှင့် ငှက်မျိုးစိတ် ခွဲခြားနည်း၊ ရာသီပြောင်း ဆောင်ခိုငှက်များနှင့် ၄င်းတို့ပျံသန်းရာ လမ်းကြောင်းများ၊ ငှက်ကြည့် မှန်ပြောင်းနှင့် Field Guide စာအုပ် အသုံးပြုနည်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့် ဘာသာရပ်များကို မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းနှင့် တက္ကသိုလ်များမှ ကျွမ်းကျင်ပညာရှင်များနှင့် ပါမောက္ခဆရာ၊ ဆရာမများက စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း အသင်းအမှုဆောင်တစ်ဦးက ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်၊။

Source : Khit Lu Nge

Monday, July 08, 2013

ဗုဒ္ဓဂါယာတိုက်ခိုက်မှု အိန္ဒိယအစိုးရအပြင်းအထန်ရှုတ်ချ


အိန္ဒိယနိုင်ငံအရှေ့ဘက် ဘီဟာပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ် ထားရာ ဗုဒ္ဓဂါယာမှာ တနင်္ဂနွေနေ့က ဗုံးတွေဆက်တိုက် ပေါက်ကွဲခဲ့တဲ့ အတွက် မြန်မာနိုင်ငံသား ရဟန်းတော် တပါး အပါအ၀င် ဘုရားဖူး ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ဖြစ်တဲ့ UNESCO က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တခုအဖြစ် သတ်မှတ်ထားတဲ့ နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ နောက်ထပ် တိဘက် သံဃာတော်ကတော့ ဒဏ်ရာ ပြင်းထန်ပုံ ရတယ်လို့လည်း မျက်မြင်တွေ့ခဲ့တဲ့ ဘုရားဖူးသံဃာတော် တပါးက မိန့်ပါတယ်။

ကျောင်းဝင်းထဲမှာ ဗုံးပေါက်ကွဲတော့ အထိတ်တလန့် ဖြစ်ကုန်ကြပါ တယ်။ မြန်မာဘုန်းကြီး တပါး ဒဏ်ရာရပါတယ်။ နောက်ပြီး တိဘက် ဘုန်းတော်ကြီး တပါးလည်း ဒဏ်ရာတော်တော် ပြင်းပြင်းထန်ထန် ရပြီး သွေးတွေလည်း အများကြီးထွက်တာ တွေ့ပါတယ်။”
ပထမဆုံးဗုံး ၄ လုံးဟာ မဟာဗောဓိဘုရားကျောင်းဝင်းထဲမှာ ပေါက်ကွဲ ခဲ့တာဖြစ်ပြီး၊ နောက်ဆက်တွဲ အနီးအနားက ဘုန်းတော်ကြီးကျောင်းဝင်း တခုထဲမှာလည်း ၃ လုံးပေါက်ကွဲခဲ့သလို၊ ဉာဏ်တော်အမြင့်ပေ ၈၀ ရှိတဲ့ မဟာဗောဓိစေတီတော်အနီးနားမှာလည်း  နောက်ထပ် ၁ လုံးထပ်ပြီးပေါက်ကွဲ ခဲ့တာ ဖြစ်တဲ့အကြောင်း အိန္ဒိယ အာဏာပိုင်တွေ ကပြောပါတယ်။ ထိခိုက်ဒဏ်ရာတွေ ရသွားတဲ့ သံဃာတော်တွေကတော့ မဟာဗောဓိ စေတီတော် အနီးအနားက ပေါက်ကွဲမှုကြောင့် ဖြစ်တယ်လို့လည်း မျက်မြင်တွေ့ခဲ့သူ သံဃာတော်က မိန့်ပါတယ်။

ဘုန်းကြီးတပါးရဲ့ ဒဏ်ရာက တော်တော်ပြင်းပါတယ်။ ဘွဲ့ကိုတော့ မသိပါဘူး။ မဟာဗောဓိပင်တံတား နောက်ဘက်မှာ အသံအကျယ်ကြီး ပေါက်ကွဲခဲ့တာပါ။ ကျနော်တို့ ကြားသလောက်ဆိုရင် ကျောင်းဝင်းထဲမှာတင် ၄ လုံး ပေါက်ခဲ့ ပါတယ်။”
တိုက်ခိုက်ခံခဲ့ရတဲ့ နေရာဟာဆိုရင်တော့ ဂေါတမ မြတ်စွာဘုရား သဗ္ဗေညုတ ရွှေဉာဏ်တော်ရရှိခဲ့တဲ့ မဟောဗောဓိ ညောင်ပင်ရှိရာ နေရာအဖြစ်၊ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့နေရာဖြစ် ပါတယ်။ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံသားတွေ အပါအ၀င် ဘုရားဖူးသူတွေ ထောင်သောင်းချီပြီး လာရောက် လည်ပတ်လေ့ရှိကြပါတယ်။ ဒီလိုဘာသာရေးအရ အထွဋ်အမြတ်ထားတဲ့နေရာတွေကို အခုလို ပစ်မှတ်ထားပြီး ဗုံးခွဲတိုက်ခိုက်တဲ့အပေါ် အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်းကတော့ အပြင်းအထန် ရှုတ်ချလိုက်ပြီး တိုက်ခိုက်မှုကိုလည်း သည်းခံမှာ မဟုတ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပက်သက်ပြီး ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဖြစ်တယ်ဆိုတာတော့ ချက်ချင်းမသိရသေးပါဘူး။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုဟာ မကြာသေးခင်က  အိမ်နီးချင်းမြန်မာနိုင်ငံ အတွင်း ဗုဒ္ဓဘာသာ နဲ့ မူဆလင်တွေအကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့၊ စစ်သွေးကြွတွေက ပြန်ပြီး တိုက်ခိုက်တာဖြစ်တယ်လို့ အိန္ဒိယရဲဌာန နဲ့၊ အတိုက်အခံပါတီခေါင်းဆောင် တချို့က စွပ်စွဲနေကြပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Salman Khurshid ကတော့ ဒီဗုံးတွေကို ဘယ်သူတွေဖောက်ခွဲတယ် ဆိုတာကို တိကျတဲ့ သတင်းအချက်အလက်တွေ မရမချင်း  တစုံတရာ မှတ်ချက်မပေးနိုင်သေးတဲ့အကြောင်း၊ အများပြည်သူ ငြိမ်းငြိမ်းချမ်းချမ်း ဆုတောင်းမေတ္တာပို့သတဲ့ ဘာသာရေးနယ်မြေမှာ အခုလို သူရဲဘောကြောင်တဲ့ လုပ်ရပ်မျိုးကို လုပ်ခဲ့တဲ့အတွက်ကြောင့် ဒီဖြစ်ရပ်အတွက် အတော်လေးကို ၀မ်းနည်းမိကြောင်း အိန္ဒိယနိုင်ငံအနောက်မြောက်ဘက် Rajastahn ပြည်နယ်၊ Jaipur မြို့တော်မှာ ပြာဆိုသွားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး သတင်းအချက်အလက်တွေ ပိုပြီးရလာတဲ့အခါ ဒီကိစ္စနဲ့ ပက်သက်ပြီး ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။ အိန္ဒိယ အမျိုးသားထောက်လှမ်းရေး အေဂျင်စီ (NIA) ကလည်း ဒီပေါက်ကွဲမှုတွေနဲ့ ပက်သက်ပြီး စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ် လို့ပြောပါတယ်။
တနင်္ဂနွေနေ့ အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေ နောက်ပိုင်းမှာတော့ ဗုဒ္ဓဂါယာ အနီးတ၀ိုက်မှာ လုံခြုံရေးတွေကို တိုးမြှင့်ချထားလိုက်ပြီး အာဏာပိုင်တွေက သတိပေး နှိုးဆော်ချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။ သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း ခရီးသွားတွေရဲ့ ခန္ဓာကိုယ်ပေါ်နဲ့ သူတို့နဲ့အတူပါလာတဲ့ ခရီးဆောင်အိပ်တွေကို ရဲတွေက ပိုက်စိပ်တိုက်ပြီး ရှာဖွေနေကြပါတယ်။ ဗုဒ္ဓဂါယာမှာ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အနီးအနား ပြည်နယ်တွေမှာလည်း လုံခြုံရေးအတွက် သတိထားကြဖို့နဲ့ မသင်္ကာသူတွေကို ရှာဖွေစစ်ဆေးဖို့လည်း အာဏာပိုင်တွေက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားလိုက်ကြပါတယ်။
Source : VOA (Burmese)

