ကောဇာသက္ကရာဇ် ၉၇၄ ခုတွင် ပေါ်တူဂီလူမျိုး ဒီဗရစ်တိုငဇင်ကာသည် ဒဂုံမြို့ကိုကျူးကျော်စဉ် ဆံတော်ရှင် ရွှေတိဂုံစေတီတော်ရင်ပြင်မှ ပိဿာချိန် ၁၈ဝဝဝဝ ရှိသော ဓမ္မစေတီခေါင်းလောင်းကို အမြောက်သွန်းလုပ်ရန် သယ်ယူစဉ် ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်း ဆုံရာ မြစ်ဆုံတွင် ရေသို့ကျ၍ နစ်မြုပ် ပျောက်ဆုံးခဲ့သည်မှာ နှစ်ပေါင်း ၄ဝဝ ကျော်ပြီဖြစ်ပြီး စတင်သွန်း လုပ်ချိန် ကောဇာသက္ကရာဇ် ၈၃၈ ခုနှစ်ကဆိုလျှင် နှစ်ပေါင်း ၅ဝဝ ကျော်ပြီဖြစ်သည်။

ယခုအခါ ဆယ်ယူရေးအဖွဲ့က သြဂုတ် ၁၁ ရက်တွင် ဓမ္မစေတီခေါင်းလောင်းကြီးကို ရေပြည့်ချိန်တွင် ဆယ်ယူနေကြပြီး သုံးထပ်သင်္ဘော ဗညားဒလသုံးထပ်သင်္ဘောပေါ်မှ ဆရာတော်များက ပရိတ်တရားတို့ကို ရွတ်ဖတ်ပူဇော်လျက်ရှိသည်။ လပြည့်ကျော် ၃ ရက်အထိ မြစ်ရေတက်မှုသည် ရေငုပ်သမားတို့အတွက် လုပ်ငန်းအဆင်ပြေလျက်ရှိနေသည်။ ခေါင်းလောင်းကြီး ဆယ်ယူမှုကို ပရိသတ်များကလည်း နေ့စဉ်လာရောက်ကြည့်ရှုလေ့လာလျက်ရှိသည်။ တူးဖော်ဆယ်ယူသော နုန်းတူးစက်၊ အထူးယာဉ်နှင့်ဆရာတော်များပရိတ်ရွတ်ဖတ်သော ရေယာဉ်များသို့ ကပ်ခွင့်၊ တက်ခွင့်မပြုချေ။မြန်မာ့ယဉ်ကျေးမှု၏ အမွေအနှစ်ဖြစ်သော သမိုင်းမှတ်တိုင်တစ်ခုဖြစ်သော ဓမ္မစေတီခေါင်းလောင်းကြီးကို ပြည်သူအပေါင်းက မြင်တွေ့ချင်သော ဆန္ဒပြင်းပြလျက်ရှိကြောင်း သိရသည်။

