Monday, January 27, 2014

ကမ္ဘာလှည့်ခရီးသွားလှေ တိမ်းမှောက်မှု လူ၂၁ယောက်သေဆုံး

အိန္ဒိယ နိုင်ငံရဲ့ ကပ္ပလီ ကျွန်းစုနဲ့ နီကိုဘာ ကျွန်းတွေနားမှာ Aqua Marine ဆိုတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ လိုက်ပါလာတဲ့ လှေတစင်း တိမ်းမှောက်သွားတာကြောင့် အနည်းဆုံး လူနှစ်ဆယ့် တစ်ယောက် သေဆုံးသွားပါတယ်။

ကျွန်းတွေရဲ့ မြို့တော်ဖြစ်တဲ့ Port Blair မြို့ ကမ်းရိုးတမ်း အလွန်မှာ လူ၄၅ယောက် တင်ဆောင်လာတဲ့ အဲဒီလှေ နစ်မြုပ်သွားခဲ့တာ ဖြစ်ပြီး လတ်တလော ၁၃ယောက်ကို ကယ်တင်နိုင်ခဲ့ပေမယ့် တချို့တော့ ပျောက်ဆုံး နေစဲဘဲလို့ အရာရှိတွေက ပြောပါတယ်။

လှေပေါ်ပါ ကမ္ဘာလှည့် ခရီးသွား အများစုဟာ အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့နဲ့ နိုင်ငံတောင်ပိုင်း တမီးလ် နာဒူ က လာကြတာလို့ ယူဆရပါတယ်။

Aqua Marine လှေဟာ တိမ်းမှောက်သွားချိန်မှာ သတ်မှတ်ချက်ထက် လူအများအပြား တင်ဆောင်ထားတယ်လို့ သတင်းရရှိပါတယ်။

Source : BBC Burmese

Thursday, January 23, 2014

မော်လမြိုင်လေဆိပ်အား ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များ ငှားရမ်းလုပ်ကိုင်ခွင့်ပြုတော့မည်

မွန်ပြည်နယ်ရှိ မော်လမြိုင်လေဆိပ်ကို အဆင့်မြှင့်တင်ရန်အတွက် ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များအား ငှားရမ်းအသုံးပြုခွင့် တင်ဒါပေးရေးလုပ်ငန်း ညှိနှိုင်းဆောင်ရွက်ရန် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇင်ယော်သည် ဇန်န၀ါရီ ၁၆ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးသက်ဝင်း၊ အစိုးရအဖွဲ့ရုံးအတွင်းရေးမှူး ဦးဇော်လင်းထွန်းတို့နှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် ဒုတိယ၀န်ကြီး ဦးဇင်ယော်က မော်လမြိုင် လေဆိပ်ကို ပြည်တွင်းလုပ်ငန်းရှင်များအား ငှားရမ်းလုပ်ကိုင်ရန် တင်ဒါခေါ်ယူပြီး ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ များအား လုပ်ကိုင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း၊ လေဆိပ်အဆင့်မြှင့်တင်ရန်အတွက် အပန်းဖြေအနားယူ စခန်း၊ စားသောက်ဆိုင်၊ စတိုးဆိုင်များနှင့် နိုင်ငံခြားငွေလွှဲကောင်တာများ ထားရှိသွားမည် ဖြစ်ကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်လုပ်ကိုင်ပြီး တင်ဒါပိတ်ရက်ကို ဇန်န၀ါရီ ၃၁ရက် သတ်မှတ်ထားကြောင်း ပြောကြားသည်။ ထို့ပြင် ဒုဝန်ကြီးက ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးနှင့် ပတ်သက်၍ မော်လမြိုင်ရှိ ဆိပ်ကမ်းများသည် ယခင်က နိုင်ငံခြားသင်္ဘောကြီးများ အချိန်မရွေး ဆိုက်ကပ် နိုင်သော်လည်း ယခုအခါ ဆိုက်ကပ်၍ မရတော့ကြောင်း၊ နိုင်ငံခြားသင်္ဘောကြီးများ ပြန်လည် ဆိုက်ကပ်နိုင်ရန် အတွက် ဆိပ်ကမ်းများကို ပြည်နယ်အစိုးရအဖွဲ့သို့ လွဲပြောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမှုံသတင်းစာတွင် ဖော်ပြ ပါရှိပါသည်။

အောင်နေမင်း

Thursday, January 16, 2014

ထိုင်း-မြန်မာ ဗီဇာကင်းလွတ်ခွင့်ရရန် တချက်တည်း ကွဲလွဲ

သာမန် မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူတွေ ဗီဇာလျှောက်ထား စရာမလိုဘဲ ထိုင်းနိုင်ငံကို သွားရောက်နိုင်ဖို့ နှစ်နိုင်ငံ သဘောကွဲလွဲမှု တချက်ပဲ ရှိနေတယ်လို့ မြန်မာ နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိကြီးတဦးက ပြောပါတယ်။

ထိုင်းနိုင်ငံဘက်က ထိုင်းနိုင်ငံဘက်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေကတဆင့် လာရောက် လည်ပတ်မယ့် မြန်မာနိုင်ငံသားတွေကို ဗီဇာလျှောက်ထားစရာမလိုဘဲ ခွင့်ပြုမယ်လို့ သဘောတူညီထားပြီးပေမယ့် မြန်မာဘက်ကတော့ အဲဒီလေဆိပ်တွေအပြင် နယ်စပ် ၀င်ပေါက်တွေကနေပါ ဗီဇာမလိုဘဲ ခွင့်ပြုဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

အခု ၂၀၁၄ ခုနှစ်ထဲ ထိုင်းနဲ့ မြန်မာ ဗီဇာ မလိုဘဲ သွားရောက်လည်ပတ်နိုင်ဖို့ နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးနိုင်မလားလို့ မေးကြည့်တော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာ ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးက အခုလိုပြောပါတယ်။

“တခုတော့ ရှိတယ်။ ကျနော်တို့က လိုက်လျောဖို့ လိုတာပေါ့။ အဲဒီကနေသွားတဲ့ တရားဝင်ပတ်စ်ပို့တွေကို နယ်စပ်ပေါက်တွေကနေ ဗီဇာ တိုးဖို့မလိုဘဲနဲ့ သူတို့အဆိုပြုချက်အတိုင်း လေယာဉ်နဲ့ သွားမယ်ဆိုတာကို ကျနော်တို့က သဘောတူလိုက်ရင် လက်မှတ်ထိုးဖြစ်မှာပါခင်ဗျ။ ကုန်းလမ်းက ၀င်တာကိုပါ ကျနော်တို့က တောင်းဆိုထားတယ်။ သူတို့ ကုန်းလမ်းကိုတော့ ခွင့်မပြုဘူး။ အဲဒီဟာလေး အဆင်ပြေရင် ထိုးဖြစ်မှာပါခင်ဗျ။”

မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းက အတွင်းရေးမှူး ဦးနောင်နောင်းဟန်ကတော့ ထိုင်းခရီးသွားတွေ မြန်မာပြည် လာလည်ကြတာများနေတဲ့ အချိန်ဖြစ်လို့ လေဆိပ်က ဗီဇာမလိုဘဲ လာရောက်လည်ပတ်ခွင့်ပြုဖို့ ကောင်းပြီလို့ ပြောပါတယ်။

“ဘယ်လို အတားအဆီးတွေ ရှိသေးလို့ ခွင့်မပြုသလဲဆိုတာ ကျနော်နားမလည်ဘူး။ ဒီလိုမျိုး လေဆိပ်ကနေ ၀င်လာတာကို သူတို့ နိုင်ငံကလည်း ခွင့်ပြုမယ်လို့ ပြောတဲ့အတွက် အမြန်ဆုံး ခွင့်ပြုသင့်နေပြီလို့ ကျနော်ထင်တယ်။ အခြားက နယ်စပ်ကနေ၀င်ရင် ဗီဇာကြေးတွေ ကောက်ခံဖို့ အခက်အခဲ ရှိနေတယ်လို့ ကျနော်တို့ သိထားတယ်။ ဒါပေမယ့် အခုဟာက ဗီဇာမလိုပဲနဲ့ ၀င်လို့ရမယ်ဆိုတော့ အဲဒီကိစ္စတွေလည်း မရှိတော့ဘူး။ အတားအဆီးကတော့ ရှိပါဘူး။ ခွင့်ပြုပေးမယ်ဆိုရင် မူဝါဒပိုင်းအရပဲ နည်းနည်းပြုပြင်ဖို့လိုမယ် ထင်ပါတယ်။”

