Thursday, May 29, 2014

မြန်မာနိုင်ငံတွင် တရားမဝင် နေထိုင်သော တရုတ်နိုင်ငံသားများကိစ္စ တရုတ်အစိုးရ တာဝန်မယူဟုဆို

မန္တလေး၊ မေ ၂၇

တရုတ်နယ်စပ် ဒေသများမှ တစ်ဆင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရွှေ ထွက်ရာ၊ ဓာတ်သတ္တုထွက်ရာ ဒေသများသို့ တရားမဝင် လာရောက်ကာ အလုပ်လုပ်ကိုင် နေထိုင်နေကြသည့် တရုတ်နိုင်ငံသား များကို အရေးယူခြင်းနှင့် ပတ်သက်၍ တာဝန် မယူကြောင်း၊ ၄င်းတို့ကို တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးမည် မဟုတ်ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ် ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ သာမက မည်သည့်နိုင်ငံသို့ မဆို တရားဝင် သွားရောက်နေထိုင်ခြင်း ကိုသာ ခွင့်ပြုထားပြီးတရုတ် နိုင်ငံသားများ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်သည်ကို ဖမ်းဆီးမိပါက မြန်မာနိုင်ငံရှိ ဥပဒေများဖြင့် လွတ်လပ်စွာ တရားစီရင်နိုင်ကြောင်း၊ အဆိုပါ နိုင်ငံသားကို အပြစ်ပေး အရေးအယူခြင်းကြောင့် တရုတ် ကောင်စစ်ဝန်ရုံးက အဆိုပါ အပြစ်ပေးခံ ရသူများကို တစ်စုံတစ်ရာ ကူညီ ဆောင်ရွက်ပေး မည်မဟုတ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
"ကျွန်တော်တို့နိုင်ငံ မှာလည်း တရားမဝင် လာရောက်နေထိုင်တဲ့ နိုင်ငံခြားသားကို ပြင်းပြင်းထန်ထန် အရေးယူပါတယ်"ဟု Wang Yu က ဆိုသည်။

မန္တလေးမြို့တော်တွင် တရားမဝင် နေထိုင်နေသည့် နိုင်ငံခြားသား အများစုမှာ တရုတ်လူမျိုးများ ဖြစ်ပြီး အချို့မှာ သတ္တုတွင်းများ၊ ရွှေတွင်းများတွင် နေထိုင်ကြကာ အချို့မှာ မန္တလေးမြို့ပေါ်တွင် နေထိုင်ကြ ကြောင်း အဆိုပါ တရားမဝင်နေထိုင်သူ များကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၏ ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူသကဲ့သို့ ပြစ်မှုဆိုင်ရာ ဥပဒေများ ဖြင့်လည်း အရေးယူကြောင်း၊ ဗီဇာစည်းကမ်း ဖောက်ဖျက်မှုသည် အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် နေထိုင်သူများကို တရားစီရင်ခြင်း အတွက် မည်သည့်နိုင်ငံ ကမှ ကြားဝင် ဆောင်ရွက်ခွင့် မရှိကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန အကြီးတန်းအရာရှိ တစ်ဦးက သုံးသပ် ပြောကြားသည်။

"မြို့လယ်ခေါင် ရွှေဖြူပလာဇာ ပေါ်မှာ မြန်မာစကား မတတ်တဲ့ တရုတ်တွေ အများကြီးပဲ။ ၄ လွှာ၊ ၅ လွှာ၊ ၆ လွှာ တွေမှာ တရုတ်တွေချည်းပဲ။ ဒီတရုတ် တွေကို မြန်မာနိုင်ငံသား ဟုတ်သလား မဟုတ်ဘူးလား ဆိုတာ အမြဲစောင့်ကြည့်ပြီး သက်ဆိုင်ရာက စိစစ်သင့်တယ်" ဟု မန္တလေးခရိုင် အောင်မြေသာစံမြို့နယ်တွင် နေထိုင်သူ ဦးဇော်ဇော်က ဆိုသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ပြီးခဲ့သည့် ဧပြီလ အတွင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင် တရားမဝင် နေထိုင်သော တရုတ်နိုင်ငံသား တစ်ဦး နေထိုင်သည်ကို တွေ့ရှိရပြီး ၄င်းကို ဗီဇာ စည်းကမ်းဖောက်ဖျက်မှု၊ မီးပေါ့ဆမှုတို့ဖြင့် အရေးယူထားကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှသိရှိရသည်။