ရေအောက်ရှိ ဓမ္မစေတီခေါင်းလောင်းကြီးကို ၁၉၈၈ ခုနှစ်မတိုင်မီ ပထမဆုံး ရေငုပ်ဆယ်ယူခဲ့သောအဖွဲ့မှ ထိုအချိန်က ရန်ကုန်တက္ကသိုလ်သမိုင်း ဌာန လက်ထောက်ကထိက ဦးကျော် က ''ဓမ္မစေတီခေါင်းလောင်းကြီးကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စီးပွားရေးဌာန သုတေသနမှူးကြီး ဒေါက်တာမျိုးမြင့်နဲ့ အဖွဲ့ဝင် ၁၂ ဦးမှ ကိုယ်ပိုင်ငွေနဲ့ ရေငုပ်အဖွဲ့ခေါင်း ဆောင်ဦးတင်ရွှေ၊ ဦးကြိုင်တို့ဖြင့် သီတင်းသုံးပတ်ဆယ်ယူရှာဖွေခဲ့ခြင်း ဖြစ်ပါတယ်။ ဆယ်ယူရာတွင် ရေတပ်က နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ လှည့်ကင်းဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစတင်ချိန်၊ ပြီးဆုံးချိန်ကို သတင်းပို့ရကာ ဆယ်ယူသောနေရာကို အမှတ်အသား မထားရှိခဲ့ရဘူး။ ရေတက်ပြီး ရေငြိမ်သောအချိန်တွင် မျောက်ခေါင်းဟုခေါ်သော မျက်နှာတစ်ခွင်၊ နှာခေါင်းအုပ်သော ပစ္စည်းဖြင့် ရေပေါ်မှ အောက်ဆီဂျင်ပေးကာ ပစ္စည်းစုံလင်မှုမရှိဘဲ ငုပ်ခဲ့ရပြီး ရေအောက်တွင် နေနိုင်ရန်သံတုံး၊ ကြိုးကို လည်တွင်ဆွဲ၍ အန္တရာယ်ကြုံပါက ရေပေါ်ကို အသိပေးနိုင်၍ အသက်ကယ်ကြိုး တစ်ချောင်းသာ ပါရှိပြီး တစ်ဦးဆင်းပြီး တက်လာမှသာ တစ်ဦးဆင်းခဲ့ရကြောင်း၊ ရေအတက်တွင် ရေစီးကြောင်း၊ ပြင်းထန်ပြီးနွံတို့ကြောင့် အရာဝတ္ထုကို သဲကွဲစွာမမြင်နိုင်ဘဲ ခြေလက်ဖြင့် စမ်းကာလေ့လာရှာ ဖွေခဲ့ရကြောင်း တစ်ကြိမ်တွင် ရေငုပ်သမားတစ်ဦးက စီဘီသင်္ဘောပျက်နှင့် သင်္ဘောပျက်ပုံဘေးတွင် မြေဝါကျောက် စရစ်များအုပ်ကာ လုံနေသောအရာ တစ်ခုကိုစမ်းမိခဲ့ပြီး ကျန်ရေငုပ်သမားများလည်း စမ်းမိကာကိုင်တွယ်စရာမရှိ၍ စီဘီသင်္ဘောပျက် အတွင်းကျသွားပါက ပြန်ထွက်ရန် မလွယ်ကူသည့်အတွက် အောက်ခြေ ထိစူးစမ်းရန် အခွင့်အရေး မရခဲ့ကြောင်း၊ ထိုဂျင်းပုံသဏ္ဌာန် အစိုင်အခဲသည် အတွင်းတွင် အမာခဲတစ်ခုရှိနေနိုင်ပြီး ရေငုပ်ပစ္စည်းအခက်အခဲ၊ ရေအောက်တွင် ကြုံတွေ့ရသော အခက်အခဲတို့အပြင် ငွေကြေးအခက်အခဲတို့ကြောင့် သုံးပတ်ဖြင့် ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

