Saturday, January 30, 2021

ပျူကျောက်စာလေ့လာရေးခရီး


လွန်ခဲ့သော ၁ နှစ်ခန့်က ဂွမြို့နယ်မှာ စက်ဘီးစီးလမ်းကြောင်းတွေကို စီးဖော်စီးဖက် ဝါသနာတူတချို့နှင့် စကားစပ်မိရင်း လင်းစတား ဆိုင်ကယ်ပြင်ဆိုင်မှ လွှမ်းမိုးနိုင်က ပန်းတော၊ တုံးတောရွာအနီးတွင် ပျူကျောက်စာရှိကြောင်း ထိုနေရာသို့ စက်ဘီးစီးခရီးဖြင့် သွားလို့ရကြောင်း ပြောပြရာ သွားရောက်ချင်စိတ်ဖြစ်ပေါ်လာလို့ အားလပ်ရက်တစ်ချို့မှာ သွားရောက် လေ့လာကြဖို့အတွက် စီစဉ်ခဲ့ကြသည်။ သို့သော်လည်း အကြောင်းကြောင်းကြောင့် ခရီးသွားဖို့အစီအစဉ်မှာ အကောင်အထည်မပေါ်လာပဲ သွားမည့်နေ့ကို အားလုံးအဆင်ပြေနိုင်မည့် ရက်ကို နောက်ဆုတ်ထားရင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ရောက်မှသာ ခရီးသွားဖို့အစီအစဉ်ကို တကျော့ပြန်စီစဉ်ဖြစ်ခဲ့ပါတယ်။

ယခုတဖန် ခရီးစဉ်တွင်လည်း ယခင်စက်ဘီးစီးဖော်များမှာ အလုပ်မအားလပ်သူနှင့် Home Stay ဝင်နေရသူနှင့် ခရီးသွားလာဖို့လွဲချော်ခဲ့ကြပါတယ်။ သို့သော် ကျွန်တော်နှင့်အတူ နောက်ထပ်စက်ဘီးစီး ဝါသနာတူအသစ် ၂ယောက် ယခုခရီးစဉ်မှာ ပါဝင်ခဲ့ကြပါတယ်။ ဇန်နဝါရီလသည် စက်ဘီးနှင့် ခရီးသွားရန်အတွက် အကောင်းဆုံးကာလ ဖြစ်သောကြောင့် ယခုလတွင် ခရီးစဉ်ကို မလွဲချော်လိုသဖြင့် ၂၀.၁.၂၀၂၁ ဗုဒ္ဓဟူးနေ့တွင် ပျူကျောက်စာလေ့လာရေး စက်ဘီးခရီးကို စတင်ခဲ့ကြပါတယ်။

ခရီးစထွက်မည့် နံနက် (၄)နာရီမှာ ခရီးစဉ်မှာလိုက်ပါမယ့် အိမ်နီးချင်းတစ်ဦးဖြစ်သူ မြင့်သူနှင့်အတူ အိမ်မှစထွက်ခဲ့ကြပြီး နံနက် (၅)နာရီတွင် ရတနာမြိုင်သို့ရောက်ရှိခဲ့ပြီး ခရီးစဉ်တွင်လိုက်ပါမည့် ကန့်ကော်တောင်မှ စက်ဘီးစီးဖော် ညီငယ်တစ်ဦးဖြစ်တဲ့ မျိုးဆက်နှင့် ရတနာမြိုင်တံတားပေါ်တွင်ဆုံစည်းရင်း ခရီးဆက်ခဲ့ကြရာ ကိုင်းခုံအကျော်တွင် မျိုးဆက်ရဲ့ စက်ဘီးစီးမျက်မှန်မှာ ပြုတ်ကျကျန်ခဲ့၍ နောက်ကြောင်း ပြန်လှည့်ရှာပေမယ့် မျက်မှန်ကိုရှာမတွေ့တော့ပါ။  ထို့ကြောင့် ဆက်လက်၍ ခရီးဆက်ခဲ့ရာ ကျိန္တလီမြို့ကို နံနက် ၆ နာရီတွင်ရောက်ရှိပြီး လဖ္ဘည့်ရည်ဆိုင်တစ်ဆိုင်မှာ နံနက်စာစားရင်း နာရီဝက်ခန့် ခတ္တအနားယူခဲ့ကြပါတယ်။

