Sunday, March 19, 2023

ဘုတ်စီးပြီးသွားခဲ့တဲ့ ရာဇဝင်ထဲကမြို့လေးသို့ စက်ဘီးခရီးစဉ်

ဒီတစ်ပါတ် Sunday မှာ ရန်ကုန် ကနေ သန်လျင် - ကျောက်တန်းဘက်ကို စက်ဘီးစီးဖြစ်ခဲ့ပါတယ်။ မနက်စောစော အိမ်ကထွက်လာတုန်းကတော့ Solo ပဲစီးဖြစ်တာပါ။ ဟိုးအရင်တစ်ခေါက်တုန်းကတော့ သန်လျင်ကို အမှတ်(၂)တံတားဘက်ကစီးခဲ့ဖူးတော့ ဒီတစ်ခေါက်မှာ တခြားလမ်းကနေစီးမယ်ဆိုပြီး ပန်းဆိုးတန်းဆိပ်ကမ်းကို စက်ဘီးစီးသွားကာ Yangon Innovation Center မှာ သန်လျင်တဘက်ကမ်းက Star City ကိုသွားတဲ့ Star Ferry လက်မှတ် ဖြတ်လိုက်ပါတယ်။ လက်မှတ်ခကတော့ 3000 ကျပ်ပါ။ အချိန်စောနေသေးလို့ Breakfast ထွက်စားပြီး Yangon Innovation Center ကိုပြန်ရောက်တဲ့အခါမှာ ကိုယ့်လိုပဲ စက်ဘီးစီးအဖွဲ့တချို့လည်း ဘုတ်စီးဖို့စောင့်နေကြပါပြီ။




Ferry ဘုတ်ပေါ် မှာ စက်ဘီးတွေတင်ပြီးတာနဲ့ နံနက် ၇ နာရီမှာ ပန်းဆိုးတန်းဆိပ်ကမ်းက စထွက်ပါတယ်။ Star Ferry တစ်စီးလုံးမှာလည်း စက်ဘီးသမားတွေချည်းပဲ လိုက်ပါလာပါတယ်။ ရေတက်ရေကျအချိန်ပေါ်မူတည်ပြီး ဆိပ်ကမ်းကထွက်ချိန် တစ်ရက်နှင့်တစ်ရက်သတ်ပြောင်းလဲ သတ်မှတ်ထားပါတယ်။ ဒီလိုနဲ့ ရန်ကုန်မြစ်လယ်ကို ရောက်လာတဲ့အခါ မြစ်ပြင်ကျယ်ကြီးပေါ်က ဖြတ်တိုက်လာတဲ့ လတ်ဆတ်တဲ့လေကိုခံစားရင်း ဘုတ်စီးရတာ တကယ့်ကိုပဲ လန်းဆန်းသွားစေပါတယ်။




နာရီဝက်နီးပါးအကြာမှာ သန်လျင်ဘက်ကမ်းကိုရောက်ပါတယ်။ ဘုတ်ဆိပ်ကနေ Star City ကိုသွားဖို့အတွက် Ferry ကားလာကြိုပေးပါတယ်။ ကိုယ်တွေစီးတဲ့ ဘုတ်မှာတော့ အားလုံးက စက်ဘီးသမားတွေချည်းမို့ Ferry ကားနဲ့ မလိုက်ကြပါဘူး။ အတူလာတဲ့စက်ဘီးအဖွဲ့ကို မေးကြည့်တော့ သူတို့လည်း ကျောက်တန်းဘက်ကို ဆက်စီးကြမယ်ဆိုလို့ သူတို့အဖွဲ့နဲ့ပဲလိုက်စီးဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူတို့အဖွဲ့က တောင်ဥက္ကလာကလို့သိရပြီး အားလုံးကလည်း ဖော်ရွေစွာ ကြိုဆိုကြပါတယ်။ တချို့အဖွဲ့တွေကတော့ Star City ထဲမှာစီးဖို့ ကျန်နေခဲ့ကြပါတယ်။



