Tuesday, April 29, 2014

ကုန်သည်ကြီးများ ဟိုတယ် ဆူးလေရှန်ဂရီလာ အမည်ပြောင်း

မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော် ရန်ကုန်မြို့၏ အချက်အချာ ကျသည့် နေရာရှိ ကြယ်ငါးပွင့် အဆင့်ရှိ ကုန်သည်ကြီးများ ဟိုတယ်ကို လွန်ခဲ့သော နှစ်ပါင်း ၂၀၀၀ ကျော်ခန့် ကတည်းက ရှိခဲ့သော ဆူးလေစေတီတော်ကို အစွဲပြု၍ ဆူးလေရှန်ဂရီလာသို့ (Sule Shangri-La) အမည် ပြောင်းလဲလိုက်ကြောင်း အဆိုပါ ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆူးလေရှန်ဂရီလာသို့ အမည်ပြောင်းလဲခြင်း အခမ်းအနားကို ၂၀၁၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အဆိုပါ ဟိုတယ်တွင် ကျင်းပခဲ့ကြောင်း အဆိုပါ ဟိုတယ်ထံမှ သိရသည်။ “City Hotel အနေနဲ့ အဆင့်မြှင့်တင်တာ ဖြစ်တဲ့အတွက် ဝန်ဆောင်မှုကအစ တခြားနိုင်ငံတွေမှာ ရှိတဲ့ ရှန်ဂရီလာတွေ ပုံစံအတိုင်း ပေးမှာ” ဟု ဆူးလေရှန်ဂရီလာက ပြန်ကြားရေး တာဝန်ခံ ဒေါ်မြတ်စန္ဒီဇော်က ဆိုသည်။
အဆိုပါ ဟိုတယ်ကို ၂၀၁၃ ခုနှစ်က အကြီးစား ပြန်လည်ပြုပြင်ခဲ့ပြီး အမည်ပြောင်းလဲခြင်းနှင့် ဝန်ဆောင်မှုများ ပိုမိုပေးနိုင်ရန် သီးသန့် အစည်းအဝေး ခန်းမများနှင့် ရွှေတိဂုံဘုရားနှင့် ရန်ကုန်မြို့တော် ရှုခင်းများကို ကြည့်ရှုနိုင်ရန် ၂၁ ထပ်တွင် ထပ်မံတိုးချဲ့ထားသည့် အဆင့်မြင့် ဧည့်ခန်းမတစ်ခုအပြင် အဖျော်ယမကာများ အခမဲ့ သုံးဆောင်ခွင့်၊ တစ်နေ့တာလုံး ကော်ဖီ၊ လက်ဖက်ရည် သုံးဆောင်ခွင့်နှင့် မြန်နှုန်းမြင့် အင်တာနက် ရရှိမည်ဖြစ်ကြောင်း ယင်းဟိုတယ်က သိရသည်။
ဆူးလေရှန်ဂရီလာ အဖြစ် အမည်ပြောင်းလဲခြင်း အထိမ်းအမှတ်အနေဖြင့် ၂၀၁၄ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ အခန်းခများကို တစ်ညလျှင် အမေရိကန်ဒေါ်လာ ၂၁၅ (အခွန်နှင့် ဝန်ဆောင်မှု ကုန်ကျစရိတ် အပါအဝင်) ဖြင့် အထူးနှုန်း သတ်မှတ်ပြီး အခန်းအသစ်များနှင့် မိတ်ဆက်ပေးမည် ဖြစ်ကြောင်း ဟိုတယ် အမည်ပြောင်းခြင်း အစီအစဉ်အရ သိရသည်။
ဟောင်ကောင်အခြေစိုက် ရှန်ဂရီလာဟိုတယ် အုပ်စုတွင် ဟိုတယ် အလုံးပေါင်း ၈၀ ကျော်ကို ရှန်ဂရီလာ အမည်ဖြင့် ဖွင့်လှစ်ထားပြီး တရုတ်၊ အိန္ဒိယ၊ မွန်ဂိုလီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ကာတာ၊ သီရိလင်္ကာနှင့် ယူကေနိုင်ငံများတွင် ဟိုတယ် တည်ဆောက်ဆဲ စီမံကိန်းများ လုပ်ဆောင်လျက် ရှိကြောင်း ဆူးလေရှန်ဂရီလာ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ဟိုတယ်ကို ၁၉၉၆ ခုနှစ်က ကုန်သည်ကြီးများဟိုတယ် (Traders Hotel) အမည်ပြောင်း ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ 
Source : The Voice

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.