တောလမ်းအဝင်

တောလမ်းတစ်နေရာ

ချောင်းကွေ့တစ်နေရာ

ချောင်းကမ်းနံဘေး


ချောင်းဒုတိယအဖြတ်

ထို့နောက် ဆက်လက်၍ခရီးဆက်ခဲ့ရင်း ပုန်းညှက်အရောက်မှာ ဈေးဆိုင်တစ်ဆိုင်မှာဝင်ပြီး လမ်းမှာစားဖို့ အချိုရည်များ မုန့်များဝင်ဝယ်ကြပါတယ်။ ဖီးကြမ်းငှက်ပျောသီး ၂ ဖီးကို ဈေးချိုစွာဖြင့် ၁၅၀၀ကျပ် နှင့်ဝယ်ခဲ့ပြီး သုံးယောက်သား ကျောပိုးအိတ်ထဲမှာထည့်လို့ ခရီးဆက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ဖြေးဖြေးမှန်မှန်ခရီးဆက်ခဲ့ရင်း ကျောက်ခေါင်းကွင်းကိုရောက်တဲ့အခါမှာ အသိတစ်ယောက်အိမ်မှာ ခေတ္တခဏဝင်နားကြပါတယ်။ ကျောက်ခေါင်းကွင်းကမှတဆင့် လမ်းတစ်လျောက်ရှိ စေတီကွင်း၊ ရှောက်ကုန်း၊ ဘိုကလေးတို့ကိုဖြတ်ပြီး နံနက် (၉) နာရီမှာ ပုဇွန်ဖြေရွာကို ရောက်ရှိခဲ့ပါတယ်။ ကျိန္တလီက မိတ်ဆွေတစ်ဦး လမ်းညွှန်လိုက်တဲ့အတိုင်း ပုဇွန်ဖြေတံတားနားအရောက်မှာ နယ်ခံတချို့ကို တုံးတောကိုသွားတဲ့လမ်းကို မေးမြန်းကြည့်ရာမှာ ပုဇွန်ဖြေကတဆင့် တံတားဖြတ်ပြီး သာယာကုန်း၊ ကျေးပင်စတဲ့ ရွာများကိုဖြတ်ပြီး ပန်းတောကတဆင့် တုံးတောကိုသွားတဲ့လမ်းနှင့် တံတားမဖြတ်ပဲ ချောင်းကူးပြီး တုံးတောကိုတိုက်ရိုက်ရောက်တဲ့ လမ်းရယ်လို့ ၂ လမ်းရှိရာမှာ ဖြတ်လမ်းဖြစ်တဲ့ ချောင်းဖြတ်ကူးရတဲ့လမ်းကိုသာ ရွေးလို့သွားခဲ့ကြပါတယ်။ ဒီဖြတ်လမ်းက လမ်းအစမှာ ကျောက်ခင်းထားပြီး တောင်နှင့် ချောင်းနံဘေးတလျောက်ကနေကွေ့ဝိုက်ပြီးသွားရတဲ့ မြေသားလမ်းကျဉ်းလေးဖြစ်ပါတယ်။ ကုန်းတက်ကုန်းဆင်းအနည်းငယ်ရှိပြီး လမ်းဘေးတစ်ဖက်မှာ ချောင်းရှိတာကြောင့် တချို့နေရာတွေမှာ ချောင်းကမ်းပါးနံရံတွေက မတ်စောက်လို့ သတိထားရင်း စက်ဘီးစီးခဲ့ပါတယ်။ ချောင်းကူးရမည့် နေရာအနီး ရောက်တဲ့အခါမှာ စက်ဘီးဆက်စီးဖို့ အဆင်မပြေတော့လို့ ချောင်းနံဘေးတလျောက်ကနေ ရေတိမ်တဲ့အပိုင်းကို ရောက်ဖို့အတွက် ကျောက်တုံးကျောက်ခဲတွေပေါ်ကနေ တွန်းလို့သွားခဲ့ရပါတယ်။ ချောင်းဖြတ်ကူးကြရာမှာ ချောင်းရေကကြည်လင်နေပြီး ချောင်းအလယ်ကျွန်းကိုရောက်ဖို့ တစ်ဦးချင်းစီ စက်ဘီးထမ်းလို့ကူးဖြတ်ကြရပါတယ်။ ပထမအဖြတ်ကတော့ ရေသိပ်မစီးပဲ ရေကလည်း ချေချင်းဝက်လောက်သာရှိလို့ဖြတ်ကူးရတာ လွယ်ကူပေမယ် ရေအောက်က ရေညှိတက်နေတဲ့ ကျောက်ခဲအလုံးများကြောင့် ချော်မလဲဖို့သတိထားဖြတ်ခဲ့ရပါတယ်။ ရေလယ်ကျွန်းပေါ်ရောက်လို့ နောက်ထပ်တစ်ဖြတ် ချောင်းကူးရာမှာ ချောင်းရေက ခြေသလုံးလောက်ထိသာရှိပေမယ့် ရေစီးအနည်းငယ်သန်တာကြောင့် ပိုသတိထားလို့ ဖြတ်ကူးခဲ့ကြရပါတယ်။ ပထမဆုံး မြင့်သူဖြတ်ကူးပြီးနောက် ဒုတိယမြောက်ဖြတ်ကူးတဲ့ မျိုးဆက်ရဲ့ ဖိနပ်တစ်ဖက် ရေစီးနဲ့မျောပါသွားလို့ အရင်ရောက်နှင့်နေပြီဖြစ်တဲ့ မြင့်သူက ချောင်းနံဘေးကတဆင့် ချောင်းရဲ့ရေနက်ပိုင်းထဲကိုမရောက်မှီ အမြန်လိုက်ဆယ်ပေးရပါသေးတယ်။ ကျွန်တော်ကတော့ နောက်ဆုံးချောင်းကိုဖြတ်ကူးခဲ့ပြီး အားလုံးအောင်မြင်စွာ ချောင်းတစ်ဖက်ကမ်းကို ရောက်ရှိကြပြီး ခရီးဆက်ခဲ့ကြပါတယ်။ လမ်းမှာ ပဲခင်းတွေကို ဖြတ်ကျော်လာပြီးနောက် ကျောက်ခင်းလမ်းပေါ်ကို ရောက်တဲ့အခါ လမ်းပေါ်ကနယ်ခံတချို့ကိုတွေ့လို့ မေးမြန်းကြည့်တဲ့အခါမှာ တုံးတောရွာရောက်တဲ့ လမ်းကို လမ်းညွှန်ပေးလို့ ဆက်နင်းလာရာ တုံးတောရွာကိုရောက်ရှိခဲ့ပြီး ရွာအဆုံးမှာတော့ အရောင်လွင့်နေပြီဖြစ်သော မိုးပြာရောင်သွပ်ပြားဆိုင်းဘုတ်ပေါ်မှာ စိတ္တဓမ္မသုခကျောင်းတိုက်လို့ ရေးထိုးထားတဲ့ ပျူကျောက်စာရှိရာ ဘုန်းတော်ကြီးကျောင်းတိုက်ကို နံနက် 9:50 မိနစ်မှာ ရောက်ရှိခဲ့ကြပါတယ်။