ဗုဒ္ဓဂါယာပေါက်ကွဲမှု အကြမ်းဖက်တိုက်ခိုက်မှုဟု ပြည်နယ် ပြည်ထဲရေးဝန်ကြီးပြော

အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်ရှိ ဗုဒ္ဓဂါယာအရပ် မဟာဗောဓိစေတီတော်၌ တနင်္ဂနွေနေ့နံနက်၌ ဗုံး ၉လုံး ဖောက်ခွဲရန် အကြမ်းဖက်သမားများက ကြံစည်ခဲ့ပြီး ဗုံး ၄လုံးမှာ စေတီတော်အတွင်း၌ ပေါက်ကွဲခဲ့သည်ဟု Times of India သတင်းစာက ဆိုသည်။
မပေါက်ကွဲသေးသော ဗုံး ၃လုံးကို ကာမပ ဘုန်းကြီးကျောင်းအတွင်း ထောင်ထားခြင်းဖြစ်ပြီး ဥာဏ်တော်အမြင့်ပေ ၈ဝရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်အနီး နောက်ထပ် ၂လုံးကိုမူ မပေါက်ခွဲခင် ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ပေါက်ကွဲမှုမှာ နံနက် ၅နာရီခွဲနှင့် ၆နာရီအတွင်း ဖြစ်ပွားခဲ့ပြီး ခရီးသွားတိုးရစ် ၂ဦး၊ မြန်မာတစ်ဦးနှင့် တိဘက်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု ဆိုသည်။
ပြည်နယ် ပြည်ထဲရေးဝန်ကြီး အာနေးလ် ဂေါ့စ်ဝါမီက ဗုဒ္ဓဂါယာပေါက်ကွဲမှုသည် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေးအပေါ် အခြေခံသည့် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများပေါ်ပေါက်ပြီးနောက်ပိုင်း ဗုဒ္ဓဂါယာမှာ ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်သည်ဆိုသည့် ထောက်လှမ်းရေးသတင်းများ ရရှိခဲ့ခြင်းကြောင့် ပြည်နယ်လုံခြုံရေးများ စောင့်ကြည့်နေဆဲမှာပင် ဗုံးခွဲမှုပေါ်ပေါက်ခြင်းဖြစ်သည်ဟု ရဲချုပ်က ဆိုသည်။

ဗုံးခွဲမှုကြောင့် မဟာဗောဓိစေတီတော်လည်း ထိခိုက်မှုမရှိဘဲ ပရိဘောဂများသာ ပျက်စီးခဲ့ကြောင်းနှင့် ဗုဒ္ဓမြတ်စွာ သဗ္ဗညုတဥာဏ်တော်ရရှိခဲ့ရာ မဟာဗောဓိညောင်ပင်လည်း ထိခိုက်မှုလုံးဝမရှိခဲ့ကြောင်း ပြည်နယ်အရာရှိများက ဆိုသည်။

Source : Kamayut Media

လေဆိပ် ဝင်ပေါက်မှ ပြည်ပ ခရီးသွား ဝင်ရောက်မှု မြင့်တက်

ရန်ကုန် ဇူလိုင် ၇ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ဝင်ရောက်သည့် ဝင်ပေါက်များထဲမှ တစ်ခုဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံခြားသား ခရီးသွား ဧည့်သည် ဝင်ရောက်သည့် ဦးရေမှာ ယခုနှစ်ဝက် အတွင်း ယခင်နှစ် ကာလများနှင့် နှိုင်းယှဉ်ပါက ထက်ဝက် နီးပါးခန့် မြင့်တက် လာကြောင်း သိရသည်။
၂ဝ၁၂ ခုနှစ် ဇန်နဝါရီမှ ဇွန်အထိ ခြောက်လတာ ကာလအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်သည့် ဦးရေမှာ ၂၄၂၅၄၅ ဦးသာ ရှိခဲ့သည်။ ယခုနှစ်တွင် ပြည်ပ ခရီးသွား ဝင်ရောက်ခဲ့မှုနှုန်းမှာ ခြောက်လတာ ကာလအတွင်း ၃၄၄၈၃၂ ဦးအထိ မြင့်တက်လာသည့် အတွက် ယခင် နှစ်ထက် ၄၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြည်ပ ခရီးသွား ဝင်ရောက်မှုနှုန်းမှာ ၂ဝဝ၆ ခုနှစ်တွင် သိသာ ထင်ရှားစွာ တိုးမြင့် ဝင်ရောက်ခဲ့ သော်လည်း ၂ဝဝ၆ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ပြန်လည်ကျဆင်း သွားခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ပြည်ပ ခရီးသွားများ ဝင်ရောက်မှုနှုန်းမှာ တဖြည်းဖြည်း ပြန်လည်မြင့်တက် လာခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဝင်ရောက်မှု ပြန်လည်မြင့်တက် လာရခြင်းမှာ မြန်မာနိုင်ငံတွင် ပြုပြင် ပြောင်းလဲရေး စတင် ခဲ့သည့် ရွေးကောက်ပွဲ ကာလမှ စတင်ကာ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ အနေဖြင့် ယခင်ကာလ များထက် ပိုမိုစိတ်ဝင် စားစွာ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပြီး လာမည့် လများတွင်လည်း ခရီးသွားဧည့်သည် ဝင်ရောက်မှု အပိုင်းမှာ ယခုထက် ပိုမိုကာ စံချိန်တင် ဝင်ရောက် လာနိုင်ကြောင်း ပြည်တွင်းစီးပွားရေး သမားများက ခန့်မှန်းကြသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်များ အဝင်များ ရခြင်းမှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အတွက် လာရောက် လေ့လာသည့် သူများ များပြားစွာ ဝင်ရောက်ခဲ့ခြင်းနှင့် အတူ ပြည်ပခရီးသွားများ အနေဖြင့်လည်း ယခုမှသာ ခရီးသွား လာခွင့် ပိုမိုပွင့်လင်း လာမှုကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ရှုခင်းများကို လေ့လာ လိုသူများ ဝင်ရောက်မှု မြင့်တက် လာခဲ့ခြင်း တို့ကြောင့် ယခုခြောက်လတာ ကာလအတွင်း ခရီးသွား ဧည့်သည် ပိုမိုဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပရန် ရှိသည့် ဆီးဂိမ်းတွင်လည်း နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှုနှုန်းမှာ ယခု ခြောက်လထက် ပိုသွားနိုင်သည့် အတွက် မြန်မာနိုင်ငံတွင် ခရီးသွား ဝင်ရောက်မှု နှုန်းမှာ စံချိန်တင် မြင့်တက်လာနိုင်မည် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့် လက်ရှိ လိုအပ်နေသည့် ဟိုတယ်အခန်း လိုအပ်ချက်များကို ပြင်ဆင်ထားရန်လည်း လိုအပ်လျက် ရှိကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ် ထားသည်။

ကံထူး
Source : Myawady

Wednesday, June 26, 2013

အဲပုဂံပေါ် ဓားကိုင်တက်ရောက်ရန် ကြံစည်သူ တရုတ်နိုင်ငံသားခရီးသည် နှစ်ဦး ထိန်းသိမ်းခံရ

ရန်ကုန်  -  ဇွန်  - ၂၄   ။  

ညောင်ဦးမှ ရန်ကုန်သို့ ထွက်ခွာမည့် အဲပုဂံ လေယာဉ်ပျံပေါ်ကို လက်နက်ကိုင် ဆောင်ပြီး တက်ရောက်ရန် ကြံ ရွယ်သူ တရုတ်နိုင်ငံသားနှစ်ဦး အား လေကြောင်းရဲတပ်ဖွဲ့မှူး ရုံးမှ အရေးပေါ် စစ်ဆေးဆောင် ရွက်မှုများ ပြုလုပ်ခဲ့ရကြောင်း လေကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ဇွန် ၂၁ ရက်က ညောင်ဦး မှ ရန်ကုန်လေဆိပ်သို့ သွားမည့် တရုတ်နိုင်ငံသား နှစ်ဦးဖြစ်သည့် Mr Duan Jun   နှင့် Mr. Zhang Yunqing  တို့ နှစ်ဦးအနက် တစ် ဦးသည် ညောင်ဦးလေဆိပ်မှ ရန် ကုန်လေဆိပ်သို့ ထွက်ခွာမည့် အဲပုဂံ လေကြောင်းလိုင်း ATR  42 Forker  လေယာဉ် ထွက်ခွာ ခါနီးအချိန်တွင် ညောင်ဦး လေဆိပ်ပန်းခြံတွင် ဝှက်ထားသော အရိုးအသွား ရှစ်လက်မခန့်ရှိ မောင်းချဓားကို ယူဆောင်ကာ ဝှက်ပြီး လေယာဉ်ပေါ်သို့ ပြန်တက် မည်ပြု ချိန်တွင် လုံခြုံရေးတာဝန် ရှိသူများက ဖမ်းဆီးရမိခဲ့ပြီး ၄င်း တို့နှစ်ဦးကို လေကြောင်းရဲတပ် ဖွဲ့မှူးရုံးက စစ်ဆေးကာ ရန်ကုန် သို့ ဂျေဂျေအဝေးပြေး မော်တော် ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါ တရုတ် နိုင်ငံသား နှစ်ဦးကို ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးက ဆက်လက်စောင့်ကြည့် ရန် ညွှန်ကြားထားကြောင်းသိရ သည်။

လေကြောင်း ရဲတပ်ဖွဲ့မှူး ရုံးမှတာဝန်ရှိသူက ''သူတို့ကိုစစ် ဆေးပြီးပြန်လွှတ်လိုက်တယ်။ စစ် ဆေးမှု အသေးစိတ်တော့ ပြောလို့ မရဘူး။ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးက လောလောဆယ်သူတို့ နှစ်ဦးကို ခြေရာခံစောင့် ကြည့်ဖို့ ညွှန်ကြားထားတယ်။ ဆက်လက် ဆောင်ရွက်မှုတွေလဲရှိပါတယ်။ ကျန်တာတွေကိုတော့ မှတ်ချက်ပြု ပြောလို့ မရသေးဘူး'' ဟု ပြော သည်။ ယင်းသတင်းအား အဲပုဂံ က မှန်ကန်ကြောင်း အတည်ပြု ပေး ခဲ့သည်။ အဲပုဂံဥက္ကဌ ဦးထူးသက် ထွေးက ''သတင်းက မှန်ပါတယ်။ အဲဒီနေ့က တာဝန်ရှိသူတွေက အဲဒီ ခရီးသည်နှစ်ဦးကိုထားခဲ့လိုက်ပါ ဆိုတဲ့အတွက် သူတို့ကို ထားခဲ့ပါ တယ်။ ကျန်တာတွေကတော့ သက် ဆိုင်ရာ တာဝန်ရှိသူတွေ ဆက်လက် လုပ်ဆောင်မှာပါ''ဟု ပြော သည်။