လမ်းတစ်လျှောက်မှာလည်း တစ်ဦးနှင့်တစ်ဦး စည်းလုံးစွာစီးနင်းလာကြပြီး နံနက် 9:20 မှာကျိုက်မှော်ဝန်း ရေလယ်ဘုရားကို ရောက်ပါတယ်။ သန်လျှင်ကနေ ကျောက်တန်းတစ်လျှောက်မှာ သမိုင်းဝင် စေတီပုထိုးများစွာတည်ထားပြီး တချို့စေတီပျက်များမှာလည်း အုတ်ပုံအပြိုအပျက်များအဖြစ် ကျန်ရှိနေဆဲပါ။ ကျောက်တန်းရောက်တဲ့အခါ အားလုံးအတူ ဆိုင်တစ်ဆိုင်မှာထိုင်ပြီး အုန်းစိမ်းရေမှာသောက်ပြီး ခဏအနားယူကြပါတယ်။ ခဏနားကြပြီးနောက် စက်ဘီးစီးအဖွဲ့က ကျောက်တန်းမြို့ရှိ ပီလခတ်ဘုရားကျောင်းကို ဆက်သွားကြဖို့ အစီအစဉ်ဆွဲကြပါတယ်။ ပီလခတ်ဘုရားကျောင်းဆိုတာ ပင်လယ်ကပ်ဆိုတဲ့ စကားကနေ ပြောင်းလဲလာပြီး ရှေးယခင်က ပင်လယ်ကမ်းစပ်ဖြစ်ခဲ့ပြီး ရှေးယခင်က အိန္ဒိယက တမီလ်လူမျိုးတွေ စတင်ရောက်ရှိလာခဲ့တဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။


သူတို့နဲ့အတူ ဆက်လိုက်ချင်ပေမယ့် သန်လျင်မှာ အစ်ကိုဝမ်းကွဲတွေ မိတ်ဆွေတွေဆီ ဝင်တွေ့ချင်သေးလို့ သူတို့နဲ့လမ်းခွဲပြီး သန်လျင်ကို တစ်ယောက်တည်းပဲ ပြန်စီးဖြစ်ခဲ့ပါတယ်။ နောက်တသ်ခေါက် အခွင့်ကြုံရင် ပီလခတ်ကို သီးသန့်သွားလေ့လာပါဦးမယ်။ နေ့လည်စာကိုတော့ သန်လျင်ပြန်ရောက်မှ မြို့မဈေးနားက ဆိုင်တစ်ဆိုင်မှာ စားလိုက်ပါတယ်။ ပြီးနောက်အစ်ကိုဝမ်းကွဲအိမ်မှာ ခဏအနားယူပြီး ကျောက်တန်းက ပြန်လာတဲ့ စက်ဘီးအဖွဲ့နဲ့ ပြန် Join ပြီး ညနေ 5:00 ထွက်တဲ့ Star Ferry နဲ့ပန်းဆိုးတန်းဆိပ်ကမ်းကို ပြန်လာခဲ့ကြပါတယ်။ ညနေအပြန်မှာတော့ ရန်ကုန်မြစ်ထဲမှာ မိမိတို့စီးလာတဲ့ဘုတ်နောက်ကို ဇင်ယော်ငှက်လေးတချို့ ဝဲပျံပြီးလိုက်ပါလာပါသေးတယ်။ ဇင်ယော်ငှက်တွေပျံဝဲနေတဲ့ ညနေခင်း ရန်ကုန်မြစ်ပြင်ရဲ့အလှဟာလည်း စိတ်ကြည်နူးစရာပါ။ 5:25 မိနစ်မှာ ပန်းဆိုးတန်းဆိပ်ကမ်းကို ပြန်ရောက်ပါတယ်။ အဲဒီကနေပဲ စက်ဘီးအုပ်စုကို နှုတ်ဆက်ပြီး မိမိတစ်ဦးတည်းပြန်စီးလာခဲ့ပါတယ်။



အားလပ်ရက်မှာ ရန်ကုန်မြစ်ထဲ အပန်းဖြေဘုတ်စီးချင်လို့ပဲဖြစ်ဖြစ် စက်ဘီးလည်းစီးရင်း Star City ထဲလည်ပတ်ချင်တယ်ဆို ဒီလမ်းကြောင်းက စိတ်ကျေနပ်မှုရစေမှာပါလို့ပြောကြားရင်း ယခုတစ်ပါတ်ရဲ့ စက်ဘီးခရီးတိုလေးအကြောင်း ရေးသားလိုက်ရပါတယ်။

လင်းမောင်မောင်

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.