ချောင််းနံဘေးမှစိုက်ခင်းများ

ပျူကျောက်စာရှိရာကျောင်းတိုက်အဝင်

ကျောင်းတိုက်နှင့် တောင်ကုန်းအောက်ခြေမှ စေတီငယ်


တောင်ကုန်းအနီးရှိချောင်းကလေး

ကျွန်တော်တို့အဖွဲ့ ကျောင်းတိုက်ပေါ်ကိုရောက်တဲ့အခါ ဦးပဇင်းတစ်ပါနှင့် အဖိုးအိုတစ်ဦးကိုတွေ့ရလို့ မိမိတို့ခရီးစဉ်အကြောင်းကို လျှောက်ထားပြီး ကျောင်းထိုင်ဆရာတော်ကြီးကို ဘုရားခန်းအနီးမှာ ဖူးတွေ့ရပါတယ်။ ကျောင်းထိုင်ဆရာတော်ကြီးရဲ့ ဘွဲ့အမည်မှာ အရှင်သီရိန္ဒဖြစ်ပြီး သက်တော် (၈၅) ဝါတော် (၁၅) ပန်းတောရွာဇာတိဖြစ်ကြောင်း သိခဲ့ရပါတယ်။ ကျွန်တော်တို့အဖွဲ့လည်း ပါလာတဲ့ငှက်ပျောသီးတစ်ဖီးနှင့် ဝတ္တုငွေကို ဆရာတော်ထံကပ်လှူပြီး ပျူကျောက်စာ သမိုင်းကြောင်းကို မေးမြန်းကြည့်ခဲ့ပါတယ်။ ဆရာတော်မိန့်ကြားတဲ့ ကျောက်စာတိုင် ရောက်ရှိလာပုံသမိုင်းကို ကပ္ပိယကြီးရဲ့ဖြည့်စွတ်ပြောကြားရာမှာ တုံးတောရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိပြီး ချင်းနှင့်ဗမာများ တစ်ဝက်ဆီနေထိုင်ကြတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ရှေးလူကြီးများရဲ့ လက်ဆင့်ကမ်းစကားအရ ကျောက်စာတိုင်ကြီးကို တုံးတောရွာ စပါးကြိတ်စက်အနီးရှိ ဝါးရုံပင်အုပ်ထဲမှာ စတင်တွေ့ရှိခဲ့ပြီး မြို့ဝန်မင်းဆီသယ်ပို့ကြရာမှာ အလွန်ပင်လေးလံတာကြောင့် မသယ်နိုင်ကြပဲ ချောင်းကမ်းနံဘေးဖြစ်တဲ့ ထူးကွေ့ကြီးဆိုတဲ့ အိုင်မကြီးမှာချထားပစ်ခဲ့ကြပါတယ်။ ချောင်းကမ်းနံဘေးမှာ ချထားခဲ့တဲ့ ပျူကျောက်စာတိုင်ပေါ်မှာ ဒေသခံချင်းလူမျိုး အဒေါ်ကြီးတစ်ဦး ရေချိုးဖို့သွားရင်း သင်တိုင်းဖွပ်ရာမှာ ဖျားနာခြင်းစသည့် ထူးခြားမှုတွေကို ကြုံတွေ့ခဲ့ရတာကြောင့် ရေဆိပ်မှာမထားရဲတော့ပဲ ကျွဲလမ်းချောက်ကြီးဆီကို ထပ်မံ၍ သယ်ပို့ထားကြပါတော့တယ်။ နောက်ပိုင်း ကျွဲလမ်းအနီးချောက်ကမ်းပါး ပဲ့ကျလာတဲ့အခါမှာ ကျောင်းတိုက်နားရှိ မန်ကျည်းပင်ကြီးအောက်ကို ထပ်မံရွှေ့ထားကြပါတယ်။ မန်ကျည်းပင်ကြီးအောက်မှတဆင့် လက်ရှိသိမ်ဆောက်ထားရာ တောင်ကုန်းလေးပေါ်မှာ စိုက်ထူထားတာဖြစ်ပါတယ်။ ယခင်က သုတေသနအဖွဲ့အချို့လာရောက်လေ့လာဖူးပေမယ့် ယနေ့တိုင်အထိ သေချာစွာ စစ်ဆေးအဖြေရှာမှုကတော့ မရှိသေးဘူးလို့သိရှိရပါတယ်။ ယနေ့ကျောက်စာတိုင်ထားရှိရာ သိမ်တည်ဆောက်ထားသည့် သိမ်ကုန်းသည်လည်း ယခင်ကရှေးဘုရားဆင်းတုတော်ပေါင်း စားပွဲ ၂လုံးစာခန့်တူးဖော်ရရှိခဲ့ဖူးပြီး ဆက်လက်ပြီး မတူးဝံ့တော့တာကြောင့် မြေပြန်ညှိပြီး သိမ်ဆောက်ခဲ့ကြောင်းနှင့် မသမာသူများလက်ချက်ကြောင့် ဘုရားဆင်းတုတော်များ ပျောက်ဆုံးကုန်ကြောင်းကိုလည်း ကိုလည်းဆရာတော်မှ ဆက်လက်ရှင်းပြပါတယ်။