လေယာဉ်လက်မှတ် ရောင်း ချရေးဌာန မြန်မာ့လေကြောင်း မှတာဝန်ရှိသူတစ်ဦးက ''လေယာဉ် လက်မှတ်ရောင်းချတဲ့အခါ မြန်မာ နိုင်ငံသားပဲဖြစ်ဖြစ်၊ နိုင်ငံခြားသား ပဲဖြစ်ဖြစ် သေချာစစ်ဆေးပြီးမှ ရောင်းချပါတယ်။ြူခေုငျအ မှာ ပါတဲ့ နိုင်ငံခြားသားတွေကိုတော့ လက်မှတ်မရောင်းဘူး။ အခုလက်ရှိ လေယာဉ်လက်မှတ်ရောင်းချတဲ့ နေရာမှာ လူတစ်ဦးချင်းစီရဲ့ သက်သေခံ အထာက်အထားတွေကို သေချာစစ်ပြီး ရောင်းချပါတယ်''ဟု ပြောသည်။ လွန်ခဲ့သော သုံးလေး နှစ် ခန့် ကလည်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ဖောက်ခွဲရန် ကြံစည်ခဲ့သူများအား သင်္ဃာန်းကျွန်း ရဲစခန်းမှ ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။

ကျော်မြတ်ဇံ

Source : Yangon Media Group

အနာဂတ်မရေရာသည့် မြန်မာ့ခရီးသွားလုပ်ငန်း

ဟိုတယ်အခန်းခဈေးကြီးသည်ဟု နာမည်ကြီးသော မြန်မာနိုင်ငံတွင် လာမည့်ခရီးသွားရာသီ အတွက် ကမ္ဘာလှည့်ခရီးသွားများ၏ အခန်းကြိုတင်မှာယူမှုလျော့နည်းနေ
----------------------------------
လာမည့် ခရီးသွားရာသီအတွက် ခရီးစဉ်များရောင်းချရာတွင် စိတ်ဝင်စားသူနည်းပါးနေပြီး ၀ယ်ယူသူ နည်းပါးနေကြောင်း ခရီးသွားကုမ္ပဏီများထံမှ သတင်းရရှိသည်။

မြန်မာပြည်ဆိုတော်ပါပြီ။ ဈေးကြီးတယ်ပဲပြောနေကြတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်ကျော်က ပြောသည်။ ထို့ကြောင့် ၂၀၁၂ ဇွန်လသို့ ရောက်ရှိလာသော်လည်း လာမည့်ခရီးသွားရာသီ (၂၀၁၃ အောက်တိုဘာမှ ၂၀၁၄ ဧပြီ ကာလအထိ) အတွက် နှစ်စဉ် ရောင်းချနေကြသော အုပ်စုလိုက်ခရီးစဉ်များမှာ ယခုအချိန်အထိ မရောင်းချရသေးကြောင်း Nature Dream ခရီးသွားကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ မစပယ်အောင်က ပြောသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အာဆီယံထိပ်သီးအစည်းအဝေးများကြောင့် သံတမန်များ၊ အားကစားသမားများ၊ စီးပွားရေးသမားများကြောင့်၊ ၂၀၁၃-၂၀၁၄ တွင် နိုင်ငံခြားသား လာရောက်မှုမှာ သိသိသာသာ လျော့မသွားနိုင်သော်လည်း ကမ္ဘာလှည့်ခရီးသွား လာရောက်မှုမှာ လာမည့် ရာသီတွင် လျော့သွားဖွယ်ရှိသည်။

ဦးသိန်းစိန်အစိုးရတက်လာပြီးနောက် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ၊ နိုင်ငံတကာသံတမန်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ လာရောက်မှု မြင့်တက်လာပြီး ဟိုတယ်အခန်းခများမှာ ဈေးတက်လာခဲ့သည်။
ပြီးခဲ့သည့် ၂ နှစ်နှင့် နှိုင်းယှဉ်လျှင် ဟိုတယ်အခန်းခ ဈေးနှုန်းများ သုံးဆခန့်တက်သွားပြီး ဒေသတွင်းနိုင်ငံများတွင် ဈေးအကြီးဆုံး နိုင်ငံဖြစ်လာခဲ့သည်။ အထူးသဖြင့် ရန်ကုန်မြို့ရှိ အဆင့်မြင့် ဟိုတယ်များ၏ အခန်းခဈေးနှုန်းများမှာ သိသိသာသာ ဈေးတက်သွားခဲ့ပြီး ဟိုတယ်အခန်းရရန်ပင် မလွယ်ကူသော အခြေအနေထိ ဖြစ်လာသည်။

ဟိုတယ်တွေက ဈေးကြီး၊ Guide (ဧည့်လမ်းညွှန်)တွေကလည်းဈေးကြီး၊ ၀င်ကြေးတွေက မြင့်၊ အခန်းကလည်းမရဆိုတော့ ဒီနှစ်ဆို ရောင်းချင်စိတ်တောင်မရှိပါဘူး” ဟု 7 Day ခရီးသွား ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ မဒါလီက ပြောသည်။ ထို့အပြင် ဟိုတယ်များက တည်းခိုရန်အတွက် အခန်းမှာယူစဉ်ကပင် ကြိုတင်ငွေပေးချေရမည့် ပေါ်လစီ ကျင့်သုံးလာကြသဖြင့် ခရီးသွားကုမ္ပဏီများအနေဖြင့် ခရီးစဉ်များချရန် ပိုမိုခက်ခဲလာသည်ဟု ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများက ပြောကြားသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် မတည်းခိုဖြစ်ပါက မှာယူထားသော အခန်းအတွက် ပေးချေထားရသည့် စရန်ငွေကို ပြန်မအမ်းပါ (Non-Refund) ဟု ဟိုတယ်နှင့် ခရီးသွား ကုမ္ပဏီများကြား ချုပ်ဆိုထားသော စာချုပ်များတွင် ပါရှိလာသည်။

ဘွတ်ကင်တင်ထားတဲ့အခန်းကို ရက်ပေါင်း ၆၀ အတွင်း၊ ရက်ပေါင်း ၉၀ အတွင်း Cancel (ဖျက်သိမ်း)လုပ်လည်း စရန်ကပြန်မရဘူး” ဟု ခရီးသွားကုမ္ပဏီတစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးက ပြောသည်။ ပုံမှန်အားဖြင့် နိုင်ငံတကာဟိုတယ်များတွင် ၄၅ ရက်မတိုင်မီ မှာယူထားသော အခန်းကို ပြန်လည်ဖျက်သိမ်းပါက ငွေကြေးတစ်စုံတစ်ရာမပေးရဘဲ ဂျာမနီနိုင်ငံတွင် ခရီးစဉ်မတိုင်မီ တစ်လကြို၍ ခရီးစဉ်ဖျက်သိမ်းပါက ငွေကြေးတစ်စုံတစ်ရာမပေးရချေ။ ပြည်ပနိုင်ငံများရှိ ခရီးသွားကုမ္ပဏီများက မြန်မာနိုင်ငံအတွက် ခရီးစဉ်များရောင်းချရာတွင် အနည်းဆုံးခြောက်လ၊ တစ်နှစ်ကြိုရောင်း
ချကြသည်။ ထို့ကြောင့်ပင် ခရီးသွားများလာရောက်မှုနည်းသော ယခုနှစ်မေလအတွင်း ကမ္ဘာ့လှည့် ခရီးသည်များ ၀င်ရောက်မှုများ လျော့နည်းနေသည်။

ဒီနှစ်မိုးရာသီက မနှစ်ကထက်နည်းတယ်။ လာမယ့်ရာသီအတွက်က သိပ်မရှိသေးဘူး” ဟု ပုဂံဒေသရှိသိရိပစ္စယာဟိုတယ်မှ ဈေးကွက်မန်နေဂျာ မစုစုခိုင်က ပြောသည်။
ထို့အပြင် ဧည့်သည်ရရှိမှု နည်းပါးသဖြင့် ဂျာမနီအခြေစိုက် Condo လေကြောင်းလိုင်းနှင့် ဟောင်ကောင်အခြေစိုက် EVA လေကြောင်းလိုင်းများမှ မြန်မာနိုင်ငံသို့ ပျံသန်းသော ခရီးစဉ်များ ရပ်နားထားခဲ့ကြသည်။