မန္တလေးတိုင်း ဒေသကြီးတွင် ၂၀၁၂ ခုနှစ် အတွင်း တရုတ်နိုင်ငံသား ၆ ဦး၊ ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံသား ၂၆ ဦး ဥပဒေ မလိုက်နာမှုဖြင့် အရေးယူခဲ့ပြီး ၄င်းတို့ကို ပြည်နှင်ဒဏ် အပါအဝင် ပြစ်ဒဏ်များ ချမှတ်ခဲ့ရကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရထံ ဆက်သွယ်မေးမြန်းချက် အရ သိရှိရသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်နေသော နိုင်ငံခြားသား တစ်ထောင်ကျော် ရှိပြီး အဆိုပါ တစ်ထောင်ကျော်တွင် တရုတ်နိုင်ငံသား ၉၀၀ ကျော်ပါဝင်ကြောင်း မန္တလေး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူက ခန့်မှန်း ပြောဆိုထားသည်။

Source : The Voice Weekly

Monday, May 12, 2014

မြန်မာ-အင်ဒိုနီးရှား ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် လက်မှတ်ထိုး

ဧရာဝတီ၊ မေ ၁၂၊ ၂၀၁၄
မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အကြား ဗီဇာကင်းလွတ် ခရီးသွားလာခွင့် သဘောတူညီချက်ကို နှစ်ဖက် လက်မှတ်ရေးထိုး လိုက်ကြောင်း သိရသည်။ ယင်း သဘောတူညီချက်ကို မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး Marty Natalegawa တို့ ပြီးခဲ့သည့် စနေနေ့က လက်မှတ်ရေးထိုးခြင်း ဖြစ်ကြောင်း Bernama သတင်းတရပ်၌ ဖော်ပြထားသည်။ အဆိုပါ သဘောတူညီချက်သည် ၂၀၁၅ ခုနှစ် အတွင်း အာဆီယံ အသိုက်အ၀န်း ဖော်ဆောင်ရေး ရည်ရွယ် ချမှတ်ထားသည့် အစီ အစဉ်၏ တစိတ်တပိုင်းဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများ ဆက်ဆံရေး တိုးမြင့်လာရန်၊ အာဆီယံ ဒေသတွင်း နိုင်ငံများ ၏ ခရီးသွားလာမှု ဖွံ့ဖြိုးရေး အကျိုးရလဒ်ကောင်းများ ရှိစေရန် ဖြစ်ကြောင်း Marty Natalegawa က ပြောကြားသည်ဟု သိရသည်။

Source : Irrawaddy

Saturday, May 10, 2014

မိုးယွန်းကြီးအင်း ရေနည်းပါး၊ ကျူးကျော်စိုက်ခင်းများ ၀င်ရောက်

ပုံစာ-မိုးယွန်းကြီးအင်းကို မေ ၈ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းထွန်းသိန်း)

ပဲခူတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ မိုးယွန်းကြီးအင်းမှာ ရေနည်းပါးမှုကြောင့် ကျူးကျော်စိုက်ခင်းတွေ ၀င်ရောက် စိုက်ပျိုးနေကြကြောင်း မိုးယွန်းကြီးအင်း အုပ်ချုပ်ရေးမှူးနဲ့ သစ်တောဦးစီးမှူး ဦးခင်မောင်လှက ဒီဗွီဘီကို ပြောကြားပါတယ်။

“အခုချိန် နွေရာသီဆို အင်းမှာ ရေ ၂၃ ပေလောက် လိုတယ်။ ရေလှောင်ကန်ထဲ ပါဝင်တဲ့ အတွက် ဆည်မြောင်းဦးစီးဌာနကနေ ပေ ၂၀ လောက် ချပေးလိုက်ရင် ရေတွေ ကျသွားရော၊ အင်းအနေအထားအရ အနောက်ဘက်နယ်မြေက မြင့်တယ်၊ မြင့်တဲ့အပိုင်းတွေမှာ ရေကျသွားရင် အရင်ထဲက ရေကျနောက်စိုက် စပါးစိုက်တာ ရှိတယ်။ အဲဒါ ကျုးကျော်စပါးခေါ်လည်း ရတယ်။ မိသားစုစားဖို့ စိုက်ကြတာပေါ့။ ရေများများကျလေ တိုးချဲ့စိုက်ပျိုးလေပဲ။ တချို့နေရာတွေမှာ ဆက်ပြီး မကျူးကျော်ဖို့ ယာယီ တားမြစ်ထားရတယ်။”

ရေနည်းပါးလာတဲ့ မိုးယွန်းကြီးအင်းမှာ စက်လှေများ လက်ရှိအချိန်မှာ မသွားရောက်နိုင်ဘဲ ငှက်ကြည့်လေ့လာရေး ရပ်ထားတယ်လို့ အင်းထဲမှာ နေထိုင်သူတဦးကလည်း ပြောပါတယ်။