လောလောဆယ် သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေ ဗီဇာမလိုဘဲ ၁၄ ရက်တိုင် သွားရောက်လည်ပတ်နိုင်တဲ့ နိုင်ငံတွေကတော့ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့ ဖြစ်ပါတယ်။ ဒီ လေးနိုင်ငံကိုလည်း လေဆိပ်တွေကတဆင့် သွားရောက်လည်ပတ်မှ ဗီဇာ မလိုတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံတွေ အားလုံးကို ဗီဇာ မလိုဘဲ သွားရောက်လည်ပတ်နိုင်ဖို့ ကမ်းလှမ်းထားပြီး တချို့နိုင်ငံတွေကတော့ အခုထိ အကြောင်းမပြန်ကြသေးဘူးလို့ သိရပါတယ်။

မြန်မာအစိုးရအနေနဲ့တော့ ဆက်လက် ကမ်းလှမ်းပြီး ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေနဲ့ ၀န်ထမ်းနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေကတော့ ဒေသတွင်းနိုင်ငံအားလုံးကို ဗီဇာလျှောက်စရာမလိုဘဲ သွားလာနိုင်နေကြပြီဖြစ်ပြီး သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေပဲ ဗီဇာကင်းလွတ်ခွင့် မရကြသေးတာ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)

မြန်မာနိုင်ငံသားတွေအတွက် ဂျပန်နိုင်ငံကို အကြိမ်ကြိမ်ဝင်ထွက်ခွင့်ဗီဇာ စတင်ထုတ်ပေး

မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံကို အကြိမ်ကြိမ် ၀င်ထွက်သွားလာနိုင်တဲ့ multiple-entry ဗီဇာကို ဒီကနေ့ စတင် ထုတ်ပေးနေပြီဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။

မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံကို ပိုမိုလာရောက်နိုင်အောင်နဲ့ ဂျပန်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်မြောက်မှု အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံဆက်ဆံရေး ချဲ့ထွင်နိုင်အောင် ဒီအစီအစဉ်ကို အကောင်အထည် ဖော်တာလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အခုထုတ်ပေးတဲ့ အကြိမ်ကြိမ်ဝင်ထွက်နိုင်တဲ့ ဗီဇာဟာ ၃ နှစ်သက်တမ်းရှိမှာဖြစ်ပြီး မြန်မာနိုင်ငံသားတွေ အနေနဲ့ ခရီးတစ်ကြိမ်အတွင်း ဂျပန်နိုင်ငံမှာ ၁၅ ရက် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက်ရေး၊ မီးရထားလမ်းတွေ အဆင့်မြှင့်တင်ရေးနဲ့ တခြားအခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ဂျပန်အစိုးရက ယန်းငွေ ၆၃ ဘီလျံ ထုတ်ချေးမယ်လို့ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက သမ္မတဦးသိန်းစိန်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း တိုကျိုမြို့မှာ တွေ့ဆုံစဉ် ကတိပြုပြောကြားထားပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက်လည်း နှစ်နိုင်ငံအစိုးရတွေ အကြား သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးထားပါတယ်။

Source : RFA Burmese

Wednesday, January 15, 2014

ဂျပန်နိုင်ငံအပါအဝင် အာဆီယံနိုင်ငံများကို ဗီဇာ ကင်းလွတ်ခွင့်ဖြင့် သွားလာနိုင်တော့မည်

ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ။ ။ သာမန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင် ထားသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ဂျပန်နိုင်ငံအပါအဝင် အာဆီယံဒေသတွင်းနိုင်ငံများ ကို ဗီဇာကင်းလွတ်ခွင့်ဖြင့် သွား လာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ တွင် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများဖြစ် သည့် ကမ္ဘောဒီးယား၊ လာအို၊ ဖိ လစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့နှင့် သာမန်နိုင်ငံကူးလက်မှတ်(အနီ) ကိုင်ဆောင်သူတိုင်း ဗီဇာလျှောက် ထားရန်မလိုအပ်ဘဲ သွားလာနိုင် ပြီဖြစ်သော်လည်း ကျန်ရှိ သည့် နိုင်ငံများကိုပါ ယင်းကဲ့သို့သွား လာနိုင်ရန် နိုင်ငံခြားရေးဝန်ကြီး ဌာနကစီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် အပြည် ပြည်ဆိုင်ရာဥပဒေစာချုပ်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အာဆီယံနိုင်ငံတွေနဲ့ကတော့ နှစ်နိုင်ငံဗီဇာမလိုဘဲသွားနိုင် အောင် စီစဉ်ဆောင်ရွက် နေပါ တယ်။ တချို့နိုင်ငံတွေနဲ့ဆိုရင် လက်မှတ်ထိုးဖို့ အဆင့်ပဲလိုတော့တယ်။ ဒီနှစ်အတွင်းမှာတော့ ဒေသတွင်းနိုင်ငံတွေအားလုံးကို ဗီဇာမလိုဘဲ သွားနိုင်အောင်စီ စဉ်ဆောင်ရွက်နေပါတယ်””ဟု ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အနေဖြင့် ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့် နှစ်နိုင်ငံဗီဇာကင်းလွတ်ခွင့် ရှိနိုင်ရန် အတွက် လက်မှတ် ရေးထိုးရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့အာဆီယံဒေ သတွင်းနိုင်ငံများနှင့် ဗီဇာကင်း လွတ်ခွင့် များရရှိပါက ပြည်တွင်း ခရီးသွားလုပ်ငန်းများ ပိုမိုကောင်း မွန်လာနိုင်ကြောင်း ခရီးသွားလုပ် ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ် ပြောသည်။

မြန်မာနိုင်ငံခရီးသွားလုပ် ငန်းရှင်များအသင်း အတွင်းရေး မှူး ဦးနောင်းနောင်းဟန်က “မဖြစ်မနေ လုပ်ရမယ့်ကိစ္စပဲ။ အဲဒါ တွေလုပ်ပြီးသွားရင်တော့ ခရီးသွားလုပ်ငန်းက တိုးလာမယ်။ အရေးကြီးတာကတော့ ထိုင်းနိုင်ငံနဲ့ ဗီဇာကင်း လွတ်ခွင့်လုပ်ဖို့ပဲ။ ထိုင်းက မြန်မာကိုတအား စိတ်ဝင်စားတယ်။ ထိုင်းနဲ့နှစ်နိုင်ငံ သဘောတူညီမှုရရင်တော့ ခရီးသွားလုပ်ငန်းက အခုထက်ပိုပြီး တိုးတက်လာမယ်” ဟု ပြောသည်။

လက်ရှိ တွင် မြန်မာနိုင်ငံ ၌ ဗီဇာအမျိုးအစားလေးမျိုး ရှိပြီး နိုင်ငံပေါင်း ၅၁နိုင်ငံကို သတ်မှတ် စည်းကမ်းချက်များနှင့် ကိုက်ညီပါက ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျက်ရှိသည်။

သန်းနိုင်ဦး
Source : Yangon Media Group

Monday, January 13, 2014

အမျိုးအမည်မသိ ထူးခြားသော အသွင်သဏ္ဍာန်ရှိ ငှက်တစ်ကောင် မန္တလေး မြို့၌ တွေ့ရှိ

မန္တလေး ချမ်းအေးသာစံမြို့နယ်၂၇-၂၈ လမ်းကြား ၈၄ လမ်း ဈေးချို မန်းမြန်မာ ပလာဇာ ၂၅ ထပ်ပေါ်တွင် အမျိုး အမည်မသိ ထူးခြားသော ငှက် တစ်ကောင်ကို ဇန်နဝါရီ ၁၁ရက် ညနေ ၃ နာရီက မန္တလေး ပြည်ကြီး ရန်လုံ ရပ်ကွက်နေ အဆောက်အအုံ ကန်ထရိုက် ဦးဇော်ဝင်း(ဆေးဆရာ) မှ တွေ့ရှိခဲ့သည်။

အဆိုပါ ထူးခြားသော အသွင်သဏ္ဌာန်ရှိ အမျိုးအမည်မသိ ငှက်သည် ကြောင်ခေါင်း သဏ္ဌာန် ရှိပြီး လည်ပင်းတွင် အဖြူရစ်ပါရှိသည်။ အတောင်နှစ်ဖက်ဖြန့်လျှင် သုံးပေခန့်ရှည်လျားပြီး အမြီးနှင့် အတောင် တို့တွင် ဒေါင်းမြီးများ ကဲ့သို့ လှပသောပန်းကွက်များပါရှိသော ထူးခြား သည့်ဆောင်းခို ငှက် တစ်ကောင် ဖြစ်မည်ဟု ယူဆရသည်။ ၎င်းငှက်ကို စိတ်ပါဝင်စား သူများနှင့် ကလေးသူငယ်များ ကြည့်ရှု လေ့လာနိုင်ရန်အတွက် ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီတွင်မန္တလေး အောင်မြေသာစံမြို့နယ် ၁၂လမ်းရှိ ရတနာပုံ တိရ စ္ဆာန် ဥယျာဉ်သို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

