Sunday, November 07, 2021

ကျွန်တော်နှင့် သန်လျင်မြေ

ပေါ်တူဂီဘုရားကျောင်းဟောင်း
Syriam သို့မဟုတ် သန်လျင်၊ ကျွန်တော်ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့သောမြေ။ အဖိုးနှင့်အဖွားတို့၏ ဇာတိမြေ။ အဖွား၏အိပ်ယာဝင်ပုံပြင် သန်လျင်မြို့အကြောင်းများထဲမှ ပါဒနိုင်ငံတော်နှင့် ကြခတ်ဝါးရုံမင်းသမီး အကြောင်း၊ ကျောင်းစာထဲမှ ရှင်မွေ့နွန်း မင်းနန္တာတို့၏ အချစ်ဇာတ်လမ်း၊ သမိုင်းထဲမှ နတ်ရှင်နောင်နှင့် ငဇင်ကာ၊ စာရေးဆရာ သန်လျင်မောင်မောင်ဦး ကြုံခဲ့ရသည့် ဆေးလုံးကြီးရွာအနီးမှ ကျက်ရွာ အဖွားငယ်စဉ်က တွေ့မြင်ခဲ့ရသည့် သိုက်ရှိသည့် ရှေး‌စေတီပျက် အက်ကွဲကြောင်းထဲမှ ထွက်လာသည်ဆိုသော ဘိုးသူတော်ကြီး စသည့် အကြောင်းအရာများက ကျွန်တော့်စိတ်နှလုံးထဲအထိ ဆွဲဆောင်ထား‌သည်။

ရန်ကုန်နှင့်သန်လျင်ပြေးဆွဲခဲ့သည့် သီတာသင်္ဘော

ပေါ်တူဂီဘုရားကျောင်းဟောင်းသို့ သွားရာလမ်းလေး
ကျွန်တော်တို့ငယ်စဉ်ဘဝက အဖိုးသန်လျင်သွားလျှင် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို အမြဲလိုခေါ်သွားတတ်သည်။ 1990 ခုနှစ်ဝန်းကျင်က သန်လျှင်သို့သွားလျှင် ပုဇွန်တောင် ညောင်တန်းဆိပ်ကမ်းမှ သီတာ ၂ ထပ်သင်္ဘောဖြင့် သန်လျင်ဆိပ်ကမ်းသို့ သွားရသည်။ ထိုစဉ်တုန်းက လက်မှတ်ခ ၁ကျပ်ပေးရသည်။ သင်္ဘောပေါ်တွင် ခွေး‌ခြေ ထိုင်ခုံငယ်လေးများကို တစ်ခုံတစ်မတ်ဖြင့် ငှားထိုင်ကြရသည်။ မြစ်ပြင်သို့ရောက်လျှင် ဇင်ယော်ငှက်လေးများ အုပ်စုဖွဲ့ကာ သင်္ဘောနောက်ကို လိုက်လာတတ်ကြသည်။ ဇင်ယော်ငှက်လေးများအား စာ‌ကလေးခွေ ကျွေးကြရသည်မှာ အလွန်ပင် ပျော်စရာကောင်းလှသည်။ သန်လျင်ဆိပ်ကမ်းသို့ရောက်သည့်အခါ ဒုတိယကမ္ဘာစစ်လက်ကျန် ကားကြီးများ၊ ဂျစ်ကားများ၊ မြင်းလှည်း စသည်တို့ဖြင့် လိုရာခရီးသို့ဆက်ကြရသည်။ ထိုစဉ်က မြို့မဈေးရောက်ဖို့ကို ‌အတော်ကြာသည်ဟု စိတ်ထဲမှတ်ထင်ခဲ့ဖူးသည်။ သန်လျင်သို့ရောက်လျင် ရန်ကုန်နှင့်မတူ ကွဲပြားခြားပြီး နယ်မြို့လေးလို ခံစားရပြီး သစ်ကြီးဝါးကြီးများဖြင့် အေးချမ်းသာယာလှသည်။ အဖိုးဖြစ်သူနှင့် သန်လျင်ရောက်တိုင်း ဗိုလ်ချုပ်ရွာနှင့် ထန်းပင်ကုန်းရှိ အမျိုးများထံသွားလည်ကြပြီး မြို့မလမ်းထဲမှ ဘကြီးဖြစ်သူအိမ်တွင် ညအိပ်ညနေတည်းသည်။ အစ်ကိုဝမ်းကွဲ ညီမဝမ်းကွဲများလည်းရှိ၍ အလွန်ပျော်သည်။ စက်ဘီးပါတ်စီးကြ ကစားကြသည်။ ည ၇ နာရီဆိုလျင် လူ‌ခြေတိတ်ပြီး စောစီးစွာအိပ်ယာဝင်ကြသည်မှာ ငယ်စဉ်ဘဝအမှတ်တရများပင်ဖြစ်သည်။