အစ်မတို့လည်း Connection Flight တွေရှိလို့ တော်နေသေးတယ်” ဟု စင်ကာပူမှ မြန်မာနိုင်ငံသို့ ပျံသန်းနေသော Silk Air လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
သို့သော် အစိုးရက ပြုစုထားသော စာရင်းများအရ ယခုနှစ်မေလအတွင်း ရန်ကုန်လေဆိပ်သို့ ဧည့်သည်ဝင်ရောက်မှုမှာ ယမန်နှစ်ကထက် ၄၀ ရာခိုင်နှုန်း ပိုများခဲ့သည်။
ထို့အပြင် ၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့်ခရီးသည် ၀င်ရောက်မှုမှာ နှစ်စဉ်မြင့်တက်လာခဲ့ပြီး နှစ်စဉ် ၃၀ ရာခိုင်နှုန်းခန့် တိုးလာခဲ့၍ ပြီးခဲ့သည့်နှစ်တွင် ရန်ကုန်လေဆိပ် ၀င်ပေါက်မှ နိုင်ငံခြားသား ခြောက်သိန်းခန့်ဝင်ရောက်ခဲ့သည်။ ထို့ကြောင့် လိုအပ်လျက်ရှိသော ဟိုတယ်အခန်းများ တိုးချဲ့ရန်အတွက် ဟိုတယ်အသစ်များ တိုးချဲ့တည်ဆောင်လာကြသည်။ ၂၀၁၃ ခုနှစ်တွင် ရန်ကုန်မြို့၌ Novotel Hotel Center , Point Hotel Amara Rose Hotel တို့ ဖွင့်ရန်ပြင်ဆင်နေပြီး ဟိုတယ်အခန်းပေါင်း ၈၀၀ ကျော် တိုးလာမည်ဖြစ်သည်။ အစိုးရအနေဖြင့် ၂၀၁၃ ခုနှစ်အတွင်း ဟိုတယ်အခန်းပေါင်း ၄၀၀၀ ခန့်ရရှိရန် မြန်မာနိုင်ငံအနှံ့အပြားတွင် စီမံကိန်းများအကောင် အထည်ဖော်လျက်ရှိသည်။

ဟိုတယ်အသစ်တွေဖွင့်လာရင်တော့ အခြေအနေကောင်းလာနိုင်တယ်။ အပြိုင်အဆိုင်ဖြစ်လာရင်တော့ ဈေးတွေလည်းဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးတွေဖြစ်လာလိမ့်မယ်” ဟု 7 Day ခရီးသွားကုမ္ပဏီမှ မဒါလီက ပြောသည်။ ဟိုတယ်အခန်းခဈေးနှုန်းများကြီးကာ ဟိုတယ်များ၏ ၀န်ဆောင်မှု နိုင်ငံတကာ အဆင့်မမီကြသေးသော်လည်း မြန်မာနိုင်ငံ အခြေအနေမှာ နိုင်ငံတကာမှာ သံတမန်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စားမှုများနေသဖြင့် နိုင်ငံခြားသားများ ၀င်ရောက်မှုမှာ ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ၀င်ရောက်မှုလျော့မသွားနိုင်ဘဲ ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုသာ လျော့ကျသွားနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များကခန့်မှန်းကြသည်။

မကြာသေးမီက နေပြည်တော်တွင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်နှင့် လက်ရှိနေပြည်တော်တွင် ကျင်းပနေသော ကျောက်မျက်ရတနာပြပွဲများကြောင့် နေပြည်တော်တွင် ဟိုတယ်အခန်းများ ဈေးနှစ်ဆခန့် မြင့်တက်သွားပြီး ဟိုတယ်များတွင်လည်း ဧည့်သည် အပြည့်အလျှံ ရရှိနေကြသည်။
ထို့အပြင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်-နေပြည်တော်မန္တလေးနှင့် ငွေဆောင်ကမ်းခြေတို့တွင် အရှေ့တောင်အာရှအား ကစားပွဲများ ပြုလုပ်မည်ဖြစ်သဖြင့် ထိုကာလအတွက် ဟိုတယ်များ အခန်းပြည့်နီးပါး ရရှိထားကြသည်။ အလားတူ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမည့် ၂၀၁၄ တွင် အာဆီယံထိပ်သီးအစည်းအဝေးအပြင် ဆက်စပ်အစည်းအဝေးများကြောင့် ရန်ကုန်နှင့် နေပြည်တော်ဟိုတယ်များတွင်မူ နိုင်ငံတကာသံတမန်ဧည့်သည်များ ထပ်မံရရှိကြဦးမည်ဖြစ်သည်။
ထို့ကြောင့် ရန်ကုန်မြို့နှင့် နေပြည်တော်မြို့များတွင် ဧည့်သည်ဝင်ရောက်မှုများ လျော့နည်းမသွား နိုင်သော်လည်း “ပုံမှန်ကတော့ ကျသွားမှာမဟုတ်ဘူး။ ရေရှည်မှာတော့ အပန်းဖြေ လေ့လာရေး ခရီးစဉ်တွေကတော့ နှေးသွားနိုင်တယ်။ ရှိပြီးသားဈေးကွက်ရှယ်ယာ ကျသွားနိုင်တယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်ကျော်က သုံးသပ်သည်။
သို့သော် အခြေခံလူတန်းစားများနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို မှီခိုလုပ်ကိုင်နေသူများအတွက် ကမ္ဘာလှည့်ခရီးသွားများကသာ များစွာအထောက်အကူပြုနိုင်သည်။

ရေးသားသူ- အောင်သူရ - 7Day News Journal

Tuesday, June 25, 2013

ပါကစ္စတန်တွင် နိုင်ငံခြားခရီးသည်တွေ ပစ်သတ်ခံရ

ပါကစ္စတန် နိုင်ငံ မြောက်ဘက် ပိုင်းက ဝေးလံ ခေါင်သီတဲ့ နေရာ တခုမှာ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် ၁၀ ဦး အပါအဝင် အနည်းဆုံး လူ ၁၁ ဦး၊ ပစ်သတ် ခံလိုက်ရ ပါတယ်။

နိုင်ငံခြားသား တွေဟာ ယူကရိန်း၊ တရုတ်နဲ့ ရုရှား နိုင်ငံတို့က ဖြစ်ကြပြီး၊ သူတို့ တတွေဟာ အဲဒီ ဒေသက အမြင့်ဆုံး တောင်တန်း တခုရဲ့ တောင်ခြေ ဟော်တယ် တခုမှာ တည်းခို နေကြတာ ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ စစ်ယူနီဖေါင်း ဝတ်ထားတဲ့ လူ ၂၀ လောက် ကနေ ဟော်တယ်ကို ဝင်စီးပြီး ပစ်သတ် သွားခဲ့တာ ဖြစ်ပါတယ်။ ပါကစ္စတန် ဧည့်လမ်းညွှန် တဦးပါ သေဆုံး သွားခဲ့ပါတယ်။ အခု အချိန်မှာတော့ အဲဒီ ဒေသကို ရဲနဲ့ စစ်တပ်က ပိတ်ထား လိုက်ပြီလို့ ဂီဂစ် ဘောလ်တီစတန် ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

ဆူနီ စစ်သွေးကြွ အဖွဲ့တခုနဲ့ ပါကစ္စတန် တာလီဘန် တွေက ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာ လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ လက တာလီဘန် ထိပ်တန်း တပ်မှူး တဦး အမေရိကန် ဒရုန်း လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံး သွားခဲ့ ရတာကို ပြန် လက်စားချေတဲ့ အနေနဲ့ အခုလို လုပ်တာလို့ တာလီဘန် ပြောခွင့် ရသူက ပြောပါတယ်။

ပြည်ထဲရေး ဝန်ကြီး ကတော့ တိုင်းပြည်ရဲ့ လုံခြုံရေး အေဂျင်စီတွေဟာ အလုပ်ကို ပုံမှန် မဆောင်ရွက် နိုင်ခဲ့ဘူး ဆိုပြီး ဝေဖန်လိုက်ပါတယ်။

Source : BBC burmese

Saturday, June 22, 2013

ဖိုဝင်းတောင်အနီး အင်ကြင်းတောင် ကြိုးပြင်ကာကွယ်တော ထိန်းသိမ်းရန် သတိပေး တားမြစ်ချက် ထုတ်ပြန်ကြေညာ

မုံရွာခရိုင် ယင်းမာပင်မြို့နယ် ဖိုဝင်းတောင် အနီးဝန်းကျင်ရှိ ဧက ၆၄၀ ရှိသော အင်ကြင်းတောင် ကြိုးပြင် ကာကွယ်တောကို သစ်တောဦးစီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက သစ်တောသစ်ပင် မပျောက်ကွယ်ရေးအတွက် အထူးကြပ်မတ်ဆောင်ရွက် ထိန်းသိမ်းထားကြောင်း သိရသည်။ အဆိုပါ အင်ကြင်းတောင် ကြိုးပြင်ကာကွယ်တော မပျောက်ကွယ်စေရေးအတွက် ကျူးကျော်ဝင်ရောက် နေထိုင်ခြင်းများ မပြုရန် တားမြစ်ထားသလို အိမ်မွေးတိရစ္ဆာန်များအား စားကျက်ချခြင်း (သို့မဟုတ်) ကျူးကျော် ဝင်ရောက်ခြင်းများ မရှိစေရန် ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မြေကို ခုတ်ထွင် ရှင်းလင်းခြင်း၊ ထူးဆွခြင်း (သို့မဟုတ်) မူလအနေအထားကို ချဲ့ထွင်စေခြင်းများကို လည်းကောင်း၊ ရေစီးရေလာ ပျက်စေခြင်း၊ ရေတွင် အဆိပ်ခတ်ခြင်း၊ ဓာတုဗေဒပစ္စည်း (သို့မဟုတ်) ပေါက်ကွဲစေတတ်သော အရာများအား အသုံးပြုခြင်းများကို တားမြစ်ထားသည်။ သစ်တောအတွင်း မီးကူးစက်ပြန့်ပွားစေနိုင်သော မီးမွှေးခြင်း၊ မီးသယ်ခြင်း (သို့မဟုတ်) မီးကြွင်းမီးကျန်များ ထားရှိခြင်း၊ တိရစ္ဆာန်များကို ပစ်ခတ်ခြင်း၊ အမဲလိုက်ခြင်း (သို့မဟုတ်) ငါးဖမ်းခြင်းများကို တားမြစ်ထားသကဲ့သို့ မည်သည့်သစ်ပင်ကိုမဆို ခုတ်လှဲခြင်း (သို့မဟုတ်) အခြား နည်းဖြင့် ပျက်စီးစေခြင်း၊ ချိုးဖြတ်ခြင်း၊ ထစ်မှတ်ခြင်း၊ ထွင်းဖောက်ခြင်း (သို့မဟုတ်) သင်းသတ်ခြင်းများကို တင်းကျပ်စွာ တားမြစ်ထားကြောင်း သိရသည်။ အဆိုပါ ကန့်သတ်နယ်မြေအတွင်း တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်သူ မည်သူမဆို သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးပိုင်ခွင့်ရှိကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