Source : MOI Webportal Myanmar

နာဂပွဲတော်သို့ ပြည်ပဧည့်သည် ၃၀ ဦးခန့် လာရောက် လေ့လာမည်ဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် နန်းယွန်းမြို့တွင် ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်သို့ ပြည်ပဧည့်သည် ၃၀ ဦးခန့် လာရောက် လေ့လာနိုင်မည်ဟု ခန့်မှန်းကြောင်း အဆိုပါ ပွဲတော်သို့ နိုင်ငံခြားသားများ သွားရောက် လေ့လာနိုင်ရန် ဆောင်ရွက်ပေးနေသည့် မန္တလေးမြို့တော် အခြေစိုက် Diamond Palace Travel & Tour ကုမ္ပဏီထံမှ သိရှိရသည်။

ပြည်ပဧည့်သည် ၃၀ ဦး အပါအဝင် ပြည်တွင်း ဧည့်သည် ၂၀ ဦးခန့်လည်း နာဂပွဲတော်ကို သွားရောက်ရန် ရှိသည်ဟု ယင်းကုမ္ပဏီထံမှ ထပ်မံသိရသည်။

အဆိုပါ ပွဲတော်ကို ၂၀၀၃ ခုနှစ်မှ စတင်ကာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီး၊ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့တို့တွင် အလှည့်ကျ ကျင်းပလျက်ရှိပြီး ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ၊ တိုင်းဒေသ နာဂတိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း ယင်းပွဲတော် ကျင်းပရေး ကော်မတီထံမှ သိရှိရသည်။

နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်ကို ရှေးနှစ်ပေါင်း များစွာကတည်းက ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်ကျော် ကာလများတွင် ပြည်တွင်း ဧည့်သည်များ လာရောက် လည်ပတ်ကြသော နှစ်ကူးပွဲအဖြစ် ကျင်းပခဲ့ကြကာ ၂၀၀၁ ခုနှစ် လေရှီးမြို့၌ ကျင်းပသော ပွဲတော်မှ စတင်၍ နိုင်ငံခြားသား ဧည့်သည်များ လာရောက်ခဲ့ကြပြီး ကမ္ဘာသိ တိုင်းရင်းသားရိုးရာ ပွဲတော်တစ်ခု ဖြစ်ခဲ့သည်။

Source : The Voice Weekly

ဘန်ကောက် မြန်မာ ခရီးသွား ကျဆင်း

တနင်္လာနေ့ မှာ ဘန်ကောက်ကို သိမ်းပိုက် ဖို့ လှုပ်ရှား နေကြတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက မြို့တော်ရဲ့ အဓိက ခုနစ် နေရာမှာ ပိတ်ဆို့ ဆန္ဒပြဖို့ ရှိနေပါတယ် ။

ရန်ကုန် ဘန်ကောက် နေ့စဉ် ပြေး ဆွဲတဲ့ မြန်မာ့ အပြည်ပြည်ဆိုင်ရာ လေကြောင်း ဈေးကွတ်မန်နေဂျာ ကတော့ မနက်ဖြန် လေ ယာဉ် ခရီးစဉ်တွေ အပါအဝင် ဘယ်လေ ကြောင်းကမှ ဖျက်သိမ်းဖို့ မရှိဘူး လို့ ပြောပါတယ် ။

ဘန်ကောက် အတိုက်အခံ တွေက သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ လူထု ပို့ဆောင် ရေးလုပ်ငန်းတွေကို ပိတ်ဆို့မှာ မဟုတ်ဘူး လို့ ပြောပေမယ့် လေဆိပ်သွား တဲ့လမ်း တွေ ပိတ်ဆို့မှု ရှိနိုင် တာကြောင့် မြန်မာ ခရီး သွားတွေကတော့ ဘန်ကောက် ခရီးစဉ်ကို ရွှေ့ ထားကြပါတယ် ။