ပျူကျောက်စာတိုင်စိုက်ထူထားရာတောင်ကုန်းအတက်

တောင်ကုန်းပေါ်မှရှုခင်းတချို့

ပျူအက္ခရာများရေးထိုးထားသောကျောက်စာတိုင်

ပျူအက္ခရာများ

ဆရာတော်ရှင်းပြပြီးသည့်နောက် ကျွန်တော်တို့လည်း ကျောက်စာကိုသွားရောက် လေ့လာခဲ့ကြပါတယ်။ ကျောက်စာတိုင် စိုက်ထူထားရာတောင်ကုန်းမှာ အနည်းငယ်မြင့်ပြီး တောင်ခြေမှာ စေတီငယ်တစ်ဆူ တည်ထားပါတယ်။ တောင်ကုန်းပေါ်ရောက်တဲ့အခါ သိမ်ကျောင်းနှင့် တရုတ်စကားပန်းပင်တစ်ပင်ရှိပြီး အပင်အနီးမှာ ပျူစာရေးထိုးထားတဲ့ကျောက်တိုင်ကို တွေ့ရှိရပါတယ်။ ပျူစာရေးထိုးထားရာကျောက်တုံး၏ မြေပြင်ပေါ်ရှိအမြင့်မှာ ၂ပေခွဲခန့်ရှိပါတယ်။ ကျောက်တုံးပေါ်မှာရေးထိုးထားတဲ့ တချို့သောပျူအက္ခရာများမှာ နှစ်ပေါင်းများစွာ ရာသီဥတုဒါဏ်ကြောင့် ခပ်ရေးရေးသာမြင်ရပြီး တချို့စာလုံးတွေကတော့ ထင်ထင်ရှားရှားကျန်ရှိပါသေးတယ်။ အဖွဲ့ထဲမှာလဲ ပျူစာဖတ်တတ်တဲ့သူမပါတာကြောင့် မှတ်တမ်းတင်ဓါတ်ပုံကိုသာ သေချာရိုက်ခဲ့ကြပါတယ်။ ကျန်ရှိနေသေးတဲ့စာလုံးများ မပျောက်ပျက်သွားစေရန် ယခုထက်ပိုပြီး ထိန်းသိမ်းထားဖို့ လိုအပ်မယ်လို့ယူဆမိပါတယ်။ တောင်ကုန်းပေါ်ကနေ လှမ်းကြည့်လိုက်ရင် ရွာဘေးမှာစီးဆင်းနေတဲ့ချောင်းနှင့် တောင်ယာစိုက်ခင်းများကို စိမ်းစိုစွာမြင်တွေ့ရပြီး ရိုးမနောက်ခံ တောတောင်ရှုခင်းများနှင့် သာယာလှပါတယ်။ တောင်ကုန်းပေါ်မှာ ပျူကျောက်စာကို နာရီဝက်ခန့် လေ့လာကြပြီးနောက် ကျောင်းတိုက်ကိုပြန်လာခဲ့ပြီး ကျောင်းအောက်က ကွပ်ပျစ်မှာ ထိုင်နားကြပါတယ်။ ခဏနေတော့ ကျောင်းပေါ်ကနေ ကပ္ပီယအဘကြီးက ခေါ်လို့ ကျောင်းတိုက်ပေါ်တက်ကြတဲ့အခါ ဆရာတော်ဆွမ်းစားပြီးလို့ ကျွန်တော်တို့အဖွဲ့ နေ့လည်စာစားဖို့လှမ်းခေါ်တယ်ဆိုတာ သိလိုက်ရပါတယ်။ ဒီတော့ကျွန်တော်တို့အဖွဲ့လည်း ကပ္ပီယဘကြီးနှင့်အတူ နေ့လည်စာစားကြပါတယ်။ ကပ္ပီယဘကြီးနာမည်က ဦးညီရှေလို့သိရပြီး အသက် ၈၇နှစ်ရှိနေပြီဖြစ်ပြီး ဇာတိကတော့ တုံးတောရွာကပါ။ နေ့လည်စာ စားပြီးတဲ့အခါ ထမင်းဝိုင်းသိမ်းဆည်းလို့ အိုးခွက်ပန်းကန်များ ဆေးကြောပြီးတဲ့အခါ ကျောင်းတိုက်အောက်က ကွပ်ပျစ်ပေါ်မှာ စကားပြောဆိုကြရင်း ရိုက်ထားတဲ့ဓါတ်ပုံတချို့ကို လိုင်းပေါ်တင်ပါတယ်။ ဖုန်ကလည်း အလာတုန်းက Tracker application တစ်ခုဖြစ်တဲ့ Strava ကိုဖွင့်လာတာကြောင့် Battery အားသိပ်မကျန်တော့လို့ ကျောင်းတိုက်ပေါ်မှာ Solar နဲ့အားပြန်သွင်းရပါသေးတယ်။ ဖုန်းအားသွင်းထားပြီးနောက် ကျောင်းတိုက်အောက်က ကွပ်ပျစ်ပေါ်မှာ ခဏလှဲနေရင်း ၁ နာရီနီးပါးလောက် အိပ်ပျော်သွားပါတယ်။ မြင့်သူလာနှိုးတော့ နေ့လည် 12:50 ရှိပါပြီ။ အပြန်ခရီးအတွက်ပြန်လည်သိမ်းဆည်းပြီး ကပ္ပီယအဘညီရှေနှင့် ဦးပဇင်းတို့ကို နှုတ်ဆက်ပြီး နေ့လည် 1:00 မှာ တုံးတောရွာကနေ ပြန်လည်ထွက်ခွာခဲ့ကြပါတယ်။ ဆရာတော်ကတော့ ကျောင်းတိုက်ပေါ်မှာ ကျိန်းနေလို့ နှုတ်မဆက်ခဲ့ဖြစ်ခဲ့ပါဘူး။