Wednesday, June 19, 2013

ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ဧည့်သည်များ မြန်မာနိုင်ငံသို့ လေ့လာရေးခရီး လာရောက်လည်ပတ်

မြန်မာနိုင်ငံ Marvellous Memory Travels And Tours Co,.Ltd. နှင့် ကမ္ဘောဒီးယားနိုင်ငံ အခြေစိုက် Caraval Angkor Tours တို့၏ ပူးပေါင်း စီစဉ်မှုဖြင့် ထိုင်းနိုင်ငံသား Mr.Ny Youn လိုက်ပါလျက် ဗီယက်နမ်နိုင်ငံသား ၂၄ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား တစ်ဦး၊ သြစတြေးလျနိုင်ငံသား နှစ်ဦးတို့ ပါဝင်သော ခရီးသွားအဖွဲ့သည် မော်တော်ယာဉ် ၁ဝ စီးဖြင့် ဇွန် ၁၆ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ဘားအံမြို့များကို ဖြတ်သန်း၍ မွန်ပြည်နယ် ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူး ဆက်လက် ထွက်ခွာသွားသည်။ ဧည့်လမ်းညွှန် ဦးအောင်ကျော်ဦးက ဦးဆောင်၍ ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ ပုဂံ၊ ရန်ကုန်မြို့၊ မော်လမြိုင်မြို့များသို့ ဘုရားဖူးလေ့လာရေး လှည့်လည်ကြမည် ဖြစ်ပြီး ဇွန် ၂၁ ရက်တွင် မြန်မာနိုင်ငံ မြဝတီမြို့ ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ထုတ် မြန်မာအလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

မြန်မာ့ဆင်ဖြူတော် ထိုင်းပြည်သူများ လာရောက်ကြည့်ရှုနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးမည်

မြန်မာ့ဆင်ဖြူတော် ထိုင်းနိုင်ငံသို့ ငှားရမ်းမည့် အစီအစဉ် မရှိကြောင်း၊ ချင်းမိုင်ရှိ ထိုင်းပြည်သူများ မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှုနိုင်ရန် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် Forum for East Asia Latin America Cooperation Meeting သို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့သို့ ရောက်ရှိစဉ် ဇွန် ၁၃ ရက်က ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Surapong Towichchaikul နှင့် သီးခြား တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာ-ထိုင်း သံတမန် ဆက်သွယ်မှု ၆၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အခမ်းအနားများ ကျင်းပရာတွင် မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ထိုင်းနိုင်ငံသို့ ခြောက်လကြာ ငှားရမ်းပေးပြီး ချင်းမိုင်မြို့ရှိ တိရစ္ဆာန်ရုံတွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်လိုကြောင်း၊ ချင်းမိုင် တိရစ္ဆာန်ရုံကို ရွေးချယ်ရခြင်း အကြောင်းရင်းမှာ ချင်းမိုင်သည် မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆက်ဆံမှု သက်တမ်း နှစ်ပေါင်း ၂ဝဝ ကျော် ရှိခဲ့သောကြောင့် ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်အထိ သယ်ဆောင်ရေးမှာ အခက်အခဲများ ရှိကြောင်း၊ ထိုင်းပြည်သူများ မြန်မာ့ ဆင်ဖြူတော်ကို အလွယ်တကူ လာရောက် ကြည့်ရှုလေ့လာ နိုင်ကြစေရန်အတွက် အထူးလေကြောင်း၊ ခရီးစဉ်များ ညှိနှိုင်းဆောင်ရွက်ပါက အဆင်ပြေမည် ဖြစ်ကြောင်း၊ ဆင်ဖြူတော် လေ့လာရေး ခရီးစဉ်သည် နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနှီးချစ်ကြည်မှုများ ပိုမိုမြင့်မားစေနိုင်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုလည်း အထောက်အကူ ပြုစေနိုင်ကြောင်း၊ ပြန်လည် ဆွေးနွေးခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်  ဖော်ပြထားပါသည်

Source : Khit Lu Nge

Friday, June 14, 2013

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်မှုများ ပြုလုပ်နေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ခရီးသည်များ ဝင်ထွက်သွားလာမှု တဖြည်းဖြည်း များပြားလာလျက် ရှိသဖြင့် အဆင့်မြှင့်တင်မှုနှင့် တိုးချဲ့မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မကြာမီ ဂျပန်ကုမ္ပဏီတစ်ခုက တာဝန်ယူ လုပ်ကိုင်တော့မည် ဖြစ်သည်။ လောလောဆယ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ပြည်တွင်းခရီးသည် နားနေဆောင်ကို ဖြိုချမှုများ ပြုလုပ်လျက်ရှိပြီး အဆင့်မြှင့်တင်မှု ပြုလုပ်ရန် စီစဉ်နေသည်။ အဆိုပါ ခရီးသည်နားနေဆောင်ကို နှစ်ထပ်ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။ ထို့အတူ လေယာဉ် ရပ်နားရာ ဧရိယာတစ်ခုကိုလည်း လေယာဉ်ပြေးလမ်း၏ တောင်ဘက်တွင် တိုးချဲ့ပြုလုပ်လျက် ရှိသည်။ အဆိုပါ လုပ်ငန်းများကို လောလောဆယ်တွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။ ထိုသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် လုပ်ငန်းများကို မကြာမီ ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ရာ နိုင်ငံတကာ လေဆိပ်များအတိုင်း အရည်အသွေး စံချိန်မီ ဖြစ်စေရန် စီစဉ်လုပ်ကိုင်သွားမည် ဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် ဝင်ထွက်သွားလာမှု ဦးရေ ၂ ဒသမ ၇ သန်းခန့် ရှိနေရာ လာမည့် ၂ဝ၁၅ ခုနှစ်တွင် နှစ်စဉ် ခရီးသည် အဝင်အထွက် ၅ ဒသမ ၅ သန်းအထိ ဝင်ထွက်သွားလာနိုင်ရေး မျှော်မှန်းပြီး လေဆိပ်လုပ်ငန်းများကို အဆင့်မြှင့်တင်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ စီးပွားရေးသမားများ၊ ကုမ္ပဏီများ၊ ကမ္ဘာလှည့်များနှင့် အခြားသော ကိစ္စရပ်အမျိုးမျိုးဖြင့် လာရောက်ကြသူ ပြည်ပမှ ဧည့်သည်များအတွက် ပိုမိုအဆင်ပြေစွာ လာရောက်နိုင်ရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

Thursday, June 13, 2013

မုဆိုးများ၏ အန္တရာယ်ကြောင့် ကမ္ဘာ့ရှားပါး သတ္တဝါများ မျိုးသုဉ်း နေရကြောင်း သစ်တော ဦးစီးဌာနမှ ပြောကြား

မြန်မာနိုင်ငံရှိ ကမ္ဘာ့ရှားပါး သတ္တဝါများ အဓိက မျိုးသုဉ်းပျောက်ကွယ် နိုင်သော အန္တရာယ်မှာ မုဆိုးများကြောင့် ဖြစ်ကြောင်း တနင်္သာရီ ကြိုးဝိုင်းသစ်တောကို ထိန်းသိမ်း စောင့်ရှောက်လျက် ရှိသော တာဝန်ရှိသူတစ်ဦးက  ပြောကြား ခဲ့သည်။

''ရှားပါး သတ္တဝါတွေ မြန်မာနိုင်ငံမှာ ရှိပါတယ်။ ဥပမာကြံ့သူတော် တို့လိုပေါ့၊ ဒါပေမဲ့  နေရာအတိအကျ ပြောဖို့က မုဆိုးအန္တရာယ်က အရမ်းကြီးပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့ရှားပါး သတ္တဝါများ အားလုံးမှာ မုဆိုးများ၏ အန္တရာယ်က အဓိက ခြိမ်းခြောက် ခံနေရပြီး နေထိုင်မှု ဓလေ့များပါ ပြောင်းလဲမှုများရှိကြောင်း သိရသည်။  မြန်မာနိုင်ငံရှိ အကြီးဆုံး ကျားထိန်းသိမ်းရေး စခန်းကြီး ဖြစ်သော ဟူးကောင်း တောင်ကြား၌ လည်း မုဆိုးအန္တရာယ် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ကမ္ဘာ့ရှားပါး စာရင်းဝင် ဧရာဝတီ လင်းပိုင်များမှာလည်း တစ်နှစ်ထက်တစ်နှစ် နေထိုင်မှု ဓလေ့များပြောင်းလဲလာခြင်းမှာ ငါးဖမ်းဆီးသော မုဆိုးများက တရားမဝင် သတ်မှတ်ထားသော ငါးဖမ်း နည်းစနစ်များကို အသုံးပြုလာခြင်း တို့ကြောင့်ဖြစ်ကြောင်း ရေသယံ ဇာတထိန်းသိမ်းရေး ပညာရှင်တစ်ဦးက  သုံးသပ်ပြောကြားခဲ့သည်။