သန်လျင်ကုလားဝဲတံတားပေါ်


ညီအစ်ကိနှစ်ယောက်အမှတ်တရ

ပေါ်တူဂီဘုရားကျောင်းဟောင်း ဘေးနံရံမြင်ကွင်း
ယခုတစ်ခေါက် မွေးရပ်မြေရန်ကုန်သို့ ပြန်ရောက်သည့်အခါ ညီအစ်ကို ၂ ယောက်အတူ သန်လျင်သို့စက်ဘီးစီးဖြစ်ခဲ့သည်။ သန်လျင်သို့ ဗဟန်းမှစထွက်ခဲ့ပြီး ကုလားဝဲတံတားဘက်မှ တာဝတက္ကသိုလ်၊ ကျိုက်ခေါက်စေတီတော်လမ်းကြောင်းအတိုင်း ပါတ်စီးပြီး ‌အောင်ချမ်းသာတွင် နံနက်စာစားခါ အစ်ကိုဝမ်းကွဲတွေရှိရာ သန်လျင်အမှတ်(၁) ရေနံချက်စက်ရုံဝင်း ဝန်ထမ်းလိုင်းခန်းသို့ ဆက်နင်းခဲ့ကြသည်။ ထိုမှတဆင့် ရေနံချက်စက်ရုံဝင်းအတွင်းရှိ နှစ်ပေါင်း၂၇၀ ကျော်ရှိပြီဖြစ်သည့် Immaculate Conception Catholic Church ( အပြစ်မဲ့သန္ဓေယူသော မယ်တော်သခင်မ ဘုရားကျောင်း ) အမည်ရှိ ရှေးဟောင်း ပေါ်တူဂီဘုရားကျောင်းရှိရာသို့ ခရီးဆက်ခဲ့ကြသည်။ သစ်ရိပ်ဝါးရိပ်များအောက်မှ တောင်ကုန်းမို့မို့လေးပေါ်ရှိ ရှေးအုတ်ချပ်များဖြင့် တည်ဆောက်ထားသည့် ပေါ်တူဂီဘုရားကျောင်းကြီးကို ထည်ဝါစွာတွေ့မြင်ရသည်။ အလျား ၂၉၇ မီတာ (၉၇၄ ဒသမ ၄ ပေ) နှင့် အနံ ၁၆ မီတာ(၅၂ ဒသမ ၄၉ ပေ)ရှိသည့် ယင်း အဆောက်အအုံကို ခရစ်နှစ် (၁၇၄၉-၁၇၅၀) နှစ်တွင် အင်းဝနှင့် ပဲခူးသာသနာပြုအဖွဲ့၏ ဒုတိယသင်းအုပ် ဆရာတော် အီတလီလူမျိုး Paolo Marie Nerini က ကြီးမှူးပြီး အာမေးနီးယန်းကုန်သည်ကြီး Nicolai Margaritae က ဆောက်လုပ်ခဲ့သည်ဟုသိရသည်။ ယင်းအဆောက်အအုံသည် ထိုစဉ်က သန်လျင်တွင်နေထိုင်သည့် အနောက်နိုင်ငံသားများ ဝတ်ပြုရန် လှူဒါန်းခဲ့သည့် ဗရင်ဂျီ ဘုရားကျောင်းဖြစ်ကာ ဝင်ပေါက်များကို ရောင်ခြည်ဖြာပေါင်းကူးစနစ်ဖြင့် တည်ဆောက်ထားသည်။