ရန်ကုန် ဘန်ကောက် လေယာဉ် ခရီးစဉ်တွေ မရပ်ပေမယ့် ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်ကို ဝင် ထွက်နေတဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၃ဝ လောက် မနက်ဖြန် လေယာဉ် ခရီးစဉ်တွေကို ဖျက်သိမ်း ထားပါတယ် ။

တကယ်လို့ ၂ဝ၁၁ ကလို သုဝဏ္ဏဘူမိ လေဆိပ် မှာ မြန်မာနိုင်ငံသားတွေ ပိတ်မိ သောင်တင်နေရင် ဒွန်မောင်းအနီး လေဆိပ်ဟောင်း ကနေ ပြန်ခေါ် ဖို့ လည်း အစီအစဉ်တွေ လုပ်ထား တယ်လို့ မြန်မာ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းက ပြောပါတယ် ။

ရန်ကုန် - ဘန် ကောက် တရက်ကို အသွားအပြန် ၁၈ ခေါက် လောက် လေကြောင်းလိုင်း ၅ လိုင်း လောက်က ပြေးဆွဲနေကြတာ ဖြစ်ပါတယ် ။

Source : BBC Burmese

Thursday, January 09, 2014

၂ဝ၁၃ ခုနှစ်တွင် ရွှေတိ၈ုံ စေတီတော်သို့ နိုင်ငံခြားခရီးသွား ဝင်ရောက်မှု အများဆုံးနှစ် ဖြစ်ခဲ့

ရန်ကုန် ဇန်နဝါရီ ၈ ရွှေတိဂုံ စေတီတော်သို့ ပြည်တွင်း ဘုရားဖူးများနှင့် အတူ ပြည်ပမှ နိုင်ငံခြား ခရီးသွား များလည်း ဝင်ရောက်လေ့လာ ဖူးမြော်လျက်ရှိရာ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်သည် ခြောက်နှစ်တာ ကာလအတွင်း ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြား ခရီးသွား ဧည့်သည်ဝင်ရောက် လေ့လာမှု အများဆုံးနှစ် ဖြစ်ခဲ့ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့မှ သိရသည်။
ရွှေတိဂုံ စေတီတော်သို့ လာရောက်လေ့လာ ဖူးမြော်လျက်ရှိသည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ထဲတွင် အာရှတိုက် အပါအဝင် အနောက်နိုင်ငံများမှလည်း လာရောက်လျက် ရှိပြီး ၂ဝ၁၃ ခုနှစ်အတွင်း အနောက်နိုင်ငံများမှ လာရောက်မှုတွင် ပြင်သစ် လူမျိုးများမှာ အများဆုံး ဖြစ်ပြီး အာရှမှ တရုတ်လူမျိုးများမှာ လျော့နည်းလျက် ရှိလာကြောင်း သိရသည်။
''၂ဝဝ၈ ကနေ ၂ဝ၁၃ အထိ ခြောက်နှစ်တာ ကာလပတ်လုံး နိုင်ငံခြားသား ခရီးသွား ဧည့်သည် အများအပြား ဝင်ရောက်ခဲ့ပါတယ်။ ဝင်ရောက်မှုနှုန်း တစ်နှစ်ထက် တစ်နှစ် တိုးပွားလျက် ရှိလာတာကိုလည်း တွေ့ရပါတယ်။ အလှူငွေ အနေနဲ့လည်း ၂ဝဝ၈ ကနေ၂ဝ၁၂ ခုနှစ်ထိ ငါးနှစ်တာ ကာလမှာ အမေရိကန် ဒေါ်လာ နှစ်သန်းကျော်နဲ့ FEC တစ်သန်းကျော် ရရှိခဲ့ပါတယ်'' ဟု ရွှေတိဂုံ ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
ရွှေတိဂုံ စေတီတော်သို့ ၂ဝဝ၈ ခုနှစ်တွင် နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှု ခုနစ်သောင်းကျော် ရှိခဲ့ပြီး ၂ဝဝ၉ ခုနှစ်တွင် တစ်သိန်းကျော်၊ ၂ဝ၁ဝ ပြည့်နှစ်တွင် တစ်သိန်း ခွဲကျော်၊ ၂ဝ၁၁ ခုနှစ်တွင် နှစ်သိန်းကျော်၊ ၂ဝ၁၂ ခုနှစ်တွင် နှစ်သိန်းခွဲကျော်နှင့် ၂ဝ၁၃ ခုနှစ်တို့တွင် လေးသိန်းကျော်ဝင်ရောက် လေ့လာခဲ့ကြောင်း သိရှိရသည်။
Aသူ