မိုးယွန်းကြီးအင်းပတ်ဝန်းကျင်မှာ ကျေးရွာ ၁၇ ရွာနဲ့ လူဦးရေ ၅ သောင်းလောက် နေထိုင်ပြီး အများစုမှာ အင်းအပေါ် မူတည်ကာ နေထိုင်စားသောက်ကြပါတယ်။
မိုးယွန်းကြီးအင်းမှာ ဒေသခံတွေကို စားဝတ်နေရေးအတွက် ငါးဖမ်းခွင့်ပြုထားပေမယ့် စီးပွားဖြစ်ငါးဖမ်းခွင့်ကို တားမြစ်ထားပြီး ငါးမျိုးနဲ့ငှက်မျိုး ပြုန်းတီးစေဖို့ ပြုလုပ်ပါက ဖမ်းဆီး အရေးယူကြောင်း မိုးယွန်းကြီးအင်း အုပ်ချုပ်ရေးမှူးနဲ့ သစ်တောဦးစီးမှူး ဦးခင်မောင်လှက ပြောပါတယ်။
မိုးယွန်းကြီးအင်းကို ၁၉၈၈ ခုနှစ်ကတည်း ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ပြီး ဧက ၂၅၆၀၀ ကျယ်ဝန်းပါတယ်။

ရန်ကုန်မြိုနဲ့ မိုင် ၇၀ ခန့်အကွာမှာ တည်ရှိပြီး မြန်မာနိုင်ငံရဲ့ တခုတည်းသော ရေတိမ်ဒေသနဲ့ ငှက်အများစု ကျက်စားရာနေရာလည်း ဖြစ်ပါတယ်။
ဒီအင်းမှာ ဌာနေငှက်မျိုးစိတ် ၁၂၅ မျိုးရှိပြီး ကမ္ဘာမှာက ရေတိမ်ဒေသအဖြစ် တရားဝင် သတ်မှတ်ခံထားရတဲ့ အင်းလည်း ဖြစ်ပါတယ်။

 By ထွန်းထွန်းသိန်း (ဒီဗွီဘီ)

Tuesday, May 06, 2014

အကြမ်းဖက်သမား စောင့်ကြည့်ရန် အင်တာပိုရဲအရာရှိများ ရန်ကုန်လေဆိပ်တွင် တာဝန်ထမ်းဆောင်

အကြမ်းဖက်သမားများအား စောင့်ကြည့်ရန် အပြည် ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာ ပို)မှ ရဲအရာရှိသုံးဦး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် မေလ ၃ ရက်မှစ၍ တာဝန် ထမ်းဆောင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အာဆီယံ အစည်းအဝေး ကာလမှာ အကြမ်းဖက်သမား တွေ ၀င်လာမှာကို စစ်ဆေးဖို့အ တွက် လာပြီး တာဝန်ထမ်းဆောင် တာပါ။ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးပါ’’ ဟု လေဆိပ်တွင် တာဝန် ထမ်းဆောင်နေသော သတင်းတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

အင်တာပို ရဲအရာရှိများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနတို့ ပူးပေါင်း ၍ နိုင်ငံတကာမှ ၀င်ရောက်လာ မည့် အကြမ်းဖက်သမားများအား စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ် ကြောင်း မင်္ဂလာဒုံလေဆိပ်ရှိ သတင်းတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နှစ်လယ်မှ စ၍ အင်တာပိုမှ အသုံးပြုသော နိုင်ငံကူးလက်မှတ်များ စစ်ဆေး သည့်စက်များကို ရန်ကုန်လေဆိပ်တွင် လာရောက် တပ်ဆင်ပေးခဲ့ သည်။

အာဆီယံ ထိပ်သီးအစည်းအဝေးကို မေလ ၁၀ ရက်မှ ၁၂ ရက်အထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ပြီး အာဆီယံနိုင်ငံ မှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၃ သြဂုတ် လမှစ၍ ပြည်တွင်း ပဋိပက္ခ ဂယက်ကြောင့် အကြမ်းဖက်သ မားများ ပြည်တွင်းသို့ ၀င်ရောက် မလာနိုင်စေရန် လေဆိပ်များနှင့် နယ်စပ်ဂိတ်ပေါက်များတွင် လုံ ခြုံရေးများ တိုးမြှင့်ချထားခဲ့သည်။

Author: အောင်သူရ / သန်းဌေး
Source : 7Day Daily