ဆင်အကောင် ရေကျဆင်းလာမှုများမှာလည်း မုဆိုးများ၏ သတ်ဖြတ်မှုများကြောင့် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် သဘာဝဘေးမဲ့တောပေါင်း များစွာရှိပြီး ငှက်အမျိုးပေါင်း တစ်ထောင်ကျော်နှင့် နို့တိုက် သတ္တဝါများစွာ ရှိနေသည်။ မြန်မာ့ သဘာဝသားငှက် တိရစ္ဆာန်များမှာ နှစ်စဉ် အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့ရောင်းချခြင်းခံနေရပြီး တရားမဝင် သယ်ဆောင်မှုများကိုလည်း နှစ်စဉ် ဖမ်းဆီး နေရကြောင်း သိရသည်။

Source : Myawady

ကမ္ဘောဇကုမ္ပဏီအုပ်စု MAI လေကြောင်းလိုင်းကိုရာနှုန်းပြည့်ပိုင်ဆိုင်ပြီ

နိုင်ငံတော်အစိုးရနှင့် အ ကျိုးတူဆောင်ရွက်နေသော အပြည် ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI ကို ကမ္ဘောဇကုမ္ပဏီအုပ်စုက ၁၀၀ရာခိုင်နှုန်း (တစ်ဦးတည်းပိုင်) ပိုင်ဆိုင်သွားပြီဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ ဒါရိုက်တာ ဦးညိုမြင့်ကပြောသည်။

“ပြီးခဲ့တဲ့လကမှ MIC (ရင်းနှီးမြှုပ်နှံမှုကော်မရှင်)က ခွင့်ပြုပေးလိုက်တာပါ”ဟု ဦးညိုမြင့်ကပြောသည်။ နိုင်ငံတော်ပိုင်ဖြစ်ခဲ့သော MAI လေကြောင်းလိုင်းကို ၂၀၁၀ ပြည့်နှစ်ဆန်းပိုင်းမှစ၍ ကမ္ဘောဇကုမ္ပဏီအုပ်စုမှ ၈၀ ရာခိုင်နှုန်း၊ အစိုးရမှ ၂၀ ရာခိုင်နှုန်းဖြင့် ပူးတွဲလုပ်ဆောင်ခဲ့သည်။

MAI လေကြောင်းလိုင်းကို တိုးချဲ့ကာနိုင်ငံတကာလေကြောင်းလိုင်းများနှင့် ပူးပေါင်းဆောင်ရွက်လိုသဖြင့် တစ်ဦးတည်း ပိုင်ခွင့်ပြုပေးရန် တောင်းဆိုခဲ့ရာမှ သက်ဆိုင်ရာက မေလမှစ၍ တစ်ဦးတည်းပိုင်ခွင့် ပြုပေးလိုက်ခြင်းဖြစ်ကြောင်း ဦးညိုမြင့်ကပြောသည်။ ထို့ကဲ့သို့ တစ်ဦးတည်းပိုင် လေကြောင်းလိုင်းဖြစ်သွားသဖြင့် ထူးကုမ္ပဏီအုပ်စုပိုင် အဲပုဂံလေကြောင်းလိုင်းမှ ငှားရမ်းထားသော လေယာဉ်များ ဆက်လက်မငှားရမ်းတော့ကြောင်း ဦးညိုမြင့်ကဆိုသည်။

“တစ်ဦးတည်းပိုင် ဖြစ်သွားတော့ ဆုံးဖြတ်ချက်ပိုင်းမှာ အဓိက ကွာသွားမှာပေါ့”ဟု အဲအေးရှားလေကြောင်းလိုင်းက အဆင့်မြင့် အရာရှိ တစ်ဦးကပြောသည်။ MAI လေကြောင်းလိုင်းမှာ ကမ္ဘောဇကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ပြီး နောက်ပိုင်း လေယာဉ်အသစ်များ တိုးချဲ့ ၀ယ်ယူလာခဲ့ပြီး လက်ရှိတွင် အဲဘက်စ်ကိုးစီးပိုင်ဆိုင်ထားပြီဖြစ်သည်။

လက်ရှိတွင် အဆိုပါ လေကြောင်းလိုင်းသည် ပြည်ပနိုင်ငံ ၇ နိုင်ငံသို့ ပျံသန်းနေပြီး ဂျက်စတာ၊ ကိုရီးယားနှင့် အေးရှားနား လေ ကြောင်းလိုင်းများနှင့် Code Share လုပ်ထားကြောင်း အဆိုပါ လေကြောင်းလိုင်းမှဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာကပြောသည်။

Source : 7Day News Journal

မလေးမှ ပြန်မည့် မြန်မာလုပ်သားများအား Golden Myanmar လေကြောင်းလိုင်းမှ အခမဲ့ စီးနင်းခွင့် ပြုမည်

မလေးရှားနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေသော မြန်မာ မိသားစုများ ဘန်ကောက် နှင့် စင်ကာပူမှ ပြန်မည် ဆိုပါက Golden Myanmar လေကြောင်းလိုင်းမှ အခမဲ့ စီးနင်းခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။

Golden Myanmar
လေကြောင်းလိုင်းသည် ဘန်ကောက် ၊ စင်ကာပူ ၊ ရန်ကုန် - မန္တလေး ခရီးစဉ် ပြေးဆွဲနေခြင်းကြောင့် ရန်ကုန် နှင့် မန္တလေး ခရီးစဉ် နှစ်ခုလုံး အား အခမဲ့ စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

စီးနင်းလိုသူများ သည် မလေးရှား နိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေသူများဖြစ်ကြောင်း မြန်မာ သံရုံးထောက်ခံချက် ပါရှိရမည် ဖြစ်ပြီး လေယာဉ်လက်မှတ် အခမဲ့ ပေးမည် ဖြစ်သော်လည်း လေဆိပ် ၀န်ဆောင်ခ များကို စီးနင်းသူမှ ပေးဆောင်ရမည် ဟု Golden Myanmar လေကြောင်းလိုင်းမှ တာဝန်ရှိသူက ပြောသည်။

Golden Myanmar
လေကြောင်းလိုင်းကို ဆက်သွယ်လိုပါက စင်ကာပူ ဖုန်း နံပါတ် ၀၀၆၅ - ၉၁၈၂၉၃၉၀ ၊ ဘန်ကောက် ဖုန်းနံပါတ် ၀၀၆၆ -၂၁၃၄၇၉၃၈ / ၂၁၃၄၇၉၃၉ / ၈၄၉၉၀၆၀၉၀ သို့ ဆက်သွယ်နိုင်ပြီး Email ဖြင့် ဆက်သွယ် မည် ဆိုပါက www.gmairlines.com သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Source : Popular