ငပလီကမ်းခြေ အဆင့်မြှင့်တင်ရေး လုပ်ငန်းများ မတ် ၃၁ ရက်တွင် အပြီး ဆောင်ရွက်မည်

ရန်ကုန်  ဇန်နဝါရီ   ၈ ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲခရိုင် သံတွဲမြို့နယ်တွင် တည်ရှိသည့် ငပလီကမ်းခြေကို  မြို့နယ်ခွဲအဖြစ် အဆင့်မြှင့်တင်သည့် လုပ်ငန်းများကို ၂ဝ၁၃ ခုနှစ် အောက်တို
ဘာလမှ စတင်ဆောင်ရွက်လျက်ရှိရာ အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ၂ဝ၁၄ ခုနှစ် မတ်လ ၃၁ ရက်တွင် ပြီးစီးအောင် လုပ်ဆောင်လျက်ရှိကြောင်း သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရ သည်။ ''အဓိကဖြစ်တဲ့လမ်းတွေ၊ လျှပ်စစ်မီး၊ ရေစတာတွေကို အရင်ဆုံး လုပ်ဆောင် နေပါတယ်။ သန့်ရှင်းရေးတွေလည်း လုပ်နေပါ တယ်။ မတ်လ ၃၁ ရက်မှာ အပြီးသတ် လုပ်ဆောင်မှာပါ။ နောက်ထပ်လို အပ်ချက်တွေကို တင်ပြပြီးထပ်မံ လုပ်ဆောင်သွားမှာပါ'' ဟု ၎င်းက ပြောကြားခဲ့သည်။
ငပလီကမ်းခြေ အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်ပြီး သံတွဲမြို့နယ်တွင် နေထိုင်သည့် ဒေသခံတစ်ဦးကလည်း ''ကမ်းခြေတစ်လျှောက် နေထိုင်တဲ့ သူတွေအတွက် အဆင်ပြေ သွားတာပေါ့။ ငပလီကမ်းခြေကို လာရောက် အပန်းဖြေတဲ့သူတွေ အတွက်လည်း ကောင်းတာ ပေါ့။ ငပလီကမ်းခြေကို အဆင့်မြှင့်တင်သလို သံတွဲမြို့ကိုလည်း အဆင့်မြှင့်တင် ပေးစေချင် ပါတယ်'' ဟု သံတွဲမြို့နယ်နေ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

Source : Myawady

ရေပေါ်ဟိုတယ် သုံးလုံးဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိ

ရန်ကုန် ဇန်နဝါရီ ၈ ဗိုလ်တထောင် ဆိပ်ကမ်းတွင် ရေပေါ်ဟိုတယ်သုံးလုံး တည်ဆောက် ဖွင့်လှစ်နိုင်ရန် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် အဖွဲ့မှ ပြင်ဆင်လျက် ရှိကြောင်း ဆိပ်ကမ်း အာဏာပိုင် အင်ဂျင်နီယာ ချုပ်ရုံးမှ သိရသည်။
အဆိုပါ ရေပေါ် ဟိုတယ်များကို ဆိပ်ကမ်း အမှတ် ၅ နှင့် ၆ အောက်တွင် ဟိုတယ်နှစ်ခု တည်ဆောက်ရန် လျာထားလျက် ရှိပြီး အလျား ၁ဝ၆ မီတာ၊ အကျယ် ၁၈ ဒသမ ၄ မီတာနှင့် တန်ချိန် နှစ်ထောင်ရှိသော စက်မဲ့သင်္ဘော များဖြင့် တည်ဆောက် သွားမည် ဖြစ်ကြောင်း အင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားခဲ့သည်။
''ဗိုလ်တထောင် ဆိပ်ကမ်းရုံးရှေ့ကို ပေ ၁ဝဝ တိုးချဲ့ပြီး မြေဖို့ရမယ့် အပိုင်းနဲ့ ရေကာတာ တည်ဆောက်ဖို့ လိုအပ်တာတွေ တော့ရှိတယ်။ ဟိုတယ် ဆောက်ပြီးသွားရင် အခန်းခနဲ့ အစားအသောက်ကို မြန်မာငွေနဲ့ပဲ သတ်မှတ်မယ်။ ဈေးနှုန်းတော့ မသတ်မှတ် ရသေးဘူး'' ဟု ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။ ထိုရေပေါ်ဟိုတယ် တည်ဆောက်ရန် သင်္ဘောများကို ယခင်နှစ် သြဂုတ်လက ဖင်လန်နိုင်ငံမှ သယ်ယူခဲ့ပြီး အခန်းပေါင်း ၁ဝ၄ ခန်း၊ စားသောက်ခန်း၊ ကပွဲခန်း၊ ဘားကောင်တာနှင့် ဥရောပ အစားအစာ၊ အရှေ့တိုင်း အစားအစာများ ကိုလည်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သိုက်ရာဇာ

