Sunday, July 31, 2022

ကမ်းခြေပတ်လမ်းသို့


ဒီတစ်ပါတ် Sunday မှာတော့ ဂွချောင်းတံတားသစ်ကြီးကိုဖြတ်ပြီး ကမ်းခြေနံဘေးလမ်းအတိုင်း စီးဖြစ်ခဲ့ပါတယ်။ ဂွမရောက်ခင် ကိုရန်ကျော်မိုးနှင့် လမ်းမှာဆုံကြပြီး ဂွဈေးနားက လဖ္ဘက်ရည်ဆိုင်မှာ မနက်စာစားကြပြီးမှ ဂွတံတားကိုဖြတ်ကာ ကမ်းခြေပတ်လမ်းအတိုင်းစီးခဲ့ကြတာပါ။

ဂွတံတားက ရာခိုင်နှုန်းအပြည့် မပြီးသေးတာကြောင့် ချင်းကပ်လမ်းတွေက မြေသားလမ်းအဆင့်ပဲရှိပါသေးတယ်။ ကားကြီးတွေ ဖြတ်သန်းသွားလာခွင့်မရှိသေးပါဘူး။ တစ်ပါတ်လုံးလုံး မိုးမရွာထားလို့ ရွှံ့သားလမ်းတွေက ခြောက်သွေ့နေလို့ စီးရတာ အဆင်ပြေလှပါတယ်။ ကမ်းခြေနဲ့ အနီးဆုံးနေရာမှာ လမ်းဖောက်ထားတာဖြစ်လို့ တောတောင်ရိပ်‌တွေနဲ့ သာယာလှတဲ့ပင်လယ်ရှုခင်းကိုကြည့်ရင်း စက်ဘီးစီးရတာ ကြည်နူးစရာပါ။ ဒီကမ်းခြေပတ်လမ်းက ဂွမြို့ကနေ မကျီးဇင်-ရွှေသောင်ယံ - ငွေဆောင် -ချောင်းသာ - ငရုပ်ကောာင်းအထိ လမ်းဖောက်မယ့်စီမံကိန်းပါ။ လက်ရှိမှာတော့ ကမ်းခြေတစ်လျှောက်မှာ ရွှေရတီကမ်းခြေအိမ်ယာစီမံကိန်းမြေနေရာတွေကို အတော်များများ တွေ့ခဲ့ရပါတယ်။
ချမ်းသာရွာအထိပဲ စီးဖို့ ရည်ရွယ်ထားပေမယ့်လည်း ရှေ့ဆက်စီးရင်း တောင်ပေါက်အထိရောက်ခဲ့ပါတယ်။ တချို့လမ်းပိုင်းတွေက ကုန်းအတက်အဆင်း အနည်းငယ်ရှိပြီး ကွန်ကရစ်လမ်းကနေ မြေသားလမ်း ကျောက်ခင်းလမ်း‌အချို့ကို ဖြတ်ခဲ့ရပါတယ်။ ကမ်းခြေပတ်လမ်းတစ်လျှောက်ကားရှင်းပြီး ဂွဘက်အခြမ်းမှာလို ကုန်ကားတွေ Express ကားတွေမရှိလို့ စက်ဘီးစီးရတာတော့ စိတ်အေးရပါတယ်။ ရာသီဥတုက တစ်နေ့လုံးနေသာလို့ အပြန်အပူရှိန်ပြင်းလာမှာစိုးတာနဲ့ တောင်ပေါက်ရွာအဆုံးက သစ်သားတံတားနားကနေ ပြန်လှည့်ခဲ့ကြပါတယ်။ အပြန်မှာ ချမ်းသာရွာက အအေးဆိုင်မှာ ခဏနားကြပြီးမှ ခရီးပြန်ဆက်ခဲ့ကြပါတယ်။ ချမ်းသာရွာမှာတော့ ဘုတ်ဆိပ်ရှိပြီး နာမည်ကျော်ဂွကျွန်းကို သွားဖို့ဆိုရင်ဖြင့် ကမ်း‌ခြေကနေအနီးဆုံးနေရာဖြစ်ပါတယ်။
ဂွဘက်အခြမ်းပြန်ရောက်ပြီး ကိုရန်ကျော်မိုးအိမ်မှာလိုက်နားပြီး နေ့လည်စာဖြင့်တည်ခင်းဧည့်ခံပါတယ်။ အချက်အပြုတ်ကလည်းကောင်း ဗိုက်ကလည်းဆာဆာနဲ့ ထမ္မင်း၂ပန်းကန် စားဖြစ်ခဲ့ပါတယ်။ "နေ့လည်စာဖြင့်ဧည့်ခံတဲ့ ကိုရန်ကျော်မိုးကို ကျေးဇူးတင်ပါတယ်ဗျာ" ထမ္မင်းစားသောက်ပြီးလို့ ခဏတဖြုတ်နားပြီးမှ အိမ်အပြန်ခရီးကို ပြန်ဆက်ခဲ့ပါတော့တယ်။

LMM

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.