Monday, June 10, 2013

ကျိုက္ခမီ-ရန်ကုန် ရာဇာမင်းမှန်လုံယာဉ် ခရီးသည်ဟန်ဆောင် ဓါးပြတိုက်ခံရ

မွန်ပြည်နယ် သထုံမြို့နယ် တောင်စွန်းကျေးရွာ မိုင်တိုင်အမှတ် (၁၅၄/၄) နှင့် (၁၅၄/၅) အကြားတွင် ဇွန် ၈ ရက် ည ၉ နာရီက ကျိုက္ခမီမှ ရန်ကုန်ဘက်သို့ ခရီးသည် ၃ဝ ခန့် လိုက်ပါစီးနင်းလာသည့် ယာဉ်မောင်း ဦးဇော်လင်းထူး (၃၈နှစ်) မောင်းနှင်လာသော ရာဇာမင်း ခရီးသည်တင် မှန်လုံအမြန်ယာဉ် ယာဉ်အမှတ် ၈ဇ/...အား ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် အမည်မသိလူငါးဦးက ပစ္စတိုသေနတ်ထုတ် ပစ်ခတ်ကာ လုယက် ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည်။ ''သေနတ်သမားငါးဦးက မျက်နှာကို ဖုံးအုပ်ထားပြီး ကက်ဦးထုပ်တွေ ဆောင်းထားပါတယ်။ ကားကို ဘုရားကုန်း ဘုန်းကြီးကျောင်းကွေ့အနီး အောင်းစိုင်ကျေးရွာ အဝင်လမ်းအတွင်း တစ်ဖာလုံခန့်အထိ မောင်းဝင်ခိုင်းပြီး ယာဉ်ပေါ်ပါ ခရီးသည်အားလုံး အောက်ကို ဆင်းခိုင်းပြီး ကားနဲ့ ဝါးတစ်ပြန်လောက် အကွာမှာ ခေါင်းပေါ်လက်တင်ပြီး မှောက်ခိုင်းထားတယ်။ ကားမီးရှို့မယ်လို့ ခြိမ်းခြောက် ပြောဆိုပြီးတော့ ခရီးသည်များထံမှ ရွှေငွေပစ္စည်းတွေကို လုယူသွားခဲ့ပါတယ်'' ဟု အကူယာဉ်မောင်း တစ်ဦးဖြစ်သူ ဦးညီညီအောင်က ပြောကြားသည်။ အဆိုပါ ပစ်ခတ်လုယက်မှုကြောင့် ယာဉ်နောက်လိုက် တစ်ဦးဖြစ်သူ ဦးနိုင်လင်းထွန်း အသက် (၂၆နှစ်) အဘအမည်နှင့် နေရပ်စိစစ်ဆဲမှာ ဦးခေါင်းဒဏ်ရာရကာ နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်မောင်း ဦးဇော်လင်းထူးမှာ ပါးစပ်ဒဏ်ရာရရှိကာ သထုံခရိုင် ပြည်သူ့ဆေးရုံမှ တစ်ဆင့် မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ အတွင်းလူနာအဖြစ် ကုသခဲ့ရာ ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ခရီးသည်ဟန်ဆောင် လူဆိုးငါးဦးက ကားကိုမီးရှို့ရန် ပြုလုပ်ကြသေးသော်လည်း အချိန်မရသည့်အတွက် မရှို့နိုင်တော့ဘဲ ထွက်ပြေးသွားကြကြောင်း သိရသည်။ ယာဉ်ပေါ်ပါ ခရီးသည်များအား သက်ဆိုင်ရာ တာဝန်ရှိသူတို့က နေရပ်အရောက် ပြန်လည်ပို့ဆောင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။ သထုံမြို့နယ် မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၉၆)အရ တရားလိုပြု အမှုဖွင့်အရေးယူကာ ပြစ်မှုကျူးလွန်သူတို့ကို အမြန်ဆုံး ဖမ်းမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

Asia Plaza Hotel နှင့် အခြား ဟိုတယ်များရှိ ဆိုင်ခန်းများနှင့် ရုံးခန်းများ နိုဝင်ဘာလကုန်တွင် အပြီး ပြောင်းရွှေ့ ပေးရမည်

ရန်ကုန် ဇွန် ၉ ရန်ကုန် မြို့လယ်ကောင်တွင် တည်ရှိသော Asia Plaza Hotel ရှိဆိုင်ခန်း များနှင့် သင်တန်းများ အားလုံး ယခုနှစ် နိုဝင်ဘာ လကုန်တွင် အပြီးပြောင်းရွှေ့ ပေးရမည် ဖြစ်ကြောင်း Asia Plaza Hotel ရှိ ဆိုင်ခန်းရှင်များ ထံက စုံစမ်း သိရှိရသည်။

ရန်ကုန်မြို့တွင် ၂ဝ၁၁ ခုနှစ်မှ စ၍ ခရီးသွား ရာသီတွင် ဟိုတယ်အခန်းများ မလုံလောက်သည့်အတွက် ၂ဝ၁၂ ခုနှစ်က သမ္မတ ဟိုတယ်ရှိ သင်တန်းများနှင့် ရုံးခန်းများကို ဟိုတယ် အခန်းများ ထပ်တိုးရန် ပြောင်းရွှေ့ ပေးရပြီး ယခုနှစ်တွင် နိုင်ငံခြားသား ဧည့်သည် များပြားလာမှုကြောင့် ရန်ကုန်မြို့ရှိ ဟိုတယ်များတွင် အခန်းများ ထပ်တိုးရန် ထိုသို့ ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း သိရ သည်။

Asia Plaza Hotel အပြင် အင်းယားလိတ် (Inya Lake) ဟိုတယ်ရှိ ရုံးခန်းများ သည်လည်း ယခုနှစ် အတွင်း ပြောင်းရွှေ့ ပေးရမည် ဖြစ်ကြောင်း ပုဂ္ဂလိက ရုံးခန်း ဖွင့်လှစ်ထားသူ တစ်ဦးထံက စုံစမ်း သိရသည်။ ရန်ကုန်မြို့သို့ နှစ်စဉ် ခရီးသွား ဧည့်သည် အများအပြား ရောက်ရှိ လာသောကြောင့် ထိုင်း၊ စင်ကာပူနှင့် ဗီယက်နမ် စသော နိုင်ငံများ အနေဖြင့် ပြည်တွင်း လုပ်ငန်းရှင်ကြီး များနှင့် ပူးပေါင်းပြီး ဟိုတယ် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လာကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ယခုနှစ်တွင် ခရီးသွား ဧည့်သည် ပိုမို များပြားလာမည် ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင်များ အသင်းက ခန့်မှန်းထားသည်။

Source : Myawady

Saturday, June 08, 2013

နိုင်ငံခြားသား ခရီးသွားများ ငွေလဲလှယ်ရာတွင်ငွေလဲလှယ်ရေး စင်တာများကိုသာ အသုံးပြုသင့်

ရန်ကုန်  ဇွန်  ၇ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် ကြသော နိုင်ငံခြားသား ခရီးသွားများ နိုင်ငံခြားငွေကြေး လဲလှယ်ရာတွင် ငွေကြေးလဲလှယ်ရေး စင်တာများသို့သာ သွားရောက်၍ ငွကြေးလဲလှယ်မှုများ ပြုလုပ်သင့်ကြောင်း ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ နိုင်ငံခြားသား ခရီးသွားများသည် ငွေလဲလှယ်ရာတွင် ပြည်တွင်း တရားမဝင် ငွေရောင်းဝယ်ရေး ဈေးကွက် အတွင်းသို့ သွားရောက်၍ ငွေလဲလှယ်မှုများ ပြုလုပ်နေပြီး ယင်းသို့ ပြုလုပ်မှုများမှ မသမာမှုများနှင့် ကြုံတွေ့သည့်အခါ ရဲစခန်းရုံးသို့  ရောက်ရှိလာကာ ပြဿနာများ ဖြေရှင်းပေးရန် အကူအညီ တောင်းခံလာခဲ့ကြောင်း သိရသည်။ ''တချို့ နိုင်ငံခြားသားတွေက ငွေလဲလှယ်ဖို့ တရားဝင် ငွေလဲလှယ်ရေး စင်တာကို မသွားကြဘူး။ ပြည်တွင်း တရားမဝင် ဈေးကွက်မှာ ပေါက်နေတဲ့ ဒေါ်လာပေါက်ဈေးက ပိုမြင့်တယ် ဆိုပြီးတော့ ပြင်ပမှာ လဲလှယ်ကြတယ်။ မသမာမှုတွေ ဖြစ်လာတော့မှ (ရဲစခန်း) ရုံးကို  ရောက်လာကြတာ။ ဒီလိုကိစ္စမျိုး မဖြစ်အောင် နိုင်ငံခြားသား ကိုယ်တိုင် အလိုလောဘ မကြီးဘဲနဲ့ တရားဝင် ငွေလဲလှယ်ရေး စင်တာမှာပဲ ငွေလဲ လှယ်သင့်တယ်'' ဟု ယင်းစခန်းမှူးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌  ရောက်ရှိနေသော နိုင်ငံခြားသားများ အတွက် တရားဝင် ငွေလဲလှယ်ရေး စင်တာ ဖွင့်လှစ် ပေးထားသော်လည်း  နိုင်ငံခြားသားများ၏ ငွေလဲလှယ်မှုနှုန်းသည် နည်းပါးနေပြီး ပြည်တွင်း တရားမဝင် ငွေလဲလှယ်သူ အချို့၏ ဖြားယောင်းမှုများကြောင့် ငွေလဲလှယ် ဈေးကွက်သို့သာ သွားရောက် လဲလှယ်မှုများ ရှိနေကြောင်းသိရသည်။
 