Wednesday, January 08, 2014

ဟိုတယ်ဇုန်အသစ် ၁၁ ခု အကောင်အထည် ဖော်မည်

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ရန်ကုန်၊ မန္တလေး နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် ဟိုတယ် စီမံကိန်း အသစ်များ တည်ဆောက်ရန် ခွင့်ပြုခဲ့ရာ ယင်း စီမံကိန်းများတွင် တိုင်းရင်းသား လုပ်ငန်းရှင်များ ပိုမိုရင်းနှီး မြှုပ်နှံလာကြောင်း သိ ရသည်။ ၂၀၁၃ – ၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်ငန်း အတွက် ကျပ် ၂၅၇ ဘီလီယံ ရင်းနှီးလုပ်ကိုင်လျက်ရှိပြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ဟိုတယ်ဇုန် ၁၁ ခုကို ခရီးသွားလာမှု များပြားသည့် ဒေသများတွင် အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။

Source : Irrawady

Thursday, January 02, 2014

မုံရွာမြို့တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်သည့် ပတ်စ်ပို့ ရုံးခွဲ ဖွင့်လှစ်မည်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံးအဖွဲ့များ အခြေစိုက်တည်ရှိရာ မုံရွာမြို့ကြီးတွင် နိုင်ငံကူး လက်မှတ်များ အလွယ်တကူ ထုတ်ပေးနိုင်သည့် ပတ်စ်ပို့ရုံးခွဲကို ဇန်နဝါရီ ၂ ရက်တွင် ဖွင့်လှစ် သွားမည် ဖြစ်သည်။ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ခရိုင် ၉ ခရိုင်၊ မြို့နယ် ၃၇ မြို့နယ်၊ မြို့နယ်ခွဲ ၈ ခု၊  ကျေးရွာပေါင်း ၆၁ဝ၅ ရွာ၊ ရပ်ကွက်ပေါင်း ၁၉၄၆ အတွင်းရှိ ပြည်သူများအနေဖြင့် ပြည်ပနိုင်ငံများသို့  အကြောင်း အမျိုးမျိုးဖြင့် အလွယ်တကူ သွားရောက်နိုင်ရန် အတွက်  ပတ်စ်ပို့ရုံးခွဲကို မုံရွာမြို့တွင် ဖွင့် လှစ်ရခြင်းဖြစ်ပြီး  နိုင်ငံကူးလက်မှတ် လျှောက်ထားသူများ အနေဖြင့် စတင်သည့်ရက်မှ  ၁၅ ရက်အတွင်း  ပတ်စ်ပို့ ရရှိရေး ဆောင်ရွက် ပေးမည်ဖြစ်သည်။ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသည့် အရေးပေါ်လူနာများ ပြည်ပသို့ သွား ရောက်မည်ဆိုပါက နိုင်ငံကူးလက်မှတ်များ လွယ်ကူစွာ ရရှိရေးအတွက်  အိမ်တိုင်ရာရောက် သွားရောက်ကာ ပြုလုပ်ပေးရန် စီစဉ်ထားပြီး အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသသည် စစ်ကိုင်းတိုင်း ဒေသကြီးမှ ကုန်းလမ်းခရီးဖြင့် သွားရောက် ဖူးမြော်နိုင်ခြင်းကြောင့် ယခုနှစ် ဘုရားဖူးသွား ရာသီတွင်   နိုင်ငံကူးလက်မှတ် အများအပြား ပြုလုပ်ပေးနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

Source : Myawady