Sunday, December 27, 2020

ရှေးဟောင်းသဘာဝငွေတောင်လှိုဏ်ဂူဘုရား

 

Beach View

ယနေ့ နံနက်ခင်းမှာ စက်ဘီးစီးရင်းရောက်ဖြစ်ခဲ့တာကတော့ ဝေးဝေးလံလံမဟုတ်တဲ့ ရှေးဟောင်းဆံတော်ရှင်ရွှေဘုံသာ စေတီတည်ထားရာငွေတောင်ကိုပါ။ ဂွ- သဲတွဲ ကားလမ်းနံဘေးမှာရှိပြီး ယခင်က အမြဲဖြတ်သွားဖြတ်လာရှိနေပေမယ့် ယခုတစ်ခေါက်တော့ ဂွမြို့နယ်မှာစက်ဘီးစီးရင်း လည်ပါတ်စရာ အထင်ကရ နေရာတစ်အခုအဖြစ် မှတ်တမ်းတင်လိုတာကြောင့် ယခုလိုရေးသားဖေါ်ပြလိုက်ပါတယ်။
ဆံတော်ရှင် ရွှေဘုံသာ‌စေတီတော် နှင့်လှိုဏ်ဂူအဝင်ဝ
စေတီတော်ရင်ပြင်ပေါ်မှ ပင်လယ်ရှုခင်း
ငွေတောင်သဘာဝလှိုဏ်ဂူဘုရားအဝင်

ဆံတော်ရှင် ရွှေဘုံသာ‌စေတီတော်သည် ရှေးဟောင်း စေတီတစ် ဆူဖြစ်ပြီး တောင်ကုန်းပေါ်မှာတည်ထားတာကြောင့် စေတီတော်ရင်ပြင်ပေါ်ကနေလှမ်းမျှော်ကြည့်လိုက်ရင်ဖြင့် လှပတဲ့ပင်လယ်ကမ်းခြေအလှကို တောင်တန်းများနှင့်အတူ ရှုမြင်ခံစားနိုင်ပါတယ်။ စေတီတော်နံဘေးမှာတော့ တောင်အောက်ကိုဆင်းတဲ့ ကွန်ကရစ်လှေခါးတစ်ခုရှိပြီး စေတီတော်အောက်ခြေမှာ ဘုန်းတော်ကြီးကျောင်းနှင့် စေတီငယ်များကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ စေတီတော်ရဲ့အောက်‌တည့်တည့်မှာတော့ ရှေးဟောင်းသဘာဝငွေတောင်လှိုဏ်ဂူဘုရားဆိုတဲ့ မုဒ်ဦးနှင့်အတူ သဘာဝလှိုဏ်ဂူပေါက်ဝကိုတွေ့မြင်ရပါတယ်။ လှိုဏ်ဂူပေါက်ထဲဝင်ကြည့်တဲ့အခါ ကြွေပြားများခင်းထားပြီး ဂူပေါက်ဝမှာအနည်းငယ်ကျယ်ပြီး အတွင်းကိုကျဉ်း‌မြောင်း သွားပါတယ်။ လှိုဏ်ဂူအဆုံးမှာ လျှောင်းတော်မူမြတ်စွာဘုရားရုပ်ပွားတော်ကို ဖူးတွေ့ခဲ့ရပြီး ပန်း၊ ရေချမ်းများကပ်လှူပူဇော်ထားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ လှိုဏ်ဂူအတွင်းမှာ လင်းဆွဲတချို့ရှိနေပြီး အလင်းရောင် အားနည်းတာကြောင့် Flashlight ဖွင့်လို့ ဓါတ်ပုံရိုက်ကူးရခဲ့ပါတယ်။
လှိုဏ်ဂူအဝင်ဝ

လှိုဏ်ဂူအတွင်းရှိရှေးဟောင်းလျှောင်းတောင်မူရုပ်ပွားတာ်

လှိုဏ်ဂူအတွင်း ဘုရားဖူးပြီး ငွေတောင်ကျောင်းတိုက် ဆရာတော်ကိုဖူးရင်း ဘုရားသမိုင်းကို မေးမြန်းဖို့အတွက် ကျောင်းတိုက်ဘက်ကိုသွားခဲ့ပေမယ့် ဆရာတော်ကျောင်းတိုက်မှာမတွေ့ခဲ့လို့ စက်ဘီးထားခဲ့ရာ တောင်ပေါ်ကို ပြန်တက်လာခဲ့ပါတယ်။ မှတ်မှတ်ရရဖြစ်ခဲ့တာကတော့ ဖိနပ်ချွတ်ထားရာနေရာရောက်တဲ့အခါ ဖိနပ်တွေကို ခွေးပေါက်စလေးတွေကိုက်ထားလို့ ပေါက်ပြဲနေပြီး ခြေအိတ်တစ်ဖက်လည်းရှာမတွေ့တော့လို့ ဒီအတိုင်းပဲစက်ဘီးစီးလို့ ပြန်လာခဲ့ရပါတော့တယ်။ အကယ်၍များ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို ရောက်ခဲ့လျှင်ဖြင့် ကမ်းသာယာ ကင်းပုံရွာအနီးက ငွေတောင်ရှေးဟောင်းလှိုဏ်ဂူဘုရားကို ဝင်ရောက်ဖူးမျှော်နိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
ငွေတောင်ဘုန်းကြီးကျောင်းဝင်း



Linn Maung Maung

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.