Source : Myawaddy  

မန္တလေး နန်းတော် ယဉ်ကျေးမှုနယ်မြေ ပုဂ္ဂလိက လုပ်ငန်းရှင်များကို လွှဲမည်

ကမ္ဘာလှည့် ခရီးသွားများကို စွဲဆောင်နိုင်မယ့် ကုန်းဘောင်မင်းဆက် နောက်ဆုံးစံရာ မန္တလေးနန်းတော်ကို သမိုင်းဝင်ယဉ်ကျေးမှု နယ်မြေ (Historical Park) အဖြစ် ပြောင်းလဲဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနက မန္တလေးတိုင်း ဒေသကြီးအစိုးရကို ဒီနေ့ လွှဲပြောင်းပေး လိုက်ပြီဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၁၈၈ ပါ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း၊ စီမံခန့်ခွဲရေးအတွက် မန္တလေးတိုင်း ဒေသကြီးအစိုးရကို လွှဲ ပြောင်းပေးလိုက်တာ ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရကတဆင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေ လက်ထဲကို လွှဲအပ်မှာဖြစ်တယ် လို့ သိရပါတယ်။
ကမ္ဘာလှည်ခရီးသွားနဲ့ ပြည်သူတွေ လေ့လာအပန်းဖြေဖို့ ဥယျာဉ်နဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေ ပါဝင်မယ့် အဲဒီ Historical Park အစီအစဉ်ကို ပြီးခဲ့တဲ့ နှစ် သြဂုတ်လက တင်ဒါ ခေါ်ယူခဲ့တာဖြစ်ပြီး အကြီးစား စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးတိုးနိုင်မန်းက ရရှိထားတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုပါတယ်။
၂မိုင် ပတ်လည်ကျယ်တဲ့ မန္တလေးနန်းတော်မှာ မြနန်းစံကျော် ရွှေနန်းတော်၊ နန်းတည် မင်းတုန်းမင်းနဲ့ ဆွေတော်မျိုးတော် တွေရဲ့ အုတ်ဂူတွေ၊ တောင်- မြောက် ဥယျာဉ်တော်၊ မင်းညီမင်းသားတွေ ပျော်ပါးရာ ဗုတ်တလုတ်ကန်၊ ကျူံးမြို့ရိုး နဲ့ ဒင်္ဂါးစက်ရုံတွေကို သာ အပန်းဖြေ လေ့လာနိုင်တဲ့နေရာတွေ အဖြစ် ပြောင်းလဲမှာ ဖြစ်ပါတယ်။
မန္တလေးတိုင်း ရှေးဟောင်းသုတေသန ဦးစီးမှူး ဦးညိုမြင့်ထွန်းကတော့ “ကမ္ဘာလှည် ခရီးသွား လုပ်ငန်းနဲ့ ဆက်စပ်ပြီး တိုးတက် အောင် လုပ်တဲ့သဘော၊ ၀င်ငွေကောက်တာတို့ အများစိတ်ဝင်တစား စွဲဆောင်မှုရှိအောင်လုပ်တာ ၊ မီဒီယာနဲ့ လမ်းညွန်တာတို့ကို သူတို့ဘာသာ သူတို့လုပ်ခွင့်ရမှာပါ”လို့ ဆိုပါတယ်။ ဒါပေမယ့် သမိုင်းဝင်နေရာတွေ ပြုပြင်ရေး အပိုင်းကတော့ ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်းသုတေသန အောက်မှာပဲ ထားရှိ သွားမှာ ဖြစ်ပြီး ရှေးဟောင်းသုတေသန အနေနဲ့ လောလောဆယ် ၆လခန့် စီမံခန့်ခွဲမှု အပိုင်းကို တာဝန်ယူ ကြပ်မတ်ပေးမှာဖြစ်ပါ တယ်။
ဒီလို အဆင့်မြင့် Historical Park လုပ်မယ်ဆိုရင် နန်းတော်အတွင်း ၀င်ရောက်လေ့လာခွင့် အတွက် ပေးရတဲ့ အခကြေးငွေ က တော့ ဈေးနှုန်း မြင့်တက်လာမှာ မလွဲပါ။
အရင်က နိုင်ငံခြားသား တဦးဟာ မန္တလေး မြနန်းစံကျော် ရွှေနန်းတော်သာမက မန္တလေးတ၀ိုက် သမိုင်းဝင် ရွှေကျောင်း၊ အတုမရှိ၊ အမရပူရ ဗားကရာ၊ အင်းဝ ဗားကရာ၊ မယ်နုအုတ်ကျောင်း နေရာစုံကို အမေရိကန် ၁၀ ဒေါ်လာနဲ့ လေ့လာနိုင်ပေမယ့်၊ မနက်ဖြန် ကစပြီး မြနန်းစံကျော် ရွှေနန်းတော် တခုတည်းပင် ၁၀ ဒေါ်လာ ကောက်ခံတော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေ ကိုတော့ ၀င်ကြေး ၂၀၀ ကျပ်၊ ဗီဒီယိုကင်မရာ တလုံးကို ၃၀၀၀ ကျပ် ကောက်ခံပါတယ်။ မန္တလေးနန်းတော်အတွင်းမှာ အခြေစိုက်တဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကတော့ ပြောင်းရွှေ့မှာမဟုတ်ပါဘူး၊ အင်္ဂလိပ်လက် ထက်ကတည်းက အခြေစိုက်ခဲ့တဲ့ စစ်တပ်အိမ်ရာတွေဟာ ဒီနေ့အချိန်မှာတော့ မြင်မကောင်းအောင် ပျက်စီးယိုယွင်းနေပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ နန်းတော်ကြီးကို ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်း အစိုးရ လက်ထက်မှာ ပြန် လည် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
အလားတူ ကုန်းဘောင်မင်းဆက် အစ အလောင်းမင်းတရားရဲ့ မြို့တည် နန်းတည် ရွှေဘို ရတနာမင်္ဂလာ နန်းတော်ကိုလည်း ဒီနေ့မှာပဲ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကို လွဲပြောင်းပေးလိုက်ပြီဖြစ်ပါတယ်။
ထိုင်းနိုင်ငံသားတွေ အထူးစိတ်ဝင်စားတဲ့ ပဲခူးက မ္ဘောဇသာဒီ နန်းတော်ကိုလည်း ပဲခူးတိုင်းဒေသကြီး အစိုးရဆီကို လွှဲပေးပြီးဖြစ် ပါတယ်။ ပြုပြင်ပြောင်းလဲရေးကို ပြုလုပ်လာတဲ့ အစိုးရသစ် လက်ထက်မှာ  မြန်မာနိုင်ငံကို လာရောက်လေ့လာလိုသူတွေ များပြားလာရာ ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေးဖိုရမ်မှာ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း တိုးတက်ဖို့ အာရှဖွံဖြိုးရေးဘဏ်က အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကူညီမယ်လို့ ပြောဆိုသွားတယ်လို့ သိရပါတယ်။

Source : Irrawaddy

Thursday, June 06, 2013

အေဒီဘီမှ မြန်မာ့ ခရီးသွားလုပ်ငန်း အတွက် ဒေါ်လာ သန်း ၅၀၀ ကူမည်

မြန်မာ နိုင်ငံမှာ ပထမဆုံး အကြိမ် ကျင်းပတဲ့ ၂၀၁၃ ခုနှစ် အတွက် အာရှ ဒေသ ဆိုင်ရာ ကမ္ဘာ့ စီးပွားရေး ဖိုရမ် အတွက် အစည်း အဝေး တွေကို နေပြည်တော်မှာ စတင် ကျင်းပ နေပါတယ်။

ကမ္ဘာ့ စီးပွားရေး ဆွေးနွေးပွဲကို နိုင်ငံ ပေါင်း ၅၅ နိုင်ငံက ကိုယ်စား လှယ် ၉၀၀ ကျော် တက်ရောက် နေပါတယ်။

ပထမနေ့ ဆွေးနွေးမှု တွေမှာ မြန်မာ့ စီးပွားရေး အလား အလာနဲ့ အခွင့် အလမ်းတွေ၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုတွေ အကြောင်း ဆွေးနွေး ခဲ့ပါတယ်။

မြန်မာ အစိုးရ ခေါင်းဆောင် တွေနဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတွေ ကြားမှာ ဆွေးနွေးပွဲတွေ အသီးသီး ပြုလုပ် နေရာမှာ ADB အာရှ ဖွံ့ဖြိုးရေး ဘဏ်က မြန်မာ နိုင်ငံ ရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း စီမံကိန်းကြီး အတွက် ဒေါ်လာ သန်း ၅၀၀ ထုတ်ချေး မယ်လို့ ကြေညာခဲ့ ပါတယ်။

မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယား နိုင်ငံ တို့က အာဆီယံ ဒေသ အတွင်း လွတ်လပ်စွာ သွားလာ နိုင်ခွင့် သဘော တူညီချက် တစ်ရပ်ကို လက်မှတ် ရေးထိုး နိုင်ခဲ့ ပါတယ်။

အခု ဆွေးနွေးပွဲကို တက်ရောက် လာကြသူတွေဟာ မြန်မာ နိုင်ငံ ရဲ့ ပကတိ အခြေအနေ ကို သိနိုင်တဲ့ အတွက် အစိုးရ အတွက်ရော ရင်း နှီးမြုပ်နှံ ဖို့ ပြင်နေသူတွေ အတွက်ပါ အခွင့် အရေး ကောင်းတယ်၊ နိုင်ငံ ကိုရော အစိုးရ ကိုပါ ဂုဏ်တက် စေတယ်လို့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။

မြန်မာ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်တဲ့ လွိုင်ဟိန်း ကုမ္ပဏီက ဒေါက်တာ စိုင်းဆမ်ထွန်း ကတော့ လက်ရှိ မြန်မာ နိုင်ငံမှာ အခုလို စီးပွားရေး ဖိုရမ် ကျင်းပ နိုင်တာဟာ မြန်မာ နိုင်ငံ အတွက် ဂုဏ်ယူစရာ ဖြစ်ပေမဲ့ နိုင်ငံတကာက ရင်းနှီး မြှုပ်နှံလိုသူတွေ လေ့လာ နေချိန်မှာ သူတို့ စိတ်ပျက် မသွားဖို့ လိုတယ် လို့ သတိပေး ပါတယ်။

အစိုးရ အနေနဲ့ ဘယ်လို ဝေဖန်မှု တွေကိုမှ ဂရုစိုက် မနေဘဲ သူတို့ လက်ရှိ ချမှတ် ထားတဲ့ လမ်းစဉ် အတိုင်း တစိုက် မတ်မတ် ဆက်လုပ် သွားဖို့ လိုအပ်တယ်လို့ သူက ထောက်ပြ ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်မယ့် ကမ္ဘာ့ စီးပွားရေး ဖိုရမ် အစီအစဉ်တွေ ထဲမှာ ဘီဘီစီ World Debate အစီ အစဉ် လည်း တစ်ခု ပါဝင် ပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းတို့ မျက်နှာ ချင်းဆိုင် ပါဝင် ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)