''ခေါင်းလောင်းကြီးကျသွားတာက နှစ်ပေါင်း ၄ဝဝ ကျော်လာတာရယ်၊ သံပါဝင်တဲ့အတွက် ဓာတ်ပြုသွားနိုင်တာရယ်၊ မြစ်ကြောင်းပြောင်းလဲမှု တွေကြောင့် ဘယ်နေရာမှာရှိနိုင်မလဲ ဆိုတာ ခန့်မှန်းရခက်ပါတယ်။ ကျွန်တော်တို့ပထမဆုံး ဆယ်ပြီးတဲ့နောက်မှာ ဒီနှစ်ဆန်းပိုင်းကျိုက်ထီးဆောင်းဆရာတော်ကြီးအပါအဝင် ၁၂ ဖွဲ့ ရှိသွားပြီ။ ဘယ်သူမှ ဆယ်ယူနိုင်ခဲ့တယ်လို့ မကြားမိခဲ့ဘူး၊ ကျွန်တော်တို့ ဆယ်စဉ်က ငွေကြေးမတတ်နိုင်လို့ ရပ်သွားခဲ့တာ ဆယ်ပြီးတဲ့အဖွဲ့တွေက ဘာကြောင့်ရပ်သွားတယ်ဆိုတာ မပြောခဲ့ဘူး၊ မရှင်းပြခဲ့ဘူး။ ငွေကြေး တောင့်တင်းတဲ့ ပုဂ္ဂိုလ်တွေလည်း ဆယ်ခဲ့တာပါပဲ။ အခု သြဂုတ် ၁ဝ ရက်က စဆယ်တဲ့ ဦးစံလင်းတို့ကို ကြိုဆိုဝမ်းသာပါတယ်။ ဆယ်ယူရရှိခဲ့ရင် နိုင်ငံတော်အတွက် ဂုဏ်ယူစရာ ဖြစ်သလို သမိုင်းအထောက်အထား အတွက် ကမ္ဘာမှာ ဝင့်ကြွားစရာဖြစ် လာမှာပါ။ ခေါင်းလောင်းကြီး ကို ဆယ်ယူပြီးရင် ရွှေတိဂုံစေတီတော်မှာပဲ လှူဒါန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ကျွန်တော်တို့ဆယ်ယူစဉ်ကလို နိုင်ငံတော်ကို လှူမယ်ဆိုတဲ့ ရည်ရွယ် ချက်ထားရှိချက်တူတဲ့အတွက် အောင်မြင်စေချင်ပါတယ်'' ဟုဆက်လက် ပြောကြားသည်။

၁၉၈၇ မှ ၁၉၉၇ ခုနှစ်အထိ အမေရိကန်နိုင်ငံသား ဂျင်ဘလန်က (၄)ကြိမ်တိုင် ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာဖွေခဲ့ပြီး ဒေါပုံမြစ်နှင့် ရန်ကုန်မြစ်ဝဆုံရာ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၆ မိနစ်နှင့် အရှေ့လောင် ဂျီတွဒ် ၉၆ ဒီဂရီ ၁၃ မိနစ်တွင် ရှိနိုင် သည်ဟုယူဆခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင် အကြီးဆုံးခေါင်းလောင်းကြီးမှာ ရုရှားနိုင်ငံမော်စကိုမြို့ရှိ ဇာကိုလိုကော ခေါင်းလောင်းကြီးဖြစ်ပြီး တန်ချိန် ၂ဝဝ ကျော်ရှိ၍ အေဒီ-၁၈၅၃ တွင်သွန်း လုပ်ခဲ့ကြောင်း၊ ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီးမှာ မော်စကိုမြို့တွင်ရှိ၍တန်ချိန် ၁၂၈ တန်ရှိပြီး တတိယခေါင်းလောင်းကြီးမှာ မင်းကွန်းရှိ ၈၉ တန်ရှိသော အေဒီ-၁၈ဝ၈ တွင် ဘိုးတော်ဘုရားသွန်း လုပ်ပူဇော်ခဲ့သော မင်းကွန်းခေါင်းလောင်းကြီးဖြစ်ကြောင်း သိရသည်။

ရေအောက်မှဆယ်ယူနေသော ဓမ္မစေတီခေါင်းလောင်းကြီးသည် တန်ချိန် ၃ဝဝ ဟုဆိုထားသောကြောင့် ရထားခေါင်းတွဲတစ်ခုလျှင်တန် ၃ဝ ဆိုပါက ခေါင်းတွဲ ၁ဝ တွဲနှင့် ညီမျှ သော အလေးချိန်ရှိ၍ ကမ္ဘာတွင်အကြီးဆုံး ခေါင်းလောင်းကြီးအဖြစ် မှတ်တမ်းဝင်သွားမည် ဖြစ်သည်။

0 Comments:

Post a Comment



Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.

Creative Commons License