အမှတ်တရ Group Photo

ရိုးမနောက်ခံစီးဆင်းနေသောချောင်း

အပြန်ချောင်းအဖြတ်

အပြန်ခရီးမှာတော့ လမ်းကြောင်းသိပြီးဖြစ်လို့ အလာတုန်းကထက် ပိုမိုခရီးတွင်ပါတယ်။ ချောင်းဖြတ်ကူးရာမှာလည်း အထာသိသွားလို့ အလာတုန်းကထက်ပိုပြီး လွယ်ကူခဲ့ပါတယ်။ အပြန်လမ်းမှာ မြင့်သူရဲ့အသိရှိရာ ကျောက်ခေါင်းကွင်းမှာခဏဝင်နားပြီး မိမိတို့ရဲ့ရေဘူးထဲ ရေဖြည့်ပြီး ဆက်ထွက်ခဲ့ပါတယ်။ ကျိန္တလီမြို့ကိုရောက်တဲ့အခါမှာ အလာတုန်းကထိုင်ခဲ့တဲ့ လဖ္ဘည့်ရည်ဆိုင်မှာပဲ အသီးဖျော်ရည်ရလို့ ထောပါတ်သီးဖျော်ရည်သောက်ရင်း ခတ္တခဏ နားခဲ့ကြပါတယ်။ ကျိန္တလီမြို့ကနေ ရတနာမြိုင်ရောက်တဲ့အထိဆက်နင်းလာပြီး ရတနာမြိုင်တံတားမှာ မျိုးဆက်နှင့် အပြန်လမ်းခွဲပြီး ကျန်တဲ့ ၂ဦးသား ဆက်နင်းလာရင်း အိမ်ရောက်ခါနီး ဆိုင်တစ်ဆိုင်မှာ ဘီယာလေး တစ်ယောက် ၁ ဘူးစီ အမောပြေဝင်သောက်ကြလို့ ညနေ 6:00 မှာအိမ်ပြန်ရောက်ပါတော့တယ်။ ယခုသွားရောက်ခဲ့တဲ့ ပျူကျောက်စာလေ့လာရေး ခရီးစဉ်သည် အသွားအပြန် 93 km ရှိပြီး မိုင်အားဖြင့် 57 Mile သာကွာဝေးလို့ စက်ဘီးခရီးစဉ်ဖြင့် Day Touring အဖြစ် နေ့ချင်းပြန်သွားရောက်လို့ အဆင်ပြေတဲ့နေရာတစ်ခုဖြစ်ပြီး သဘာဝတောတောင်အလှနှင့် လမ်းခရီးအတွေ့အကြုံသစ်တွေကို ရရှိခဲ့သလို ရခိုင်ပြည်နယ်မှာ အခြေချခဲ့တဲ့ ရှေးဟောင်း ပျူလူမျိုးတို့ရဲ့ သမိုင်းအမွေအနှစ်ရှိရာနေရာဖြစ်လို့ သွားရောက်ခဲ့ရတာ အကျိုးရှိတဲ့ ခရီးစဉ်ဖြစ်ခဲ့ပါကြောင်း ရေးသားဖေါ်ပြလိုက်ရပါတယ်။

Linn Maung Maung

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.

Get travel news by email