အစ်ကိုဖြစ်သူနှင့်အမှတ်တရ
ပေါ်တူဂီဘုရားကျောင်းဟောင်းဝင်ပေါက်တစ်ခု

လက်ရှိအချိန်မှာတော့ ယင်းကျောင်းဟောင်းကြီးသည် အမိုးမရှိတော့ဘဲ ဗုံးဒဏ်ကြောင့်မြင့်မားသော နံရံပျက်ကြီးများသာ ကျန်ရှိနေသည်ကို တွေ့မြင်ခဲ့ရသည်။ ဘုရားကျောင်းသည် နံရံသုံးဖက်သာ ကျန်တော့ပြီး ဘေးနှစ်ဖက်က နံရံနှစ်ခုအနက် တစ်ခုမှာ ဝင်ပေါက်လေးခုရှိပြီး မျှော်စင်ရှိတဲ့ဘက်မှာတော့ ဝင်ပေါက်သုံးခုသာရှိသည်။ ဘေးဘက်နံရံတွေမှာ လေးထောင့်အပေါက်သေးသေးလေးတွေကိုလည်း တွေ့ရသည်။ တည်ဆောက်စဉ်က လေဝင်ပေါက်အဖြစ် ထားရှိသည်ဟု ယူဆမိသည်။ ပေါ်တူဂီဘုရားကျောင်းဟောင်းကို ငဇင်ကာအုတ်ဂူဟုလည်း ထင်မှတ်မှားတတ်ကြသည်။ မိမိတို့ရောက်သည့်အခါမှာတော့ က်ိုဗစ်ကာလကတည်းက ပိတ်ထားသည်ဖြစ်၍ အထဲကိုတော့မဝင်ခဲ့ရ အပြင်မှသာဓါတ်ပုံရိုက်ခဲ့ရသည်။ စိတ်ကြိုက် ဓါတ်ပုံရိုက်လေ့လာပြီးနောက် ဝန်ထမ်းလိုင်းခန်းသို့ ပြန်ရောက်သည့်အခါ ကြီးတော်ဖြစ်သူနှင့် အစ်ကိုတွေက နေ့လည်စာဖြင့်ဧည့်ခံသည်။ နေ့လည်စာစားသောက်ပြီး ဆွေမျိုးများနှင့်အတူ စကားပြောဆိုရင်း ခတ္တခဏ အနားယူပြီးနောက် ထန်းပင်ကုန်းမှ သူငယ်ချင်းတစ်ယောက်နှင့်အတူ လဖ္ဘည့်ရည်ဆိုင်ထိုင်ပြီးစကားလက်ဆုံကျသေး၏။ ထို့နောက် လိုင်းခန်းရှိအစ်ကိုဝမ်းကွဲများနှင့် မိသားစုများအား ဝင်ရောက်နှုတ်ဆက်ခါ သိပ္ပံလမ်းမှ အုတ်ဖိုစုဘူတာကိုဖြတ်ပြီး ကုလားဝဲတံတားဘက်ကနေ ရန်ကုန်ကိုပြန်စီးလာခဲ့ကြသည်။

ဟိန္ဒူဘုရားကျောင်းဟောင်းတစ်ခု

ရန်ကုန်သို့အပြန်
သန်လျင်သည် လမ်းကောင်းများ၊ အ‌ဆောက် အအုံသစ်များစွာဖြင့် များစွားတိုးတက်ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အဘိုးရှိစဉ်က ပြောခဲ့သလို သန်လျင်မြေ တစ်စလောင်း ငွေတစ်သောင်းမကလည်း တန်ခဲ့ပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကိုလိုနီခေတ်အ‌ငွေ့အသက် အ‌ဆောက်အဦးဟောင်းတချို့၊ မွန်တို့၏ကောင်းမှု ရှေးဟောင်းစေတီပုထိုးများနှင့် သန်လျင်၏သမိုင်းကြောင်းများကား ဆက်လက်ရှင်သန်‌နေဆဲဖြစ်သည်။ သန်လျင်၏ အမှတ်အသား ဖြစ်သည့် မြင်းလှည်းများကိုကား ‌မတွေ့မြင်ရတော့ပေ။

 #‌လင်းမောင်မောင်

ကိုးကား (ပေါ်တူဂီ ဘုရားကျောင်းဟောင်း တူးဖော်မှု အစီရင်ခံစာ) 



No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.